
အခြေခံဥပဒေပြင်ဆင်ရေး အချိန်ဇယားနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယကက စတင်ပြောဆိုလိုက်ပြီး ကျန်ကြီးသုံးကြီး၏ တုံ့ပြန်မှုက ၂၀၁၅ အလွန် နေပြည်တော်အုပ်စိုးသူနေရာအတွက် မရေရာမှုပိုများစေခဲ့သည်။
ထူးခြားသည်က ရွေးကောက်ပွဲအလွန်မှ အကောင်အထည်ပေါ်မည်ဆိုသည့် ဦးရွှေမန်းပြောသော ခြေဥပြင်ဆင်ရေးအချိန်ဇယားကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်ခြင်းနှင့် ခြေဥကိုပြင်ဆင်ရန် သူတို့တွင် တာဝန်မရှိဟု ချက်ချင်းပင် ပြန်လည်တုံ့ပြန်ခဲ့သည့် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်၏ သဘာထားများဖြစ်သည်။
ထို့အပြင် လွှတ်တော်အတွင်းမှ ကိုယ်စားလှယ်များကလည်း ဦးရွှေမန်း၏ အချိန်ဇယားကို တုံ့ပြန်မှုတစ်စုံတစ်ရာမရှိဘဲ လက်ခံခဲ့ခြင်းက နေပြည်တော်နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေသူများအတွက် ပိုမိုရှုပ်ထွေးစရာဖြစ်ခဲ့သည်။
သူရဦးရွှေမန်းက ၂၀၁၅ရွေးကောက်ပွဲအလွန် ပထမဆုံးလွှတ်တော်၏ ပထမဆုံးရက်တွင် ပြင်ဆင်မည့် အခြေခံဥပဒေအသက်ဝင်မည်ဟု ပြောကြားခဲ့ပြီး လူထုဆန္ဒခံယူပွဲကို ရွေးကောက်ပွဲမတိုင်မီ မေလ၌ ပြုလုပ်မည်ဟုဆိုသည်။
အခြေခံပြင်ဆင်ရေး ဖိအားပေးနေသည့် ဒီမိုကရေစီအင်အားစုများအတွက် အချိန်အကျပ်အတည်းကြား ရောက်နေသည့် ဦးရွှေမန်းချပြသည့် အချိန်ကြားက မည်မျှအာမခံချက်ရှိနိုင်မည်လဲ မသိနိုင်ပေ။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်းသဘောတူရခြင်းအကြောင်းကို သေချာရှင်းမပြသေး။
‘‘ကျွန်တော်ထင်တာကတော့ ဆန္ဒခံယူပွဲလုပ်ပြီး အခြေခံဥပဒေသစ်မူကြမ်းရေးထားမယ်။ နောက်လွှတ်တော်က အစိုးရမဖွဲ့ခင်မှာ ဒါကို အတည်ပြုနိုင်ရင် ဒေါ်စုသမ္မတဖြစ်နိုင်မယ်’’ဟု ပြည်ခိုင်ဖြိုးပါတီအမတ်တစ်ဦးက သုံးသပ်ပြောဆိုသည်။
သို့သော် လူထုဆန္ဒခံယူပွဲပြုလုပ်ရမည့် ပုဒ်မများကို အမှန်တကယ် ပြင်ဆင်နိုင်ရန်မူ တပ်မတော်က ထောက်ခံလိမ့်မည်မဟုတ်ဟု လွှတ်တော်တွင်းရှိ ရွေးကောက်ခံကိုယ်စားလှယ်များက ယူဆကြသည်။
ပအိုဝ်းအမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းက ယခုဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်သားများ၏ ဆွေးနွေးချက်များကို ကြည့်ပါက မည်သည့်အချက်ကိုမှ တပ်မတော်က မပြင်လိုသည်မှာ ထင်ရှားသည်ဟု ပြောကြားခဲ့သည်။
ယခုရက်ပိုင်းအတွင်း VOA သတင်းဌာနသို့ ကာကွယ်ရေးဦးစီးချုပ် ပြောကြားချက်များကလည်း တပ်မတော်၏ သဘောထားကို ရှင်းရှင်းပင်တွေ့မြင်ရသည်။ ၄၃၆ နှင့် ၅၉(စ)ကို မပြင်လိုကြောင်း အခိုင်အမာပြောဆိုသည်။
သမ္မတဦးသိန်းစိန်ကလည်း အခြေခံပြင်ဆင်ရေးသည် လွှတ်တော်တွင် တာဝန်ရှိသည်ဟုဆိုခဲ့ပြီး ‘‘ပြင်ဆင်ရေး၊ မပြင်ဆင်ရေးက တိုက်ရိုက်သမ္မတတို့၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တိုက်ရိုက် ကျွန်တော်တို့က ပတ်သက်မှုမရှိပါဘူး’’ ဟု ပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့်မူ အခြေခံဥပဒေပြင်ဆင်ရေးကို အခန်း (၁၂)ပါ ပုဒ်မ ၄၃၆ အတိုင်းသာ ကျင့်သုံးမည်ဟုဆိုသည့်အတွက် ၇၅ ရာခိုင်နှုန်းကျော် ဆန္ဒမဲဖြစ်ရန် မဖြစ်မနေလိုသည့် တပ်မတော်သားများက ထောက်ခံရန်အတွက်မူ မဆုံးဖြတ်ရသေးကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတစ်ဦးက 7Day News အား ပြောသည်။
ယခုရက်ပိုင်းအတွင်း ကျင်းပသည့် လွှတ်တော်တွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးရာတွင် တပ်မတော်က အဓိကကျသော ပုဒ်မအားလုံးကို မူလအတိုင်းသာထားရှိရန် ဆွေးနွေးထားသည်။
သူရဦးရွှေမန်း ပြောကြားထားသည့် အချိန်ဇယားအတိုင်းသာဆိုလျှင် အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မတစ်ခုချင်းစီကို မဲခွဲဆုံးဖြတ်မှုသည် လာမည့်(၁၂)ကြိမ်မြောက် လွှတ်တော်တွင်(၂၀၁၅ နှစ်ဆန်းဖြစ်ဖွယ်ရှိ)ပြုလုပ်မည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရန် လိုအပ်မည့်ပုဒ်မ ၅၉(စ)အပါအ၀င် ပုဒ်မများကို ပြင်ဆင်နိုင်မည် ဟုတ်၊ မဟုတ် စောင့်ကြည့်ရမည်သာဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သူရဦးအောင်ကိုက ပြောသည်။
ပြင်ဆင်ရန်အချက်များပါက အချိန်ယူရမည်ဖြစ်သည့်အတွက် အရေးကြီးသည့်အချက်၊ လွယ်ကူမည့်အချက်များကို ရွေး၍ပြင်ခြင်းက ပိုအဆင်ပြေမည်ဟု ယူဆကြောင်း ပြည်ခိုင်ဖြိုးပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဇော်မြင့်ဖေကပြောသည်။
ပြန်စမည့်လွှတ်တော်အစည်းအဝေးမှစ၍ အခြေခံဥပဒေ ပြင်ဆင်ချက်ဥပဒေကြမ်းကို ရေးဆွဲသည့်အချိန်နှင့် ၂၀၁၅ မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပြီးသည့်အချိန်သည် အချိန်ငါးလခန့်မျှသာ ရှိသကဲ့သို့ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲပြုလုပ်မည့်အချိန်သည်လည်း ငါးလခန့်သာကွာသည့်အတွက် အချိန်ကျပ်ဖြစ်နေသည်။ ‘‘နောက်လွှတ်တော်မှ မစနိုင်ရင် အခြေခံဥပဒေက အသက်မ၀င်ဘူးဆိုရင် မဖြစ်ဘူးလေ။ အဲဒါကြောင့်မို့ အချိန်ကတော့လုရမယ်။ အချိန်မလုဘူးဆိုရင် ဒုတိယသက်တမ်းတစ်ဝက်လောက်ဖြစ်ဖြစ် တစ်နှစ်လောက်ဖြစ်ဖြစ် ကူးကုန်မယ်’’ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည့် ဦးဇော်မြင့်ဖေကပြောသည်။
အကယ်၍ အချိန်ဇယားအလုပ်မဖြစ်ခဲ့ပါလျှင် အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုနေသည့် ပြည်သူများ၏ဆန္ဒနှင့် ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးမျှော်လင့်ချက်မှာ ရေစုန်မျောရဖွယ်ရှိနေသည်။
၂၀၁၅ အလွန်တွင် မည်သူသမ္မတဖြစ်နိုင်မည်လဲဆိုသည်မှာ အခြေခံဥပဒေကို မည်သည့်အတိုင်းအတာထိ ပြင်ဆင်ရန် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်က လိုက်လျောမည်နည်းဆိုသည့် အချက်နှင့်သာ သက်ဆိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများက ပြောသည်။
လက်ရှိအခြေအနေတွင်မူ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်ရန် ဟန့်တားထားသည့် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် တပ်မတော်က ကန့်ကွက်ထားပြီး အဓိကပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီက အခြေအနေအချိန်အခါအရ စဉ်းစားဆောင်ရွက်သင့်သည့်ပုဒ်မဖြစ်သည်ဟု တင်ပြထားသည်။
ဦးရွှေမန်းကလည်း ပါတီဝင်များသည် ပါတီ၏မူဝါဒကို လိုက်နာရမည်သာဖြစ်ပြီး ၅၉(စ)ကို ပြင်ဆင်မည်၊ မပြင်ဆင်မည်ကိုမူ တိကျစွာပြောကြားခြင်းမရှိခဲ့ပေ။
‘‘ဥက္ကဋ္ဌပြောတဲ့အတိုင်းဆိုရင် ကျွန်တော်တို့က လာမယ့် ၁၂ ကြိမ်မြောက်မှာ မဲခွဲမယ့်ရလဒ်ကို စောင့်ကြည့်ရမှာပါပဲ။ တပ်က ဘယ်လိုမဲပေးမလဲ။ ပြည်ခိုင်ဖြိုးက ဘယ်လိုမဲပေးမလဲဆိုတာတွေကပဲ အဓိကကျမှာပါပဲ’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။
‘‘ပြင်ဆင်သင့်တဲ့အချက်တွေ လက်တွေ့လုပ်ငန်းလုပ်ကိုင်ရာမှာ တွေ့ကြုံလာတဲ့အခက်အခဲတွေ၊ ခေတ်စနစ်ရဲ့ လိုအပ်ချက်တွေအရ ပြင်သင့်တယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ရင်ထဲမှာရှိနေပါပြီ။ ဒီနေရာမှာ ပြင်သင့်တာကို ရဲရဲဝံ့ဝံ့ပြင်ဖို့၊ မပြင်သင့်သေးတာကို မပြင်မိစေဖို့ အထူးဂရုပြုရမယ့်ကာလဖြစ်ပါတယ်’’ဟု ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းကပြောကြားသည်။
‘‘သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ဟာ ကာလုံအစည်းအဝေးတွေမှာ ပုံမှန်တွေ့ဆုံဆွေးနွေးနေသူတွေဆိုတော့ မစိမ်းတဲ့သူတွေပါ။ အဲဒါကြောင့် သမ္မတ၊ နာယကနဲ့ ကာချုပ်တို့ ပူးပေါင်းလို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြည်သူ့ဆန္ဒနှင့်အညီ ဖော်ဆောင်နိုင်မယ့်နည်းလမ်းတွေကို စဉ်းစားဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်’’ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။
၂၀၁၅ အလွန် နေပြည်တော်အစိုးရအဖွဲ့ အကြီးအမှူး သမ္မတနေရာတွင် လက်ရှိသမ္မတ၊ လွှတ်တော်နာယက၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ အားပြိုင်မှုအပြင် ၂၅ ရာခိုင်နှုန်းသောနေရာကို ခိုင်မာစွာဆုပ်ကိုင်ထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ပါဝင်မှုကိုပါ ထည့်တွက်ရမည်ဖြစ်သည်။
တည်ဆဲဥပဒေအရ တပ်မတော်သားအစုအဖွဲ့မှ ဒုသမ္မတတစ်ဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဒုသမ္မတတစ်ဦးစီ ရွေးကောက်တင်မြှောက်မည်ဆိုသော်လည်း ရွေးကောက်ပွဲတွင် မည်သည့်ပါတီက ကိုယ်စားလှယ်အများစု အနိုင်ရမည်ဆိုသည့်အပေါ် ဒုသမ္မတရွေးချယ်မှုက မူတည်နေခြင်းလည်းဖြစ်သည်။
သမ္မတဖြစ်နိုင်ရန် ခက်ခဲနေသည့် ဒေါ်အောင်ဆန်းစုကြည်ကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်များက ရွေးချယ်မည့် ဒုသမ္မတလောင်း မည်သူဖြစ်မည်ဆိုသည့် ဒုတိယလိုင်းကိုမူ ချမပြနိုင်သေးကြောင်း ပြောကြားခဲ့သည်။
Credit - 7DAY DAILY
No comments:
Post a Comment