ရန်ကုန်၊ မေ ၁၄။ ။လောက်ကိုင်ဒေသတွင် စစ်ဘေးဒုက္ခသည်များ ကယ်ဆယ်စဉ် သေဆုံးခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင် ကိုမိုးကျော်သန်းအတွက် ဟင်နရီဒူးနန့် (Henry Dunant)ဆုရရှိရန် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်ထံ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့က အမည်စာရင်းတင်သွင်းခဲ့သော်လည်း ဆုနှင့် လွဲချော်ခဲ့ရကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမြတ်သိမ်းက မဇ္ဈိမကို ပြောသည်။
ဒေါ်ခင်မျိုးမြတ်သိမ်းက "ဟင်နရီဒူးနန့်ဆုအတွက် ကိုမိုးကျော်သန်းနဲ့ အခြားတစ်ဦး ပေါင်းနှစ်ဦးကို ၂၀၁၅ခုနှစ် မတ်လ ၁၅ရက်က လျှောက်ထားပေးခဲ့ပါတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုတွေကို ဂုဏ်ယူကြောင်းနဲ့ အသိအမှတ်ပြုကြောင်း ဆုမပေးအပ်နိုင်တဲ့အတွက် ၀မ်းနည်းကြောင်း ပြန်စာကို မေလ၁၁ရက်က ရရှိခဲ့တယ်။” ဟု ၎င်းက ပြောသည်။
ကိုမိုးကျော်သန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ် ကြက်ခြေနီအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လောက်ကိုင်မှ စစ်ဘေး ဒုက္ခသည်များ ကယ်ဆယ် စဉ် သေနတ်ဖြင့် ပစ်ခံရကာ ဒဏ်ရာရခဲ့ပြီး နှစ်လကြာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
၎င်းအတွက် လျောက်ထားသည့် ဟင်နရီဒူးနန့်ဆုကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးက တစ်နှစ်တွင် တစ်ဦးမှ နှစ်ဦးသာ ပေးအပ်လေ့ရှိပြီး ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်း နှစ်ရာခန့်မှ တင်သွင်းလာသည့် အဆိုပြုချက်များအနက် စိစစ်ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။ ယင်းဆုအတွက် အဆိုတင်သွင်းလာ သည့် နိုင်ငံအလိုက် ပဋိပက္ခဖြစ်ပွားသည့် ဖြစ်စဉ်နှင့် သက်ရောက်မှု အကြီးအသေး စသည့် အချက်များကို နှိုင်းယှဉ်စဉ်းစားကာ ဆုပေးအပ်ခြင်းဖြစ်ပြီးပေးအပ် သည့်အရေအတွက်မှာ နည်းပါးသည့်အတွက် ဆုမရရှိခြင်းဖြစ်သည်ဟု ဒေါ်ခင်မျိုးမြတ်သိမ်းကဆိုသည်။
မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့မှ ၂၀၁၁၅ခုနှစ်အတွက် ဟင်နရီဒူးနန့်ဆု နှင့် လွဲချော်ခဲ့ရသော်လည်း နာဂစ်မုန်တိုင်းအတွင်း ဒုက္ခသည်များကို ကူညီလုပ်ဆောင်ပေး ခဲ့၍ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ပေးအပ်သည့် ဖလောရင့်နိုင်တင်ဂေးဆုကိုမူ မြန်မာနိုင်ငံမှ ထူးချွန်သူနာပြုတစ်ဦးဖြစ်သည့် ဦးစနိုင်နိုင်ထွန်းက ရရှိခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment