ရန်ကုန်၊ မေ ၁၄။ ။ လောက်ကိုင်ဒေသတွင် ပြန်လည်တာဝန်ထမ်းဆောင်ရမည့် ပညာရေးဝန်ထမ်းများအနေဖြင့် လားရှိုးမြို့သို့ ရောက်ရှိကြောင်းကို မေလ ၁၅ ရက် (ယနေ့ )တွင် လာရှိုးမြို့နယ် ညွန်ကြားရေးမှူးရုံးသို့ အကြောင်းကြား သတင်းပို့ရမည်ဖြစ်သည်ဟု လားရှိုးမြို့မှ တွဲဖက် ပြည်နယ် ပညာရေး စီမံကိန်း လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းမောင်က မဇ္ဈိမကိုပြောသည်။
တိုက်ပွဲများကြောင့် လောက်ကိုင်မှ တိမ်းရှောင်လာသည့် ပညာရေးဝန်ထမ်း ၈၆၀ ခန့်ရှိပြီး အချိန်မီ ရောက်ရှိကြောင်း သတင်းပေးပို့မှု မရှိသည့် ပညာရေးဝန် ထမ်းများကို အပြစ်တစ်စုံတစ်ရာ ယူမယူကိုမူ မသိရသေးဟု ၄င်းကဆက်လက်ပြောကြားသည်။
ဦးဝင်းမောင်က “ လောက်ကိုင်ဒေသကို ဘယ်တော့သွားရမလဲ အထက်ကလည်း မညွန်ကြားသေးဘူး။ လူကြီးကလည်း နေပြည်တော်ကို အဲ့ဒီကိစ္စ အစည်းဝေး သွားတုန်းရှိသေးတယ်။ ပြန်လာမှ သိရမယ်။ ၀န်ထမ်းတွေကို စုစည်းပြီး ခေါ်ထားတာပဲရှိသေးတယ်”ဟုပြောသည်။
လောက်ကိုင်ဒေသသို့ ပြန်လည်ရောက်ရှိပါက ပညာရေး လုပ်ငန်းလည်ပတ်မှုများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်း ရှိမရှိနှင့် ပတ်သတ်၍ ခန့်မှန်းပြော ဆိုနိုင်ခြင်းမရှိဟုလည်း ၄င်းကပြောသည်။
ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ အစိုးရ ၀န်ထမ်းများမှာမူ တိုက်ပွဲဖြစ်ပွားနေသည့် ကာလကပင်လောက်ကိုင်ဒေသတွင် သာနေထိုင်ရသည်ဟု လားရှိုး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးဝေလင်းက ပြောသည်။
ဦးဝေလင်းက “ ပညာရေးဝန်ထမ်းတွေကို လာရှိုးကို မေလ ၁၅ ရက်အရောက် ခေါ်ထားတယ်။ ပညာရေးမှူးတို့ ကျောင်းအုပ်ဆရာမကြီးတွေ အပါအ၀င်ပေါ့။ ပြီးတော့ အားလုံးကို စုစည်းပြီး အစုအဖွဲ့နဲ့လောက်ကိုင်ဒေသကို ပြန်ရမှာပါ ” ဟုပြောသည်။
ပြန်လည် တည်ငြိမ်မှု ရှိသည်ဟု ဆိုပြီး အိမ်ထောင်စု ၇၄ စုမှ လောက်ကိုင်ဒေသခံ ၂၄၃ ဦးကိုမူ ကားငါးစီးဖြင့် ဧပြီ ၂၁ ရက်က လောက်ကိုင်ဒေသသို့ ပို့ဆောင်ပေးခဲ့သေးသည်။
လောက်ကိုင်ဒေသတွင်း ဖေဖော်ဝါရီလ ၉ ရက်က စတင်၍ ဦးဖုန်းကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက် ကိုင်တပ်ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment