Sunday, November 23, 2014

တရားရုံးများအနေဖြင့် တိုင်ကြားမှုများရှိပါက လက်ခံရမည်ဖြစ်ကြောင်း မီဒီယာများအား တရားစွဲဆိုမှုနှင့် ပတ်သက်၍ ဖြေကြားရာတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ထည့်သွင်းပြောကြား


တရားရုံးများအနေဖြင့် တိုင်ကြားမှုများရှိပါက လက်ခံရမည်ဖြစ်ကြောင်း မီဒီယာများအား တရားစွဲဆိုမှုနှင့် ပတ်သက်၍ ဖြေကြားရာတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်က မန္တလေးမြို့၌ မီဒီယာသမားများနှင့် တွေ့ဆုံစဉ် မွန်းတည့်နေဂျာနယ်မှ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးရဲထွဋ်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယူနတီဂျာနယ်နှင့် မွန်းတည့်နေဂျာနယ်တို့မှ သတင်းသမားများအား တရားစွဲဆိုခဲ့စဉ်က ၂ဝ၁၄ ခုနှစ် မတ်လက သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော သတင်းမီဒီယာဥပဒေသည်

အကာအကွယ်မပြုနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ ဝန်ကြီးအနေဖြင့် ပြောကြားလိုသည်ရှိပါက သိရှိလိုပါကြောင်း မွန်းတည့်နေဂျာနယ်မှ သတင်းထောက်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က “မီဒီယာဥပဒေဆိုတာကတော့ သတင်းနဲ့ပတ်သက်တဲ့ ဥပဒေပေါ့။ သို့သော် ဘယ်ကိစ္စကို သတင်းမီဒီယာဥပဒေနဲ့ယူမလဲ။ ဘယ်ကိစ္စကို အသရေဖျက်မှုနဲ့ယူမလဲ။ ဘယ်ကိစ္စကို ရာဇသတ်ကြီးပုဒ်မနဲ့ယူမလဲ။ ဒါမှမဟုတ်ရင် လျှို့ဝှက်ချက်ဥပဒေလိုမျိုး အထူးဥပဒေနဲ့ယူမလဲဆိုတာ ကတော့။ (၁)ကတော့ ဖြစ်တဲ့ဖြစ်စဉ်ရဲ့ လေးနက်မှုအပေါ် မူတည်တယ်ပေါ့။ (၂)ကတော့ အဲကိစ္စကို တရားစွဲမယ်ဆိုတဲ့ တရားလိုပေါ့ပဲ ပြောရမှာပေါ့ဗျာ။ ဖြစ်တဲ့ဌာနရဲ့ ဆုံးဖြတ်မှုအပေါ်ပဲ မူတည်တာပေါ့။
ဘာလို့လဲဆိုတော့ လူတိုင်းက တရားဥပဒေရဲ့ အကာအကွယ်ယူတဲ့အခါမှာ သူ့ရဲ့ဆုံးဖြတ်ခွင့်ပဲ။ တစ်ဖက်က စွပ်စွဲခံရသူရဲ့ ချေပခွင့်ကတော့။ (၁)ကတော့ တရားရုံးမှာ ဒီပုဒ်မနဲ့ မသင့်တော်ပါဘူး၊ တခြားပုဒ်မနဲ့ စွဲပါဆိုပြီး လျှောက်ထားလို့ရတယ်လေ။
ဒါတော့အခွင့်အရေးပေါ့။ သို့သော် ဒါကိုဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ့”ဟု ထည့်သွင်းဖြေကြားသည်။

ထို့အပြင် စာနယ်ဇင်းသမားများအနေဖြင့် တရားရုံးတွင် အမှုဖြစ်ပွားပါက တရားရုံးသို့ ဆန္ဒထုတ်ဖော်ကြကြောင်း၊ ထိုသို့တရားရုံးအား ဆန္ဒထုတ်ဖော်ခြင်းသည် ထူးခြားမည်မဟုတ်ကြောင်း၊ တရားစီရင်ရေးကိုပင် ဖိအားပေးရာရောက်ကြောင်းလည်း ဦးရဲထွဋ်က ထည့်သွင်းပြောကြားသည်။

“အခုဟာက တရားရုံးမှာ တစ်ခုခုဖြစ်လို့ စာနယ်ဇင်းသမားတွေနဲ့ ပတ်သက်တဲ့အမှုတစ်ခုရောက်သွားတဲ့အခါ စာနယ်ဇင်းအဖွဲ့အများစုဟာ ဆန္ဒထုတ်ဖော်ကြတယ်။ ဘယ်သူ့ကို ဆန္ဒထုတ်ဖော်တာလဲ။ တရားရုံးကိုသွားထုတ်ဖော်တာ။ တကယ်တမ်းတော့ တရားရုံးက လာတိုင်ရင် လက်ခံရမှာပဲ။ ဟုတ်တယ် မဟုတ်လား။ တရားရုံးကိုသွားပြလို့ ဘာမှမထူးဘူး”ဟု ဦးရဲထွဋ်က ထည့်သွင်းပြောကြားသည်။

သတင်းမီဒီယာများအနေဖြင့်လည်း သက်ဆိုင်သည့်ဥပဒေများကို နားလည်ရန်လိုအပ်ကြောင်း၊ အမှုတစ်ခုဖြစ်ပွားပါက စာနယ်ဇင်းကောင်စီ၏ ဖြေရှင်းမှုသည် အရေးပါကြောင်း၊ ထိုသို့ဖြေရှင်းပေးရာတွင်လည်း နှစ်ဖက်သဘောတူရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ၌လည်း ထိုသို့ဖြေရှင်းနေကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၌ စာနယ်ဇင်းကောင်စီသည် ထိုသို့လုပ်ဆောင်ရန် ခက်ခဲနေကြောင်းလည်း ဦးရဲထွဋ်က ထည့်သွင်းပြောကြားသည်။

ထို့ပြင် သတင်းထောက်များအား ဖမ်းဆီးတရားစွဲဆိုနေမှုနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းမှုနှင့်ပတ်သက်၍လည်း “ ဒီကနေ့ ဆရာပြန်ကြည့်လိုက်မယ်ဆိုရင် ကျင့်ဝတ်အရဆိုရင် အမှုရင်ဆိုင်နေရတာ နှစ်ခုပဲရှိတာပေါ့နော်။ Eleven နဲ့ မြန်မာသံတော်ဆင့်ပေါ့နော်။ ကျန်တဲ့ဟာတွေကတော့ လုံခြုံရေးကိစ္စနဲ့ အများပြည်သူတည်ငြိမ်အေးချမ်းရေး၊ သို့သော် ကျွန်တော်တို့ ဒီတစ်လျှောက်လုံးမှာ ကျွန်တော်တို့ ဒီသုံးနှစ်တာကာလအတွင်းမှာဖြစ်ခဲ့တာ လေးခုပဲ ရှိပါတယ်” ဟု ဦးရဲထွဋ်က ၎င်း၏ဖြေကြားမှု၌ ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ “ကျွန်တော်တို့ တရားစွဲခံရတဲ့အမှုက ကျင့်ဝတ်ကိစ္စနဲ့ လုံးဝမဆိုင်ဘူး။ လာဘ်ပေးလာဘ်ယူဆိုင်ရာ ပြဿ နာပါ။ ကျင့်ဝတ်ကိစ္စမဟုတ်ဘူး။ သူတို့ စွဲထားတာပုံနှိပ်စက်ကိစ္စနဲ့ ကျွန်တော်တို့အဓိကရေးတာ လာဘ်ပေးလာဘ်ယူပြဿနာကိုပါ။ တကယ်မှန်တယ်ဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီ တိုင်ထားတဲ့စာကို အစိုးရက အရေးယူပေါ့ဗျာ။ On ground အချက်အလက်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးပေါ့။ ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းစစ်ဆေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ထားတယ်။ မစစ်ဘူး။ စစ်တယ်လို့လည်း မကြားရသေးဘူး။ အခုဖြစ်တဲ့အမှုက ပြန်ကြားရေးနဲ့ဖြစ်တဲ့ Personal ပြဿနာမဟုတ်ဘူး။ ကျင့်ဝတ်ပြဿနာလည်း မဟုတ်ဘူး။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ ပြဿနာပါ။ ဦးရဲထွဋ် ပြောတာ မှားနေပြီ ” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။

“ကျွန်တော်တို့က မေးစရာရှိတယ်။ ကျင့်ဝတ်ဆိုတာ ဘယ်လိုဟာမျိုးကို ပြောချင်တာလဲ။ စာနယ်ဇင်းကျင့်ဝတ်အရ ကျွန်တော်တို့ကို တရားစွဲတယ်၊ အားနည်းချက်ရှိတယ်၊ ကျင့်ဝတ်ချိုးဖောက်တယ်ဆိုပြီး တရားစွဲတယ်ဆိုရင် အစိုးရရဲ့ ကျင့်ဝတ်ကရောလို့ မေးခွန်းထုတ်စရာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကြည့်လိုက်ပါ။ အုပ်ချုပ်ရေးပိုင်းပဲကြည့်ကြည့်၊ စစ်တပ်ပိုင်းပဲ ကြည့်ကြည့် ဘယ်လောက်ထိများ သူတို့ပွင့်လင်းမှုရှိသလဲ။ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေကို ကျင့်ဝတ်ဆိုပြီးလုပ်နေရင် သူတို့ကရော ကျင့်ဝတ်အတိုင်းဖြစ်ရဲ့လားလို့ မေးခွန်းထုတ်ချင်တယ်။ သူတို့ဘက်ကသာ ကျင့်ဝတ်အနေနဲ့ တာဝန်ကျေတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြောစရာလည်းမရှိဘူး။ ရေးစရာလည်း မရှိဘူး”ဟု မြန်မာ့သံတော်ဆင့်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းက ပြောကြားသည်။

Credit - Eleven Media Group

No comments:

Post a Comment