Sunday, May 10, 2015

ဝန်ကြီး ဦးရဲထွဋ် စကားကို ဘာသာပြန်ခြင်း

 Written by  စည်သူအောင်မြင့်

ကိုမျိုးသန့်ရေ

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ရော၊ ပြန်ကြားရေး ၀န်ကြီးဦးရဲထွဋ်ရော မိန့်ခွန်းတွေ ပြောခဲ့ကြတယ်နော။ သူတို့ ပြောတာတွေကို ကောက်နှုတ်ပြီး သတင်းစာ၊ ဂျာနယ်တွေမှာ ဖော်ပြတာ ပြည်သူ အတော်များများလည်း ဖတ်ရှုလို့ ပြီးကြပါပြီ။ အဲဒီထဲမှာ ဝန်ကြီးဦးရဲထွဋ် ပြောတဲ့ စကားနဲ့ ပတ်သက်ပြီး ကျွန်တော် ဆွေးနွေးချင်တဲ့ အချက် နည်းနည်း ရှိနေပါတယ်။ ကိုမျိုးသန့် သိတဲ့အတိုင်း ဒီ တစ်ပတ်အတွင်း ဝ ဒေသမှာ လုပ်တဲ့ လက်နက်ကိုင် တိုင်းရင်းသား တွေရဲ့ အစည်းအဝေး ကိစ္စ၊ အဲဒီကနေ ကြေညာလိုက်တဲ့ ထုတ်ပြန်ချက် စတာတွေ အပါအဝင် အရေးကြီး သတင်းတွေ ဖြစ်ပေါ်တဲ့ ကာလ ဖြစ်နေလို့လည်း ကျွန်တော် အဲဒီဘက် မလှည့်ဖြစ်ဘူး။ ဒီနေ့ အဲဒီ အကြောင်းလေး ဆွေးနွေးပြောပြကြည့်ချင်ပါတယ်။

အခမ်းအနားမှာ ဦးရဲထွဋ် ပြောခဲ့တဲ့အထဲ ခုလို ပါပါတယ်။ “နောက် စာနယ်ဇင်းသမားများရဲ့ လုံခြုံရေးနဲ့ပတ်သက်ရင် သတိပြုသင့်တဲ့ အချက်တစ်ခု ကတော့ စာနယ်ဇင်းသမားများ အနေနဲ့ သူတို့ရဲ့ တာဝန်များကို ကျင့်ဝတ်များနဲ့အညီ လွတ်လပ်စွာ လုပ်ကိုင်နိုင်စွမ်း မရှိအောင် နှောင့်ယှက်မှုဟာ ရုပ်ပိုင်းဆိုင်ရာ တစ်ခုတည်းပင် ဖြစ်တာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာအရလည်း ဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် စာနယ်ဇင်းသမားတွေဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မရအောင် စိတ်ပိုင်း ဆိုင်ရာ ဖိအားပေး ခံရမှုတွေ ရှိနိုင်တယ်” ဆိုတဲ့ အချက်ကို ကျွန်တော်တို့ သတိပြုမိဖို့ လိုပါတယ်။

ဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ လေ့လာကြည့်မိတာ နှစ် မျိုးတွေ့ပါတယ်။ ပထမတစ်ခုက တရားစွဲလို့လွယ်တဲ့ အသရေဖျက်မှုဥပဒေ ဆိုတာကို သုံးပြီးတော့ ဆောင်ရွက်လာတဲ့ အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုက အသရေဖျက်မှုနဲ့ပတ်သက်ပြီး မီဒီယာတွေကို တရားစွဲမှု အများဆုံး လုပ်နေတာက အစိုးရအဖွဲ့နဲ့ တစ်သီးပုဂ္ဂလ ပြည်သူတွေ မဟုတ်ပါဘူး။ မီဒီယာ အဖွဲ့အစည်း အချင်းချင်း အသရေဖျက်မှုနဲ့ တရားစွဲခြင်းက အများဆုံးဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဝန်ကြီးဌာနတွေအနေနဲ့ အသရေဖျက်မှုနဲ့တရားရင်ဆိုင်နေရတာ နှစ်ခုပဲ ရှိပါတယ်။ တစ်ခုက ကျွန်တော်တို့ တရားရုံးပြင်ပမှာ ကျေအေးခဲ့ကြတယ်။ တစ်ခုက စာနယ်ဇင်းကောင်စီမှာ ကျွန်တော်တို့ ဖြေရှင်းလို့ မရလို့ တရားစွဲခဲ့ရတာ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လေ့လာကြည့်တာ မီဒီယာအချင်းချင်း အသရေဖျက်မှုနဲ့ တရားစွဲခဲ့တာ အမှုပေါင်း ၂၀ ကျော် ရှိတယ်။ ဒါ ကျွန်တော်လက်လှမ်းမီ သလောက် လေ့လာကြည့်တာပါ။ အလွတ်တန်းသတင်းထောက် တစ်ယောက်တည်းက မီဒီယာအုပ်စု တစ်စုတည်းက စွဲတဲ့ အမှု ၅ မှုလောက်ကို ရင်ဆိုင်နေရတာလည်း ရှိတယ်။ မီဒီယာအုပ်စုကြီးတွေ အနေနဲ့ သူတို့ရဲ့ နိုင်ငံရေး အကျိုးစီးပွား ၊ စီးပွားရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် တခြား မီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာတာဟာ မြန်မာ့စာနယ်ဇင်းလောကရဲ့ လွတ်လပ်ခွင့်အတွက် ကောင်းတာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

သူပြောတာတွေကို ရှင်းပြရရင် သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြဿနာ နှစ်ခု ရှိတဲ့ အကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ သိပ်မကြာသေးခင်တုန်းက အလုပ်သမားနဲ့ ကျောင်းသားတွေ သပိတ်မှောက် ဆန္ဒပြပွဲ ကာလတွေမှာ အာဏာပိုင်တွေက သတင်းသမားမှန်း သိသိကြီးနဲ့ အကြမ်းဖက် ရိုက်နှက်၊ ဖမ်းဆီး၊ ခြိမ်းခြောက်တဲ့ ကိစ္စတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဖြစ်ခဲ့ပြီးတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ၀န်ကြီးဦးရဲထွဋ် ဝန်ခံတဲ့ သဘောပါ။ နောက်ပြဿနာ တစ်ခုကတော့ တရားရုံးလိုမျိုးကို အသုံးပြုပြီး သတင်းသမားတွေကို စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်တာပါ။ သူဆိုလိုတာ အသရေဖျက်မှုနဲ့ တရားစွဲတဲ့ ကိစ္စမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

ဝန်ကြီး ဦးရဲထွဋ်ပြောထားတဲ့ အထဲက မီဒီယာအချင်းချင်း အသရေဖျက်မှုနဲ့ တရားစွဲခဲ့တာ အမှုပေါင်း ၂၀ ကျော်ရှိတယ် ဆိုတာဟာ ဒေါက်တာ သန်းထွဋ်အောင်နဲ့ အလဲဗင်း မီဒီယာကို ရည်ညွှန်းတာပါ။ အလဲဗင်း မီဒီယာကနေ တရားရုံးကို အသုံးချပြီး အသရေဖျက်မှုနဲ့ တရားစွဲခဲ့တာ စုစုပေါင်း အမှု၂၀ ကျော် ရှိတယ်လို့ ဆိုလိုတာပါ။ နောက်တစ်ချက် အလွတ်တန်းသတင်းထောက် တစ်ယောက်တည်းက မီဒီယာအုပ်စု တစ်စုတည်းက စွဲတဲ့အမှု ၅ မှုလောက်ကို ရင်ဆိုင်နေရတာလည်း ရှိတယ် ဆိုတာ ဒေါက်တာသန်းထွဋ်အောင်ရဲ့ အလဲဗင်း မီဒီယာနဲ့ ကျွန်တော့်ကို ရည်ညွှန်းတာပါ။

ကိုမျိုးသန့် သိပြီးဖြစ်မှာပါ။ အခု ပြန်ကြားရေးကနေ အလဲဗင်းမီဒီယာက စီအီးအို ဒေါက်တာသန်းထွဋ်အောင် အပါအဝင် ဝန်ထမ်းတွေကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ နေပြည်တော်မှာ တရားစွဲထားတဲ့ အမှုတစ်ခု ရှိနေပါတယ်။ ဒီအမှုအကြောင်း အလဲဗင်းမီဒီယာက ပုံမှန် ဖော်ပြပါတယ်။ ရေးထားသမျှ ဖတ်ကြည့်ရင် အစိုးရဟာ တရားရုံးကို အသုံးပြုပြီး သူတို့ကို ဖိနှိပ်နေပါတယ်၊ မတရား လုပ်နေပါတယ်ဆိုပြီး ရေးသားဖော်ပြနေတယ်လို့ ကျွန်တော် နားလည်ပါတယ်။ ဒီအခါ ဦးရဲထွဋ်က ကျွန်တော်တို့ လုပ်တာ ဘာဟုတ်သေးလို့လဲ ကျွန်တော်တို့က သူ့ကို တစ်မှုပဲ စွဲထားတယ်၊ သူက တခြား မီဒီယာသမား တွေကို အမှု ၂၀ လောက်စွဲခဲ့တယ်၊ တစ်ယောက်တည်းကိုတောင် ၅ မှုလောက် စွဲခဲ့တယ်၊ သတင်းမီဒီယာ ဖိနှိပ်မှုနဲ့ ပတ်သက်ရင် ကျွန်တော်တို့ကို အဆိုးမပြောကြနဲ့၊ မီဒီယာ အချင်းချင်း ဆိုးတာမျိုး ရှိတယ် ဆိုတာကိုလည်း သတိပြုကြပါဦး လို့ ပြောချင်ပုံ ရပါတယ်။

ဒါနဲ့ တဆက်တည်း ဦးရဲထွဋ်က အယ်ဒီတာလွတ်လပ်ခွင့် အကြောင်းလည်း ထည့်ပြောခဲ့ပါသေးတယ်။ သူပြောတာက မီဒီယာလွတ်လပ်ခွင့်အကြောင်း ပြောနေကြပေမယ့် မြန်မာနိုင်ငံမှာ အယ်ဒီတာလွတ်လပ်ခွင့် မရှိတဲ့အကြောင်း၊ မီဒီယာ ပိုင်ထားသူတွေက သတင်းသမားတွေကို အယ်ဒီတာလွတ်လပ်ခွင့် မပေးဘဲ သူ လိုရာပုံဖော်၊ ချယ်လှယ်နေကြတဲ့ အကြောင်းပါ။

“ဖုံးကွယ်ထားတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားတွေနဲ့ မီဒီယာအုပ်စုတွေက ဒါကို မီဒီယာလွတ်လပ်ခွင့်ကို အသုံးချပြီးတော့မှ အမြတ်ထုတ်လာတာမျိုးတွေ ကတော့ အန္တရာယ်ကြီးပါတယ်။ စာနယ်ဇင်းတွေမှာ၊ စာနယ်ဇင်းသမားတွေမှာ၊ အယ်ဒီတာတွေမှာ အယ်ဒီတာ လွတ်လပ်ခွင့် မရှိဘဲနဲ့ ခုန ကျွန်တော်ပြောတဲ့ မီဒီယာအုပ်စုကြီးတွေမှာ ပြန်ကြည့်လိုက်ရင် ကုမ္ပဏီ ပိုင်ရှင်တွေ၊ အမှုဆောင်အရာရှိချုပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ လိုက်ပြီးတော့ ရေးသားနေရတာဟာ စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် မကောင်းပါဘူး။ အယ်ဒီတာလွတ်လပ်ခွင့်ရှိတဲ့၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ မီဒီယာတွေကပဲ ပြည်သူလူထုရဲ့ သိပိုင်ခွင့်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မှာပါ။ လိုရာကို ဆွဲပြီးတော့ ရေးသားတဲ့သတင်းတွေ၊ ပုံဖျက်ထားတဲ့ ကိုးကားမှုတွေ၊ အဓိပ္ပာယ်ကောက် လွဲစေနိုင်တဲ့ ဓာတ်ပုံတွေဟာ ပြည်သူတွေရဲ့ တကယ့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တယ်လို့ပဲ ကျွန်တော်တို့ မြင်ပါတယ်” လို့ ဆိုပါတယ်။ ဒါကလည်း အလဲဗင်း မီဒီယာနဲ့ တခြား မီဒီယာ တချို့ကို ရည်ညွှန်းသွားတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်ကတော့ အစိုးရက အပြည့်အ၀ ထိန်းချုပ်ထားတဲ့ မီဒီယာတွေ၊ ခရိုနီတွေပိုင် မီဒီယာတွေ အပါအ၀င် အဲလို မီဒီယာတွေမှာ အယ်ဒီတာလွတ်လပ်ခွင့် မရှိဘူး၊ ဒါဟာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးမဖြစ်စေနိုင်ဘူးလို့ မြင်ကြောင်းပါ။

ကျန်းမာပျော်ရွှင်ပါစေ။


Credit - Mizzima News

No comments:

Post a Comment