Tuesday, May 12, 2015

အစိုးရအဖွဲ့တွင် ၀န်ကြီးအရေအတွက်ကို တိုးမြှင့်ရန် နေတန်ယာဟု ကြိုးပမ်းနေ

တဲလ်အဗစ်၊ မေ-၁၁။       ။ ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား ၄င်း၏ အစိုးရသစ်တွင် ၀န်ကြီးအရေအတွက်ကို တိုးမြှင့်ခွင့်ပြုမည့် ဥပဒေအပြောင်းအလဲ များကို အစ္စရေး၏ ထွက်ခွာအံ့စဲစဲ အစိုးရက သဘောတူလိုက်သည်။

ဗုဒ္ဓဟူးနေ့ နေတန်ယာဟု၏ အစိုးရသစ် ကျမ်းသစ္စာမကျိန်ဆိုမီ ပြုလုပ်သည့် နောက်ဆုံးအစည်းအဝေးတွင် လက်ရှိအစိုးရက ၀န်ကြီးအရေအတွက်ကို ၁၈ ဦး အထိသာ ကန့်သတ်ထားသည့် ဥပဒေကို အကောင်အထည်ဖော်ခြင်းကို ပြန်လည်ရုပ်သိမ်းရန် ဆန္ဒမဲပေးခဲ့ကြသည်။

ယခု ပါလီမန်တွင် မဲခွဲဆုံးဖြတ်မည့် ပြင်ဆင်ချက်က နေတန်ယာဟုအား ၄င်း၏ လကျာ်ယိမ်း လီကွတ်ပါတီ အကြီးတန်းအဖွဲ့ဝင်များကို ရာထူးတာဝန် များ ပေးအပ်နိုင်စေရန်အလို့ငှာ ၀န်ကြီး ၂၀ပါဝင်သည့် ပိုမိုကြီးမားသော အစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့်ပြုရန် ရည်ရွယ်သည်။

အဆိုပါ ပြင်ဆင်ချက်ကို နေတန်ယာဟု အစိုးရအဖွဲ့သစ်တွင် တရားဝင်ကျမ်းသစ္စာ ကျိန်ဆိုမည့် နောက်ဆုံးရက်ဖြစ်သော ဗုဒ္ဓဟူးနေ့မတိုင်မီတွင် အတည်ပြုပြ ဌာန်းနိုင်ရန်အတွက် နက်ဆက်လွှတ်တော်တွင် တနင်္လာနေ့တွင် မဲခွဲဆုံးဖြတ်မည်ဟု မျှော်လင့်ရသည်။

အဆိုပါပြင်ဆင်ချက်ကို အတည်ပြုပြဌာန်းရန်အတွက် မဲအများစု ထောက်ခံရမည်ဖြစ်ရာ အမတ်နေရာ ၁၂၀ရှိသည့် ပါလီမန်တွင် ၆၁နေရာဖြင့် ပါးပါးလေးသာ အများစုရထားသည့် နေတန်ယာဟု၏ ညွှန့်ပေါင်းအစိုးရအတွက် ပထမဆုံးအကြိမ် တောင့်တင်းမှုကို စမ်းသပ်လိုက်ခြင်းပင်ဖြစ်သည်။

နေတန်ယာဟုအနေဖြင့် ၄င်း၏ ညွှန့်ပေါင်းပါ့တနာလေးယောက်ကို အလျှာ့ပေးရန် ဖိအားပေးခံခဲ့ရပြီးနောက်တွင် အမတ်နေရာ ၃၀ ရရှိခဲ့သည့် လီကွတ်ပါတီ အတွင်း ဝေဖန်မှုများကို တားဆီးရန်မှာ အဓိကရည်ရွယ်ချက်ဖြစ်သည်ဟု ဝေဖန်သုံးသပ်သူများက ပြောကြားသည။်

ညွှန့်ပေါင်းပါ့တနာများ၏ ထောက်ခံမှုကို ရရှိရန်အလို့ငှာ၊ နေတန်ယာဟုက သူ့ပါတီဝင်များအတွက် အနည်းငယ်သာ ချန်ထားပြီး ညွှန့်ပေါင်းပါ့တနာများ အား မျှော်လင့်ထားသည်ထက် ပိုမိုသော ရာထူးနေရာများဖြင့် ကမ်းလှမ်းခဲ့ရသည်ဟူသော အမြင်များလည်း ထွက်ပေါ်လာနေသည်။

ဤဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုက ပြင်ဆင်ချက်အတည်ပြုရေးတွင် အခရာကျသည့် ဗဟိုဝါဒီ Yesh Atid ပါတီ၏ အကြီးအကဲ ဘဏ္ဍာရေးဝန်ကြီးဟောင်း ယိုင်ရာ လာပစ်ကို ဒေါသထွက်စေခဲ့သည်ဟု ဆိုသည်။

အစိုးရအဖွဲ့ကို ချဲ့ထွင်ခြင်းမှာ နိုင်ငံရေးအစီအစဉ်များနှင့် လူငယ်များအတွက် အလုပ်အကိုင်များ ဖန်တီးပေးရန်တွက် သုံးစွဲရန် ရည်ရွယ်ထားသည့် ငွေကြေး ကို ဖြုန်းတီးပစ်ခြင်းပင်ဖြစ်သည်ဟုလည်း လာပစ်က ပြောကြားခဲ့သည်။  တနင်္ဂနွေနေ့ နှောင်းပိုင်းက Yesh Atid ပါတီကို ဥပဒေပြင်ဆင်မှုကို ပိတ်ဆို့သည့် ပန်ကြားလွှာတစ်စောင်ကို အထက်ရုံးတော်သို့ တင်သွင်းခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment