![]() |
ပွိုင့်-၂၂၀၂ တောင်ကုန်းအား တပ်မတော်စစ်ကြောင်းများက လက်နက်ကြီး များဖြင့် ပစ်ခတ်စဉ်။ (ဓာတ်ပုံ-မြဝတီ) |
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာဘက်ခြမ်းမှ ပစ်ခတ်သည့် ဗုံးဆန် နှစ်လုံး တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ဘက် နယ်မြေသို့ ထပ်မံကျရောက်ကြောင်း သတင်းများထွက်ပေါ်လာမှုအပေါ် စိစစ်မှုများ ဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ပြောကြားလိုက်သည်။
"အဲဒီသတင်းတွေ ထွက်နေတာကို သိပါတယ်။ အခြေအနေအရပ်ရပ်ကို စိစစ်နေတုန်းပါ" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွန်ယင်းက ပြောသည်။
တရုတ်နိုင်ငံ ယူနန် ပြည်နယ် လင်ချန်းမြို့ အစိုးရ သတင်းထုတ်ပြန်ရေး ဌာနမှ မေလ ၁၄ ရက် ညတွင် မြန်မာနိုင်ငံမှ လက်နက်ကြီးကျည်နှစ်လုံး ယူနန် ပြည်နယ် လင်ချန်းမြို့ ကျိမ့်ခန်း ခရိုင် နန်ဆန်မြို့ ဖူခန်း ရပ်ကွက်ရှိ ဖုန်ချန် ဟိုတယ် အနီး၌ ကျရောက်ခဲ့ပြီး ပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်ဟု Xinhua မြန်မာပိုင်းက ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း နယ်စပ်ဖြတ်ကျော်လာသည့် အစိုးရတပ် စစ်လေယာဉ်ပေါ်မှ ဗုံးကျရောက်သဖြင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့သေးသည်။
မြန်မာ နိုင်ငံဘက်မှ ဗုံးဆန် များသည် တရုတ်ပိုင်နက် အတွင်းသို့ အကြိမ်ကြိမ် ကျရောက်ခဲ့သဖြင့် တရုတ်နိုင်ငံ အနေဖြင့် ဤကိစ္စနှင့် ပတ်သက်၍ မကျေနပ်ကြောင်း အလားတူ ထပ်မံ မဖြစ်ပွားရန် ဆောင်ရွက်စေလိုကြောင်းပြောကြားထားသည်။
တရုတ်နယ်စပ် ရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် အစိုးရ စစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့အကြား မေ ၁၄ရက်က တိုက်ပွဲပြင်းထန်နေကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားသော တိုက်ပွဲများအတွင်း MNDAA တပ်ဖွဲ့ဝင်များ အဓိက ခြေကုပ်ယူထားသော ပွိုင့်-၁၆၀၇၊ ပွိုင့်-၁၇၀၉ နှင့် ပွိုင့်-၁၇၄၂ တောင်ကုန်း သုံးခုကို အစိုးရ တပ်မတော် စစ်ကြောင်းများက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း မေလ ၁၂ ရက်ထုတ် တပ်မတော်ပိုင် မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် လုံလောက်သည့် တည်ငြိမ်အေးချမ်း မှု မရှိသေးခြင်းကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းကို ရက် ၉၀ ထပ်မံ တိုးမြှင့်ရန် ပြည်ထောင်စု လွှတ်တော်က မေ ၁၅ရက်တွင် အတည်ပြုလိုက်သည်။
အစိုးရ စစ်တပ်နှင့် MNDAA တပ်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ် အရာရှိများ ကျဆုံးမှုများ အများအပြားရှိခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင်လည်း တအာင်းတပ်မတော် နှင့် အစိုးရ တပ်တို့ကြား မေ ၁၄ရက် ညနေက တိုက်ပွဲဖြစ်ခဲ့ပြီး အပြန်အလှန် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တအာင်းတပ်မတော်က မေ ၁၅ရက်က ထုတ်ပြန်ထားသည်။
Credit - Mizzima News
No comments:
Post a Comment