မြန်မာစီးပွားရေး ကော်ပိုရေးရှင်း M.E.C နှင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဦးမြငါးစင် ကျေးရွာဒေသခံများကြား ဖြစ်ပွားနေသော လမ်းပိတ်ဆို့မှု ပြဿနာကို ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းမည် ဖြစ်ကြောင်း အလုံမြို့နယ် လွတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
အလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အနေနှင့် မိမိ မဲဆန္ဒနယ်မြေ အတွင်းတွင် ဖြစ်ပွားနေသည့် ပြဿနာကြောင့် နေပြည်တော်တွင် (၁၁) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်နေရာမှ နိုဝင်ဘာလ ၂၂ ရက်တွင် လာရောက်ကာ ဒေသခံများနှင့် တွေ့ဆုံခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်မတက်ရောက်မီ သက်ဆိုင်ရာမြို့နယ်၊ တိုင်းဒေသကြီး အဆင့်တွင် အဆိုပါလမ်းကို ယာယီဖွင့်လှစ်ပေးရန် ဆောင်ရွက်မည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် တက်ရောက်ချိန်တွင် အဆိုပါကိစ္စကို အဆိုတင်သွင်းရန် စီစဉ်မည် ဖြစ်ကြောင်း လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကကို တိုက်ရိုက်တွေ့ဆုံခွင့် တောင်းကာ စာတင်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဦးမြငါးစင် ကူးတို့ဆိပ်မှ မြို့အတွင်းသို့ လာရာ လမ်းပိတ်ဆိုမှု ဖြစ်နေသော ဒေသခံများသည် ကြည့်မြင်တိုင် မြို့နယ်မှ ဖြစ်သော်လည်း အလုံမြို့နယ်အတွင်း မှီခိုကာ သွားလာနေရသောကြောင့် ယခုကဲ့သို့ အလုံလွတ်တော် အမတ်မှ လာရောက် ဆွေးနွေးပေးရသဖြင့် လွန်စွာအားတက်ရကြောင်း ဦးမြငါးစင် ဒေသခံတစ်ဦးက ဆိုသည်။
ဦးမြငါးစင် ဒေသခံများနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့ကြား ဖြစ်ပွားနေသော ပြဿနာတွင် ပြည်ထောင်စုအစိုးရနှင့် ပတ်သက်သော မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့၊ M.E.C ကုမ္ပဏီတို့ ပါဝင်ပတ်သက်နေပြီး မည်သည့်အဖွဲ့အစည်း ပါဝင်သည်ဖြစ်စေ နိုင်ငံတော်မှ ပြည်သူများ၏ အခက်အခဲကို ဖြေရှင်းရန် တာဝန်ရှိကြောင်း ၎င်းကဆိုသည်။
“ဘယ်လိုလူတွေပဲပါပါ။ ဒါဟာ နိုင်ငံတော်ရဲ့ မြေကြီးပဲ။ နိုင်ငံတော်ရဲ့ စီမံခန့်ခွဲခွင့် အောက်မှာပဲ ရှိတယ်။ နိုင်ငံတော်က ဘာလုပ်ပေးမလဲ သိချင်တယ်” ဟု အလုံမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုသည်။
မြန်မာနိုင်ငံအတွင်း ရှိနေသော အဖွဲ့အစည်း အားလုံးသည် မြန်မာပြည်သူ ပြည်သားများ အပေါ်တွင် အခြေခံကြောင်း၊ မြေကြီး အပါအဝင် မြန်မာပြည် အတွင်းရှိ အခြားသယံဇာတများကို သုံးစွဲဆောင်ရွက်နေမှုများသည
အလုံမြို့နယ်အတွင်း မြန်မာစီးပွားရေး ကော်ပိုရေးရှင်းက တည်ဆောက်နေသော နိုင်ငံတကာ ဆိပ်ကမ်းစီမံကိန်းနှင့် ကပ်လျက် တည်ရှိနေသည့် ကြည့်မြင်တိုင် ဒေသခံများ အလုံမြို့နယ်မှ တစ်ဆင့် မြို့တွင်းသို့ တက်ရောက်ရန် အသုံးပြုသည့် ဦးမြ-ငါးစင် ကူးတို့ဆိပ်ကို နိုဝင်ဘာ ၁၇ ရက်က M.E.C က သံဆန်ခါများ ကာရံပိတ်ဆို့ခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့၊ ညပိုင်းတွင် သွပ်ပြားများဖြင့် ထပ်မံကာရံခဲ့သဖြင့် M.E.C စီမံကိန်း ဝင်ပေါက်ဝတွင် ထိုင်ကာ လမ်းကို ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများ တောင်းဆိုသည်မှာ ခြောက်ရက်တိုင်ပြီ ဖြစ်သည်။
ဦးမြငါးစင် ဒေသခံများ ဆန္ဒပြသည့် ဒုတိယမြောက်နေ့ ဖြစ်သော နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ကာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ကျောင်းသားများ၊ ကြည့်မြင်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ လာရောက်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများကို ဗ.က.သ အထိမ်းအမှတ် ခွပ်ဒေါင်းလက်ပတ်များ ဆင်မြန်းပေးခဲ့ပြီး ဗ.က.သ သီချင်းကို တိုင်ကြားပေးခဲ့ရာ ကလေးငယ်များက သံပြိုင်သီဆိုခဲ့ပြီး ကလေးငယ်များ နေရောင်ဒဏ် ခံနိုင်ရန် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ဝါးခမောက်များကို ပေးခဲ့သည်။
ထိုကဲ့သို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အဆိုပါ ဆန္ဒပြမှုတွင် ပါဝင် လာခဲ့သောကြောင့် ၎င်းတို့ကျောင်းသွားရာ လမ်းကို ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုနေကြသော ကလေးငယ်များကို နိုင်ငံရေးအရ အမြတ်ထုတ်မှုများ ရှိနေသည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများက ဝေဖန်ပြောဆိုကြသည်။
Credit - The Voice Weekly

No comments:
Post a Comment