Saturday, May 16, 2015

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တရားသူကြီး ပူးပေါင်း၍ မတရားသဖြင့် အမှုဆင်ထောင်ဒဏ်ချမှတ် – ပေးစာ

 ကျွန်တော် ဦးကျော်သင်းသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးအသင်း စည်းရုံးရေးမှူးအဖြစ် ၂၀၀၃ မှ၂၀၀၉ ခု နှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး မင်းကျေးရွာအုပ်စု ငါးမြွေကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီ အတွင်းရေးမှူး တာဝန် ယူခဲ့ကာ (၂၁-၁-၂၀၁၀)က ကျေးရွာမီးသုံးစွဲသူ ၈၈ ဦးအား တစ်ဦးလျှင် ၆၃၀၀၀၀ ကျပ်ဖြင့် ကုန်ကျငွေ သိန်း ၇၀၀ ကျော် ကုန်ကျခံ၍ မီးလင်းစေရန် ဆောင်ရွက်ခဲ့ပါသည်။ မင်းစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ၁၀-၁-၂၀၁၃ က စတင်ခဲ့ထားခြင်းခံရသူ ဦးမြင့်သိန်းသည် ၎င်းအိမ် စတင်မီးလင်းစဉ်က ငွေကြေးထည့်ဝင်ခြင်း မရှိ၍ ၎င်းအိမ် မီးမလင်းခဲ့ရသူ ဦးမြင့်သိန်းမှက ကျေးရွာလူထုအား ၂ သိန်းကျပ်ဖြင့် မီးလင်းစေရန် ဆက်လက် ဆောင်ရွက် ပေးမည်
ဆိုပြီး ငွေကြေးများ ကောက်ခံခဲ့ပါသည်။ (၁၆-၈-၂၀၁၃)က ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်က ငါးမြွေကုန်းကျေးရွာသို့ လာရောက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အမိန့်အရဟုပြောပြီး ယခင် မီးကော်မတီအဖွဲ့ကို ဖျက်သိမ်းကာ ဦးမြင့်သိန်း၏အစ်ကို ဦးအေးမြင့်ပါ ၇ ဦး မီးမလင်းသေးသူများအား မီးကော်မတီအသစ် ဖွဲ့စည်းပေးခဲ့သဖြင့် ယခင်မီးကော်မတီဟောင်းမှ (၁၈-၈-၂၀၁၃)တွင်က တိုင်းဒေသကြီး ဦးသန်းစိုးမြင့်ထံ တိုင်ကြားခဲ့ကြရာ ၀န်ကြီးက ငွေကြေး မကောက်ခံရန်နှင့် မီးကော်မတီအသစ်အား အသိအမှတ် မပြုရန် မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖုန်းဖြင့်အမိန့်ပေး ခိုင်းစေခဲ့ပါသည်။

ဦးမြင့်သိန်းသည် ၎င်း၏ မီးကော်မတီပျက်ကာ ငွေကြေး ကောက်ခံခြင်း မပြုရသဖြင့်(၄-၁၁-၂၀၁၃)၊ (၁၃-၁၁-၂၀၁၃)(၂၅-၁၁-၂၀၁၃) ရက်စွဲများဖြင့် ဦးကျော်သင်းအား ခြေချုပ်ပုဒ်မဖြင့် အရေးယူပေးပါရန် မြို့နယ် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ပါသည်။ မြို့နယ် အုပ်ချုပ်ရေးမှူးက အရေးယူပေးခြင်း မရှိခဲ့ပါ။ (၈-၁-၂၀၁၄)တွင် ဦးမြင့်သိန်းပါ ၄ ဦးတို့ မမှန်မကန် တိုင်ကြားသဖြင့် အစစ်အဆေး ခံနေရစဉ် (၁၆- ၁-၂၀၁၃)၌ မြို့နယ်အုပ်ချုပ် ရေးမှူးထံ ဦးမြင့်သိန်းက အမှုဖြစ်စဉ် သက်သေ ထွက်ဆိုရာတွင် လိမ်လည် ထွက်ဆိုခဲ့ပါက အရေးယူပေးပါရန် တင်ပြစာပေးပို့ခဲ့ပြီး မြို့နယ်တရားသူကြီးထံ မိတ္တူပေးပို့ခဲ့သည့် စရွက်ဖြင့် ထပ်မံပြီး မမှန်မကန် လုပ်ကြံ တိုင်ကြားသဖြင့် (၉-၁-၂၀၁၄) ရက်စွဲဖြင့် တရားသူကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့ထံ မိတ္တူ ထုတ်ပေးပြီး တိုင်ကြားခြင်းအား အရေးယူပေးပါရန် တိုင်ကြားခဲ့ရာ (၁၃-၁-၂၀၁၄)တွင် ဦးမြင့်သိန်းနှင့် မြို့နယ်တရားသူကြီး ဒေါ်ပြုံးပြုံးအောင်တို့က ဦးကျော်သင်းအား ပုဒ်မ ၅၀၅(ခ)ဖြင့် မတရား အမှုဆင် ဖမ်းဆီးချုပ်နှောင် ခဲ့ကြပါသည်။ တရားလိုနှင့် သက်သေများအား စစ်ဆေးရာတွင် ဦးကျော်သင်းမှာ နိုင်ငံတော် အကြည်ညိုပျက်စေရန် ပြုလုပ် ခြင်းမရှိ၊ ဆူပူမှုဖြစ်ပေါ်စေရန် ပြုလုပ်ခြင်းမရှိပါဘဲ လက်ရှိမြို့နယ်တရား သူကြီး ဒေါ်အေးအေးအောင်က (၉-၁-၂၀၁၄) ရက်စွဲ တိုင်စာအရ စွဲချက်တင်ခဲ့ပြီး (၁၅-၁-၂၀၁၅)တွင် ဦးကျော်သင်းအား ထောင်ဒဏ်တစ်နှစ် အပြစ်ပေး ခဲ့ရပါသည်။ တရားသူကြီး ဒေါ်အေးအေးအောင်က ဌာနဆိုင်ရာ ကန့်သတ် လျှို့ဝှက်သိမ်းဆည်း ထားရမည့် စာရွက်စာတမ်းများကို တရားမ၀င် ထုတ်ပေးပြီး လုပ်ကြံတိုင်ကြားခဲ့သည်ကို (၁၇-၁၂-၂၀၁၄) တွင် မြို့နယ်တရားရုံးဌာနခွဲ စာရေးကြီး ဦးသန်းမောင်က ဦးကျော်သင်း (၁၆-၁-၂၀၁၃) ရက်စွဲဖြင့် ပေးပို့သည့်စာကို ၀င်စာနံပါတ် ၄၂ ဖြင့် လက်ခံရရှိထားပြီး တရားရုံးသို့ သက်သေခံတင်ပြရန် ပြောကြားသည့်အခါ ၀င်စာဖိုင်၌ ၎င်းစာမရှိတော့ကြောင်း အစစ်ခံ ထွက်ဆိုခဲ့ပါသည်။ မြို့နယ်တရားသူကြီး ဒေါ်အေးအေးအောင်သည် ဌာနဆိုင်ရာ ကန့်သတ် သိမ်းဆည်းရမည့်စာဖြင့် စွဲချက်တင် အပြစ်ပေးခဲ့၍ ခရိုင်တရားရုံး အယူခံတက်ရောက် ခဲ့ရာ (၆-၄-၂၀၁၅)တွင် ခရိုင်တရားသူကြီးက ဆူပူစေရန်လှုံ့ဆော်သည်။ မမှန်မကန် တိုင်ကြားသည်။ သက်သေ ဦးမင်းကိုအား ဆေးရုံအလှူငွေနှင့် ကွန်ကရစ်တိုင်ကြေးငွေများ မမှန်မကန် တိုင်ကြားသည် ဟုဆိုပြီး အယူခံကို ပယ်ခဲ့ပါသည်။ တရားလို ဦးမြင့်သိန်း ကိုယ်တိုင်က (၂၃-၁-၂၀၁၄) ရှေ့ပိုင်းတွင် ဆူပူမှု ဖြစ်ပေါ် ခဲ့ခြင်း မရှိပါဟု အစစ်ခံထွက်ဆို ထားသော်လည်း စိစစ်သုံးသပ်ခြင်း လုံးဝမရှိခဲ့ပါ။ သက်သေ ၄၂၀၊ တရားခံ ဦးမင်းကိုအား (၂၉-၈-၂၀၁၄)တွင် မြို့နယ်တရားသူကြီး ဒေါ်အေးအေးအောင်က တရားသေ လွှတ်ခဲ့သဖြင့် ခရိုင်တရားရုံးက ဦးကျော်သင်းသည် မမှန်မကန် တိုင်ကြားခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့ခြင်းမှာ မှားယွင်းလျက် ရှိနေပါသည်။ ဦးမြင့်သိန်းသည် ကျေးရွာမီးလင်းရေးကို လုပ်ပိုင်ခွင့်အာဏာ အသုံးပြုလျက် ငွေကြေးကောက် ခံခြင်း၊ မီးလင်းရေး ကော်မတီအဖွဲ့၏ သတ်မှတ်ငွေကြေးကို ထည့်ဝင်ခြင်းမရှိ၍ မီးလင်းခွင့် မရရှိသည်ကို မမှန်မကန် တိုင်ကြားခဲ့ကြခြင်းဖြစ်ပြီး မြို့နယ်တရားသူကြီးနှင့် ပူးပေါင်း၍ ပုဒ်မ ၅၀၅ (ခ)ဖြင့် မတရား ဖမ်းဆီး ပြစ်ဒဏ် ချမှတ်ခဲ့သဖြင့် များစွာနစ်နာ ခံစားခဲ့ရသောကြောင့် ဥပဒေနှင့်အညီ အမှုမှန် ပေါ်ပေါက်ရေးနှင့် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ အမှုဖန်တီးကာ ပြစ်ဒဏ် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည့် မြို့နယ် တရားသူကြီးများအား စစ်ဆေး အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။

ဦးကျော်သင်း

၉/ကမန(နိုင်)၀၉၁၅၉၈

မင်းစုကျေးရွာ၊ ကျောက်ဆည်မြို့နယ်


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment