စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ မြို့မစည်ပင်သာယာဈေးသစ်ကို ၁၉၅၀ ပြည့်နှစ်မှစတင်၍ စည်ပင် ဈေးဟောင်း တည်ဆောက်ခဲ့ပါသည်။
ထို့နောက် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ပြည်ထဲရေးဌာန စည်ပင်သာယာရေး ကော်မတီနှင့် ဈေး အကျိုးတော် ဆောင်များ ပူးပေါင်း၍ ကိုယ့်အားကိုယ်ကိုး ဈေးသစ်ကြီးကို ၈ လမ်းနှင့် ၉ လမ်းကြားတွင် A,B,C, D,E ရုံကြီးကြားနှင့် မြို့တော်ခန်းမ F,G,H ရုံများကြားတွင် ပျံကျဈေးသည်များမှာ နိစ္စဓူဝ ဈေးဆိုင်များကို နေရာ သတ်မှတ်ချက်အရ ရောင်းချခဲ့ရပါသည်။
ကျွန်တော်၊ ကျွန်မတို့၏ ရောင်းချနေရာများအတွက် နေ့စဉ် ဈေးကောက် တစ်ရက် ၄၀၀-၅၀၀ ကျပ်စီဖြင့် တာဝန်ယူ ထမ်းဆောင်ရပြီး နှစ်စဉ် စည်ပင်စားသောက်ခွန် လိုင်စင်များကိုလည်း ဆိုင်အခြေအနေ တစ်နှစ်ကျပ် ၁၁၀၀၀ မှ ၆၀၀၀ အတွင်း ကောက်ခံမှုကိုလည်း တာဝန်ယူခဲ့ပါသည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှစ၍ အမိုးအကာကို ပျံကျဈေးသည်များအား မမိုးရန် ကြေညာပြီး စည်ပင် ဈေးဝန်ထမ်းများနှင့် ဈေးအမှုဆောင် ကော်မတီတို့နှင့် အဆင်ပြေသော ဆိုင်များသာ နဂိုအတိုင်း အခိုင်အမာ မိုးစေခဲ့ပါသည်။
အောက်တွင် လက်မှတ်ရေးထိုးကြသော ကျွန်တော်၊ ကျွန်မတို့က စည်းကမ်းကို လိုက်နာပြီး အခြေအနေကို စောင့်ကြည်နေစဉ် ဈေးစည်ပင် စည်းကမ်းထိန်းသိမ်းရေး တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများနှင့် အဆင်ပြေမှု၊ နားလည်မှုကို ရယူထားကြသော ပျံကျဈေးဆိုင်များကို ဥပေက္ခာပြုပြီး ဈေးစည်းကမ်း ထိန်းသိမ်းရေး ၀န်ထမ်းများနှင့် အဆင်မပြေကြသူများကိုမူ ညပိုင်း၌ ဆိုင်အမိုးများကို ဖျက်ဆီးခြင်း၊ အမိုးအကာများကို ဖြုတ်ယူသိမ်းဆည်းခြင်း၊ မူလဆိုင်ပိုင်ရှင်များကို အသိပေး အကြောင်းမကြားဘဲ မင်းမဲ့စရိုက်ဖြင့် ရိုက်ချိုး ဖျက်ဆီးခံခဲ့ကြပါသည်။
စည်ပင်ဈေးသည်များအပေါ် အုပ်ချုပ်သော ၀န်ထမ်း၊ ဈေးခေါင်းများက စည်ပင်ဈေးအပေါ် အုပ်ချုပ်ရာတွင် မျှတမှုမရှိဘဲ အထည်ပျံကျဈေးနေရာတွင် အမိုးကို ဖျက်သိမ်းခိုင်းပြီးမှ ပြန်လည်အခိုင်အမာ တည်ဆောက် နေခြင်း၊ ၀က်သားတုတ်ထိုး ပျံကျဆိုင်ကို ဖျက်သိမ်းခဲ့ပြီးမှ ထပ်မံ၍ အခိုင်အမာ တည်ဆောက်ခွင့်ပြုနေခြင်း၊ ဦးအောင်နိုင်ထွန်း ရွှေဆိုင်ရှေ့မျက်နှာစာမှ ကုန်ခြောက်ဆိုင်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ အတွင်းက ဖျက်သိမ်းခိုင်းပြီး ပြန်လည်တည်ဆောက် ခင်းကျင်းခွင့်ပြုနေခြင်း၊ ထို့ပြင်စစ်မှုထမ်းဟောင်းရုံရှေ့နှင့် (ဒီ) ရုံကြားတွင် တည်ရှိသော ပျံကျဈေးသည်များကို ဖျက်သိမ်းခိုင်းပြီးမှ ယခုအခါ ဆိုင်နေရာများ၏ အမိုးကို ခိုင်မာအောင် ပြုလုပ်ထားသည်အား တွေ့ကြရပါသည်။
လေဘေးသည်များကို ယခင်တစ်ပြေးညီ စည်းကမ်းချက် ထုတ်ပြန်၍ ရေစင်၊ ခန်းမနှင့် စီရုံကြား မြေကွက်လပ်တွင် မရောင်းချရန် တားမြစ်ခဲ့ပြီးမှ ယခုဧပြီလအတွင်း နေရာများ ပြန်လည်ချထားကာ အမိုးအခိုင်အမာပြု၍ ရောင်းချနေမှုကို မြင်တွေ့ကြရပါသည်။
သို့ဖြစ်ပါ၍ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် အခြေခံဈေးသူဈေးသားများ အပေါ် ပုဂ္ဂိုလ်ရေးကို ငဲ့ကွက် ဆက်ဆံပြီး ငွေကြေးပံ့ပိုးမှုကို လက်ခံရယူ ဆောင်ရွက်နေကြသော စည်ပင်ဈေးခေါင်း၊ စည်းကမ်းထိန်း အကျင့်ပျက် ၀န်ထမ်းများကို ထိထိရောက်ရောက် အရေးယူပြီး ပျံကျဈေးသူ ဈေးသားများအပေါ် တရားမျှတမှုဖြင့် စီမံအုပ်ချုပ်ပေးပါရန် အများကိုယ်စား တိုင်ကြားလိုက်ရပါသည်။
မြို့မစည်ပင်ဈေး
ပျံကျဈေးသည်များ
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment