Sunday, October 19, 2014

သည်မိုး သည်လေ (ဆောင်းပါး - သန်းစိုးနိုင်)

အခုဆိုရင် ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်း ၄ နှစ်နီးပါးရှိနေပြီလို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ သမ္မတ သက်တမ်းကုန်ဆုံးဖို့ ၁ နှစ်သာသာလောက်ပဲ လိုတော့တဲ့အချိန်မှာ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းအ ကောင်အထည်ဖော်ဆောင်ရွက် မှုတွေ အောင်မြင်သလား၊ မအောင်မြင်ဘူလားဆိုတာ တစ်စုံတစ်ရာ အကဲဖြတ်ဖို့ သင့်လျော်ပြီ လို့ ဆိုနိုင်ပါပြီ။ ဦးသိန်းစိန်ရဲ့ သမ္မတရာထူးလက်ခံစဉ်အချိန်က ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ သူ့အစိုးရ အဖွဲ့အနေနဲ့ “ကောင်းမြတ်မှန်ကန်တဲ့ အုပ်ချုပ်ပုံစနစ်” Good Governance ဖြစ်အောင် ကြိုးစားသွားမယ်လို့ ကတိကဝတ်ပြု ခဲ့တာတွေ ရှိပါတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့ သူပေးခဲ့တဲ့ ကတိ ကဝတ်တွေကို မည် ၍မည်မျှ အောင်မြင်အောင် ဖြည့်ဆည်းဆောင် ရွက်နိုင်ခဲ့တယ် ဆိုတာကို သုံးသပ်အကဲဖြတ် သင့်ပြီလို့ ထင်ပါတယ်။


ဒီတော့ အရင်ဆုံး နားလည်သဘော ပေါက်ကြရမှာက “ကောင်းမြတ်မှန်ကန်တယ်”ဆိုတဲ့ အစိုးရ အုပ်ချုပ်ပုံစနစ်ဆိုတာဘာလဲ၊ ဒီလို အစိုးရအုပ်ချုပ်ပုံစနစ်မျိုး ထူထောင် အောင်မြင်တယ်ဆိုတာကို ဘယ်လို စံပေတံ တွေနဲ့ တိုင်းတာအကဲဖြတ်ကြမှာလဲ ဆိုတာ ပါပဲ။ ယေဘုယျ အားဖြင့် ကောင်းမြတ်မှန်ကန် တဲ့အစိုးရအုပ်ချုပ်ပုံစနစ်ရဲ့ အခြေခံစံချိန်စံညွှန်း တွေကတော့ -

၁။ ပြည်သူတွေရဲ့ အခြေခံဘ၀ပြဿနာ တွေ ဘယ်လောက်ဖြေရှင်းပေးနိုင်ခဲ့သလဲ။
၂။ အစိုးရတစ်ရပ်အနေနဲ့ မည်မျှတာဝန် သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံ စိတ်ရှိသလဲ။
၃။ အစိုးရလုပ်ငန်းတွေ ဆောင် ရွက်ရာမှာ မည်မျှ လွတ်လပ် ပွင့်လင်း မြင်သာမှုရှိသလဲ။
၎။ အစိုးရအဖွဲ့အနေနဲ့ စိန်ခေါ်မှုတွေကို ဘယ်လောက်တုံ့ပြန်ဖြေရှင်းနိုင်စွမ်းရှိသလဲ။
၅။ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းအကောင် အ ထည်ဖော်မှုတွေဟာ ဘယ်လောက် ထိရောက်မှု ရှိသလဲ ဆိုတာကို ဆန်းစစ် သုံးသပ်နိုင်စွမ်းရှိသလဲဆိုတဲ့ စံပေတံ တွေပဲဖြစ်ပါတယ်။

ဒီစံပေတတွေနဲ့ပဲ အစိုးရအုပ်ချုပ်ပုံစနစ် ဟာ အောင်မြင်သလား၊ဆုံးရှုံးသလား၊ ကောင်း သလား၊ ဆိုးသလား၊ မှန်သလား၊ မှားသလား ဆိုတာကို အကဲဖြတ်ကြရပါလိမ့်မယ်။

ပြည်သူ့ဘဏ္ဍာတိုက်၊ နှိုက်ယူနေကြသူများ

ဒီလိုအကဲဖြတ်ဖို့ နိုင်ငံတကာသတင်းဂျာ နယ်တွေက ဝေဖန်သုံးသပ်ချက်တွေ၊ ပြည် တွင်းမီဒီယာတွေရဲ့ လေ့လာဆန်းစစ်ချက်တွေ ကို မကြည်ပါနဲ့ဦး။ ဦးစွာအားဖြင့် တရားဝင် ထုတ်ပြန်ထားတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ် ရဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း စစ်ဆေး ချက်အစီရင်ခံစာကို တစ်ချက်လှမ်းကြည့်ရုံနဲ့ မြင်သာပါတယ်။ ဒီအစီရင်ခံစာထဲမှာ “ဝန်ကြီး ဌာနတွေရဲ့ လုပ်ငန်းလုပ်ဆောင်ရာ၊ ငွေကြေး သုံးစွဲရာတွေမှာ ပွင့်လင်းမြင်သာမှုမရှိတာတွေ ကို တွေ့ရှိခဲ့ကြရတယ်။ နိုင်ငံတော်သမ္မတရုံး ရဲ့ ညွှန်ကြားချက်နဲ့အညီ လုပ်ငန်းတင်ဒါခေါ် ယူမှုမရှိခြင်းက ညွှန်ကြားချက်ကို အလေး ထားမလိုက်နာတဲ့သဘော ဆောင်နေပါတယ်။ တင်ဒါမခေါ်ဘဲ လုပ်ငန်းကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက်လက်သိပ်ထိုး လုပ်ငန်းအပ်နှံခြင်း၊ ကုန်ပစ္စည်းများ မှာကြားဝယ်ယူခြင်း၊ ငွေကြေး အပေးအယူကိစ္စများ ရှုပ်ထွေးမရှင်းလင်းခြင်း စတဲ့ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် မရိုးသားတဲ့သဘောတွေ သက် ရောက်နေပါတယ်”လို့ ထောက်ပြထားတာ တွေ့ရပါတယ်။ ဒါတောင် အဲဒီအချိန်က ]ဗိုလ် ချုပ်သားမက်နဲ့ တရုတ်တစ်ဝက်} တို့ ပါဝင် ပူးပေါင်း ကြိတ်ဝိုင်းဖွဲ့ခဲ့ကြတဲ့ “မဟာရန်ကုန် မြို့တော်သစ်” စီမံကိန်းကြီးဆိုတာတောင်ပွင့် ကျမလာခဲ့သေးပါဘူး။

ဒါ့အပြင် စာရင်းစစ်ချုပ်အစီရင်ခံစာထဲမှာ နိုင်ငံတော်ဘဏ္ဍာငွေကို ကိုယ်ပိုင်ငွေအဖြစ် လက်ဝယ်ကိုင် ဆောင်ထားခွင့်ရှိသူ ပုဂ္ဂိုလ်ကြီး များအနေနဲ့ ကိုယ်ပိုင်ဘဏ်စာရင်းဖွင့်ပြီး ဘဏ် တိုးရယူခြင်း၊ ငွေတိုးချစားခြင်း၊ ကိုယ်ပိုင်လုပ် ငန်းများတွင် စိုက်ထုတ် ရင်းနှီးမြှုပ်နှံခြင်း စတဲ့ မသမာမှုပြုနိုင်ခွင့်မျိုးစုံရှိနေလို့ တင်းကျပ်စွာ ချုပ်ကိုင်သင့်ကြောင်းလည်း အကြံပြုထားပါ တယ်။ တကယ်တော့ ဝန်ကြီးဌာနတာဝန်ခံ ပုဂ္ဂိုလ်များ၊ ဝန်ထမ်းအကြီးအကဲဆိုသူတွေ ဟာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ လုပ် ထုံးလုပ်နည်းတွေကို သိရှိနားလည်ကျွမ်းကျင် ပြီးသူတွေဖြစ်ပါလျက်နဲ့ ဥပဒေစည်းမျဉ်းတွေကို ကျောခိုင်းလုပ်ဆောင်နေကြခြင်းဖြစ်ပါ တယ်။ ဒါတွေဟာ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ပြဿ နာ၊ နားမလည်တဲ့ပြဿနာမဟုတ်ဘဲ တာဝန် ရှိသူတွေနဲ့ လုပ်ငန်းရှင်ကန်ထရိုက်များအကြား မသမာတဲ့အပေးအယူများ ရှိတဲ့အတွက် ဖြစ် နေဟန်ရှိပါတယ်။ ဒါတွေကို ဖော်ထုတ်အရေး ယူသင့်ပြီဖြစ်ကြောင်း အစီရင်ခံစာက ထောက် ပြသတိပေးခဲ့ပါတယ်။

၂၀၁၄-၁၅ ခုနှစ်အတွက် ပြည်ထောင်စု ဘဏ္ဍာငွေ ရသုံးစာရင်းအရ ခန့်မှန်းခြေရငွေ ၁၆,၅၄၄ ဘီလီယံဖြစ်ပြီး သုံးငွေ ၁၉,၂၉၅ ဘီလီယံရှိတဲ့အတွက် လိုငွေ ကျပ် ၂,၇၅၀ ဘီလီယံရှိနိုင်တယ်လို့ဆိုပါတယ်။ ဒီလိုငွေပြရတာ လည်း ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းတွေ အတွက် ပိုမိုတိုးချဲ့သုံးစွဲရလို့ဆိုတဲ့ အကြောင်း ပြပါတယ်။ ဒါပေမဲ့ ဘဏ္ဍာငွေ ရသုံးစာရင်း ကို လွှတ်တော်မှာ ဆွေးနွေးရာမှာတော့ ကိုယ် စားလှယ်တွေက ဒီလောက်များပြားစွာ လိုငွေ ပြရတာ ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်ခွဲဝေသုံး စွဲမှုတွေမှာ စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းလို့ဆို တာကို ထောက်ပြခဲ့ကြပါတယ်။ နယ်စပ်ဒေ သဝန်ကြီးဌာနအနေနဲ့ တံတားတွေဆောက် ဖို့ဆိုပြီး ကျပ် ၁ç၃၉၀ သန်း ထုတ်ယူထားပေ မဲ့ တကယ်တည်ဆောက်ပြီးစီးမှုဟာ စီမံကိန်း ရဲ့ ၁၀ ရာခိုင်နှုန်းပဲရှိတယ်လို့ ဆိုပါတယ်။ မွေးမြူရေးဌာနက မြို့နယ်တိုင်းမှာ မွေးမြူရေး ခြံတည်ဆောက်ဖို့ဆိုပြီး တစ်မြို့ကို ကျပ် ၂၅ သန်းထုတ်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဖြစ်မြောက် အောင်မြင်တဲ့ မွေးမြူရေးခြံဆိုတာ လက်ညှိုး ထိုးပြစရာမရှိခဲ့ပါဘူး။ ချင်းပြည်နယ်မှာ နွား နောက်ကောင်ရေတစ်ရာမွေးမြူဖို့ သတ်မှတ် ထားတဲ့ခြံမှာ လက်တွေ့က နှစ်ကောင်ပဲမွေး ထားတာတွေ့ကြရတယ်။ မွန်ပြည်နယ်၊ သံဖြူ ဇရပ်မြို့နယ်မှာလည်း သောက်ရေကန် ၅ ကန် တူးဖို့ ကျပ်သန်း ၅၀ ထုတ်ယူထားပေမဲ့ တ ကယ်ပြီးစီးတဲ့ရေကန် တစ်ကန်ပဲရှိသေးတယ် လို့ဆိုပါတယ်။ ဒီလို စီမံကိန်းတွေပြ ငွေတွေ သန်းနဲ့ချီထုတ်ယူထားပြီး မအောင်မြင်တဲ့လုပ် ငန်းတွေကြောင့် ဘတ်ဂျက်တွေ လိုငွေပြ၊ ပြည်သူတွေလည်း အကျိုးမခံစားရတဲ့ အခြေ ဆိုက်နေခဲ့ကြတာ ကြာပါပြီ။ တစ်ပြည်လုံးမှာ ရှိနေတဲ့ ဝန်ကြီးဌာနများစွာရဲ့ ဒီလိုငွေကြေးအ ဟောသိကံဖြစ်ပြီး မအောင်မြင်တဲ့စီမံကိန်းတွေ ကို ကြီးကြပ်စစ်ဆေးမယ့် ပုဂ္ဂိုလ်၊ အရေးယူ မည့် အဖွဲ့အစည်းဆိုတာလည်း မရှိသလောက် ပါပဲ။ ဒါကြောင့်လည်း အငြိမ်းစားညွှန်မှူးတစ် ယောက်က “ဒီဘတ်ဂျက်လိုငွေလောက်ကိုများ ဗျာ၊ အရေးပါတဲ့ဝန်ကြီးဌာန ၃ ခုလောက်ဝင် ပြီး တင်းတင်းကျပ်ကျပ်စစ်ဆေး အရေးယူပစ် လိုက်ရုံနဲ့ ပြန်ဖြည့်လို့ရပါတယ်” ဟူ၍ မှတ် ချက်ချခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဝန်ကြီးဌာနတွေရဲ့ ဒီလိုအနေအထားတွေ အောက်မှာ သမ္မတဦးသိန်းစိန်အစိုးရ သက် တမ်း ၄ နှစ်နီးပါးအတွင်း အစိုးရရဲ့ဘတ်ဂျက် လိုငွေကျပ် ၉,၈၀၀ ဘီလီယံခန့်ရှိသွားခဲ့ပါပြီ။ ဘာကြောင့် ဤ၍ ဤမျှ လိုငွေပြရသလဲဆိုရင် တော့ ဝန်ကြီးဌာနတွေနဲ့ပတ်သက်လို့ အထက် မှာ တင်ပြခဲ့တဲ့ အကြောင်းအချက်တွေကြောင့် ပဲလို့ ပြောရပါလိမ့်မယ်။ ဒါပေမဲ့ ခက်နေတာ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းမှုကြောင့် ဒီကာလတွေအတွင်းမှာ နိုင်ငံတကာထောက် ပံ့မှုတွေ၊ ကြွေးဟောင်းလျော်ပြီး ကြွေးသစ် ထုတ်ပေးတာတွေ၊ ချေးငွေသစ်တွေက အစိုးရ ရရှိခဲ့တာလည်း မနည်းမနောပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကုန်အထိ ချေးငွေနဲ့ထောက်ပံ့ ကြေး ကတိကဝတ်တွေ ရခဲ့တာချည်း ၈ ဘီ လီယံဒေါ်လာ (ကျပ်ငွေ ၈,၀၀၀ ဘီလီယံနီးပါး) ရှိခဲ့ တယ်လို့ဆိုပါတယ်။ ဒီငွေတွေ ဘယ် ရောက်ကုန်သလဲ။ ဘယ်လိုသုံးလိုက်သလဲဆို တဲ့ မေးခွန်းတွေကိုတော့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ သက်တမ်း မကုန်ခင်ပြောကြား ခိုင်းရပါလိမ့်မယ်။ ဒါတွေကို ရှင်းလင်းမြင်သာအောင် ဖြေကြားမပေးနိုင်ဘူး ဆိုရင်တော့ ...

စံထားရမည့် အခြေခံပြဿနာများ

ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့မှာ ဦးသိန်းစိန်အနေနဲ့ နောက်ထပ် သမ္မတ သက်တမ်းအတွက် ထပ်အရွေးခံချင် တယ်ဆိုရင် ဒီအချက်တွေ အရင်ဖြေရှင်းပေး ခဲ့ပါဆိုပြီး လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကျင်း ပခဲ့ကြပါတယ်။ သူတို့တောင်းဆိုတာကတော့-

၁။ ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင် ရွက်ပေးရေး၊ ၂။ ဆင်းရဲမွဲတေမှု လျော့ ကျအောင် ရောက်ဆောင်ရွက်ပေးရေး၊ ၃။ ပြည်သူလူထုရဲ့ စားဝတ်နေရေး အ ဆင်ပြေအောင် ဆောင်ရွက်ပေးရေး။ ၄။ လာဘ်ယူလာဘ် စား အဂတိလိုက်စား မှုများ ပပျောက်အောင်ဆောင်ရွက် ပေးရေး၊ ၅။ တရားရေးမဏ္ဍိုင်ကို ထူမတ်ပြီး တရားဥပဒေစိုးမိုးအောင် ဆောင်ရွက် ပေးရေး၊ ၆။ မြေယာပြဿနာ များ ပြေလည်အောင် ဖြေရှင်းပေးရေး၊ ၇။ အလုပ်သမားအခွင့်အရေးများ ရရှိ အောင်ဆောင်ရွက်ပေးရေး၊ ၈။ လယ်သမားများ၊ အလုပ်သမားများ သတင်း မီဒီယာသမားများကို ဖမ်းဆီး ထောင်ချ ဖိနှိပ်မှုများ ရပ်တန့်ရေး၊ ၉။ နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရေး၊ ၁၀။ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ထပ်မံမပေါ်ပေါက်အောင် ကာကွယ် တားဆီးပေးရေး စတဲ့ အကြောင်း အချက်တွေ ပါဝင်ပါတယ်။

ဒီအချက်အလက် တွေဟာ ဒီနေ့ပြည်သူလူထုတစ်ရပ်လုံး ရင် ဆိုင်နေရတဲ့ အခက်အခဲ အကျပ် အတည်း ပြဿနာအလုံးစုံကို အနီးကပ်ဆုံး၊ အမှန်ကန် ဆုံး ရောင်ပြန်ဟပ်ပြလိုက်တာ ဖြစ် ပါတယ် ။ အခြားတစ်ဖက်ကလည်း သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်ရဲ့ အခြေခံပြဿ နာတွေ ဖြေရှင်းနိုင်စွမ်းရှိ၊မရှိဆိုတာကို မီး မောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ဆင်းရဲချမ်းသာကွာဟမှုဟာ သမ္မတဦး သိန်းစိန်လက်ထက်မှာ ပိုမိုကျယ်ပြန့်နက်ရှိုင်း လာခဲ့ တယ်။ နိုင်ငံကို စွန့်ခွာပြီး ရေကြည်ရာ မြက်နုရာထားရင်း ပြည်ပမှာ သွားပြီးကျွန်ခံ နေရတဲ့ လူငယ်တွေရဲ့ အရေအတွက် ပိုမိုတိုး ပွားများပြားလာနေတယ်။ မျှော်လင့်ချက် တစ် လှေကြီး နဲ့ ပြည်ပက ပြန်ဝင်လာတဲ့ လူငယ် တွေလည်း ပြည်တွင်းရောက်မှ အနာဂတ် ပျောက်နေကြ ရပါပြီ။ ဒီအစိုးရလက်ထက်မှာ တိုးတက်များပြားလာတာကို ကြံဖန်ပြောရရင် ခရိုနီတွေပဲ ရှိပါ လိမ့်မယ်။ အရင်အစိုးရလက် ထက်က လက်ချိုးရေလို့ရတဲ့ ခရိုနီအရေအ တွက်ဟာ ဦးသိန်းစိန် လက်ထက်မှာ ရာ၊ထောင် ချီရှိလာခဲ့ပါပြီ။ ရိုးသားတည်ကြည်လှတဲ့သမ္မတ ဦးသိန်းစိန်အပါး ဘယ်ခရိုနီ၊ ဘယ်စီးပွားရေး လုပ်ငန်းရှင်မှ မခစားကြတော့ပါဘူး။ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အဆင်ပြေရင် အရာကိစ္စအားလုံး ကြည်စေ၊အေးစေပြီးငြိမ်းနိုင်ပါတယ်။

အကဲဖြတ်ချက်

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ ကောင်း သလား၊ ဆိုးသလား၊ တိုးတက်သလား၊ ဆုတ်ယုတ် သလား ဆိုတာ အကဲဖြတ်ဖို့ ပြည်သူ တွေရဲ့ အခြေခံလိုအပ်ချက်တွေ၊ ဘယ်လောက် ဖြည့် ဆည်းပေးနိုင်ပြီလဲဆိုတဲ့ အချက်အပေါ် မှာ အခြေခံသုံးသပ်ရမှာပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် လာရောက် ရင်းနှီးမြှုပ်နှံတဲ့ Ooredoo တို့၊ Telenor တို့ဝင်လာ လို့ လူအတော်များများ လက်ကိုင်ဖုန်း သုံးလာနိုင်တာကို တိုးတက်မှုအဖြစ် ပြောလို့မရပါဘူး။ ခရိုနီတွေ ကြီးပွား များပြား လာလို့ ခေတ်မီဇိမ်ခံကားကြီးတွေ သောင်းသိန်းချီပြီး တင်သွင်းလာနိုင်တာ၊ တိုးတက်မှု မဟုတ်ပါဘူး။ Infrastructure တွေ၊ ကောင်းမွန်အောင်မလုပ်နိုင်လို့ လမ်း ပိတ်ဆို့နေတဲ့ မြို့ပေါ်ကကားလမ်းတွေဟာ ဆိုက္ကားလောက်ပဲ သွားနိုင်ပါတော့တယ်။

အာ ဆီယံ နိုင်ငံတွေထဲမှာ Internet သုံးစွဲမှုအနည်းဆုံးနဲ့ အနှေးဆုံးနိုင်ငံဟာ မြန်မာနိုင်ငံပါ။ သယံဇာတတွေပေါများကြွယ်ဝသလောက် တစ်ဦး ချင်းဝင်ငွေအနိမ့်ဆုံးနဲ့ အနည်းဆုံးနိုင်ငံ၊ ဆင်းရဲသား အများဆုံးနိုင်ငံဟာလည်း မြန်မာနိုင်ငံ ပါပဲ။ အစိုးရက မီတာခတွေ တက်လိုက်လို့ ဝန်ထမ်း လစာတွေတိုးပေးလိုက်လို့ဆိုတဲ့ အ ကြောင်းပြချက်တွေအောက် မှာ နှစ်စဉ် ကုန် ဈေးနှုန်း တိုးတက်မှုနှုန်းဟာ ၂၅ ရာခိုင်နှုန်း ဝန်းကျင်ခန့် တိုးမြင့်နေပါတယ်။ ခရိုနီတွေ ရဲ့ မြေယာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်မွှေနှောက်မှုကြောင့် ရန်ကုန်မြေ ဈေး ဟာ နယူးယောက်ခ်မြေဈေးလောက်ဖြစ် နေပြီး အိမ်ခန်းခက အဆနဲ့ချီ တိုးတက်လာ လို့ လူလတ်တန်းစားတွေ မြို့ပြင်ထွက်ပြေး နေကြရပါပြီ။ ဒါတွေဟာ သမ္မတဦးသိန်းစိန် လက်ထက် မှာ သိသာမြင်သာလောက်တဲ့ တိုး တက်မှုတွေပါပဲ။

ဒီလိုအခြေအနေကို သမ္မတနားမှာ ဝန်းရံ နေကြတဲ့ အကြံပေးပညာရှင်နဲ့ ဝန်ကြီးတချို့ က “ငါးနှစ်လောက်နဲ့တော့ တိုင်းပြည်တိုးတက် အောင် ဘယ်သူမှ မလုပ်နိုင်ပါဘူးလို့ လေ ပြေထိုး အခါပေးတာမျိုးလည်း ရှိခဲ့ကြဖူးပါ တယ်။ ဒါပေမဲ့ ဗီယက်နမ်နိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး ပထမ ၅ နှစ်ကာလဖြစ်တဲ့ ၂၀၀၀-၂၀၀၅ ခုနှစ်အတွင်းမှာတင် စီးပွားရေး တဟုန် ထိုး တိုးတက်သွား တာကို အကြံပေးပညာရှင် ဆိုသူများ မေ့လျော့ချင်ယောင်ဆောင်နေကြ သလား မသိတော့ ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ ပထမသက် တမ်းတစ်ခုအတွင်းမှာ တိုးတက်မှုရယ်လို့ မယ် မယ်ရရ ပြစရာမရှိခဲ့တာကို အဆိုးမဆိုချင်ပါ ဘူး။ ဒါပေမဲ့ လူထုရဲ့ အခြေခံစား၊ဝတ်နေရေး ကအစ ပြဿနာမျိုးစုံ အရင်အစိုးရလက်ထက် ကထက် ပိုမို ယိုယွင်း ပျက်ပြားလာစေတာကို တော့ အတော်ဆိုးဝါးတဲ့ အစိုးရအဖွဲ့လို့ပဲ စွပ် စွဲပြစ်တင်ရပါလိမ့်မယ်။

တကယ်တော့ သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့အနေနဲ့ တိုင်းပြည်တိုးတက်အောင် ဆောင် ရွက်နိုင်တာ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ပြဿနာသက်သက်မဟုတ်ပါဘူး။ တိုင်းပြည်အပေါ် စိတ်စေတနာခေါင်းပါး ညံ့ဖျင်းရုံမက အစဉ်အလာ အရ “ဘနဖူးသိုက်တူး”လာခဲ့ကြတဲ့ ကိုယ်ကျိုးရှာ သမားတွေရဲ့ မသမာစီးပွား ရှာလိုစိတ်တွေကြောင့်သာ ဖြစ်ပါလိမ့်မယ်။ ဒီလိုဖြစ်နေ ရတဲ့ အခြေခံအကြောင်းကလည်း အရည်အချင်းရှိ၊ သဘောထားမှန်ကန်၊ ထိုက် တန်သူတွေ ရွေးချယ်ဖွဲ့စည်းတဲ့ Meritocracy စနစ်မကျင့်သုံးပဲ “ဘောင်းဘီချွတ်အချင်းချင်း ရိုင်းပင်းဖေးမရေး” သဘောထားအပေါ် အ ခြေပြုစုဖွဲ့ခဲ့ကြလို့ဖြစ်မယ် ထင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံကျကျ ပြုပြင်ပြောင်းလဲ နိုင်စွမ်းမရှိသေးသမျှ ဒီအနေအထား ကို ပြုပြင်ပြောင်းလဲနိုင်ရေးဆိုတာကလည်း မလွယ် လှသေးပါဘူး။

ဒီတော့လည်း “ဆီးဘန်နီဆရာတော်ရဲ့ကဗျာ” တစ်စကိုပဲ ရွတ်ပြချင်ပါတော့တယ်။

“ဒီမင်း ... ဒီစိုး ... ဒီသူခိုး
ဒီမိုး ... ဒီလေ
ဒီ ခရိုနီတွေနဲ့”
ဒီ မိုကရေစီ ပန်းတိုင်ကလည်း ရွှေပြည်တော် မျှော်လေဝေးပဲဖြစ်နေပါလိမ့်ဦးမယ်။

သန်းစိုးနိုင်

Credit - The Ladies News Journal

 

No comments:

Post a Comment