ရန်ကုန်၊ မေ ၁၃။ ။ ပြည်တွင်း ဆန်ကြမ်း ဆန်ချော နှစ်မျိုးလုံး ဈေးနှုန်းသည် သင်္ကြန်ကာလ နောက်ပိုင်းကပင် တအိအိ တက်လာပြီး လက်ရှိအချိန်တွင် အတက်ဈေးတွင် ငြိမ်နေသည့် အခြေအနေမျိုး ဖြစ်သည်ဟု ဈေးကွက်အတွင်းရှိ ဆန်ကုန်သည်များက မဇ္ဈိမကို ပြောသည်။
ပြည်တွင်း ဆန်ချောဈေးနှုန်းသည် ရက်သတ္တပတ်နှစ်ပတ်အတွင်း တစ်အိတ်လျှင် သုံးထောင်ကျော်ခန့် ဈေး မြင့်တက်လာသည်ဟု ၀ါးတန်း ဆန်စပါးကုန်စည် ဒိုင်မှာ ဆန်ကုန်သည်များက ပြောသည်။
ဝါးတန်းဆန်ကုန်သည်စည်ဒိုင်မှာ တာဝန်ရှိသူတစ်ဦးက " ဆန်ဈေးက သင်္ကြန်အပြီးကတည်းက တဖြည်းဖြည်းတက်လာတာ။ မေလအထိ ဈေးတက်နေတုန်းပဲ။ ဒီရက်ပိုင်းတော့ ဆန်ဈေးက အမြင့်ဈေးနဲ့ပဲ ငြိမ်နေတယ်။ ကျဖို့တော့ မမြင်သေးဘူး။ စပါးကို ဒီနှစ်ကြိတ်တာ အကြေများတော့ ဆန်ကွဲဖြစ်တာများတယ်လို့ နယ်ကပြောကြတယ် " ဟု ပြောသည်။
မေလ ၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြဒေသများမှ ထွက်ရှိသည့် ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၆၀၀၀ ဈေးရှိရာမှ မေလ ၁၃ ရက်တွင် တစ်အိတ်လျှင် ကျပ် ၃၉၀၀၀ ဈေးရှိနေပြီး နှစ်ပတ်ခန့်အတွင်း တစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့် တက်လာသည့် အနေအထားဖြစ်သည်။
ရွှေဘိုပေါ်ဆန်းမှာ မေလဆန်းပိုင်းတွင် တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ကျော်ရှိရာမှ မေလ ၁၃ ရက်တွင် တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ ဈေးရှိနေသည်။
ယခုနှစ်၊ မေလတွင် ဖြစ်ပေါ်လျက်ရှိသည့် ဆန်ချောဈေးနှုန်းများသည် ယခင်နှစ်ထက် တစ်အိတ်လျှင် ကျပ် ငါးထောင်ခန့် ဈေး မြင့်နေခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေ သည့် အမြင့်ဈေးဖြင့်သာ ဈေးငြိမ်နေ နိုင်သည်ဟု ဆန်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ဆန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဇော်ခိုင်က " တရုတ်ဘက်တော့ ဆန်ကြမ်းတွေအဆွဲများနေတယ်။ တရုတ်ဆွဲအားကြောင့် ဆန်ကြမ်းကတော့ အတက်ဈေးဖြစ် မယ်လို့ မှန်းထားကြတယ်။" ဟု ပြောသည်။
ဧည့်မထ(ဆန်ကြမ်း) ဈေးသည် မေလ ၁ ရက်တွင် ကျပ် ၁၆၀၀၀ ဈေးရှိရာ လက်ရှိအချိန်တွင် ကျပ် ၁၈၀၀၀ ကျော် ဈေးပေါက်လျက်ရှိပြီး ဆန်ကြမ်းဈေးနှုန်း သည် ယခင်နှစ်က ကျပ် ၁၅၀၀၀ အောက် တွင်သာ ဈေးရှိခဲ့သည်။
ယခုနှစ်တွင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံသဘောတူညီထားချက်များအရ ဆန်တစ်ချိန်တစ်သိန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့သွားရန်လည်းရှိပြီး ယခုအချိန်တွင် မူဆယ်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု များပြားလျက်ရှိသည်။
Credit - Mizzima News
No comments:
Post a Comment