Wednesday, May 13, 2015

နီပေါတွင် ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ အားပြင်း ငလျင် ထပ်လှုပ်ပြန် အနည်းဆုံး လူ ၄၀ ဦးသေဆုံး

Nepal Equ
ပုံစာ- မေ ၁၂ရက်က နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် ဒုတိယမြောက် အင်အားပြင်းငလျင်လှုပ်ခတ်အပြီး တွေ့ရသည့် နီပေါပြည်သူများ။ ထပ်မံလှုပ်ခတ်ခဲ့သည် နီပေါငလျင်ကြောင့် မေ ၁၂ရက်တွင် လူပေါင်း ၄၀ခန့် သေဆုံးခဲ့ရသည်။(ဓာတ်ပုံ-အီးပီအေ)

နီပေါနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်များက အားပြင်းငလျင်လှုပ်ခဲ့၍ သေဆုံးသူ ၈၀၀၀ကျော်ပြီး နိုင်ငံ၏ နေရာနယ်မြေများစွာတွင် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေချိန် ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၄ အဆင့်ရှိ အားပြင်းငလျင် နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ထပ်မံလှုပ်ခတ်ကာ လူ ၄၀ခန့် သေဆုံးခဲ့သည်ဟု နီပေါအစိုးရက ဆိုသည်။

အမေရိကန်ဘူမိတိုင်းတာရေးစခန်း၏ ပြောကြားချက်အရ ဧဝရတ်တောင်တက်စခန်းအနီး နမ်ချီဘာဇားမှ အနောက်ဖက် ၆၈ ကီလိုမီတာတွင် မြေအောက်အနက် ၁၉ ကီလိုမီတာ၌ လှုပ်ခဲ့ခြင်းဖြစ်သည်။

ငလျင်လှုပ်သဖြင့် ခတ္တမန္တူတွင် လူများက အဆောက်အအုံများတွင်းက ပြေးထွက်ခဲ့ကြသည်။

အဆောက်အအုံများ ပျက်စီးမှု သတင်း ချက်ချင်းမသိရသေးကြောင်း၊ သို့သော် ဆိုင်ရှင်များက ဈေးဆိုင်များကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြသည်။

"တော်တော်ကြီးတဲ့ ငလျင်လှုပ်သွားတာပါ။”ဟု ခတ္တမန္တူရှိ လက်ကိုင်အိတ်အရောင်းဆိုင်ရှင် ပရာကတ်ရှ်ရှီပါကာက ပြောသည်။

ငလျင်လှိုင်းက အိန္ဒိယမြောက်ပိုင်းတွင်ပါ လှုပ်သွားခဲ့ပြီး အဆောက်အအုံများ တစ်မိနစ်ကျော်မှ တုန်ခါကာ လူများလည်း လမ်းများပေါ်သို့ ထွက်ပြေးကာ အုတ်အော်သောင်းနင်းဖြစ်ခဲ့သည်။

အစောပိုင်းက ယင်းငလျင်ကို ပြင်းအား ၇ ဒသမ ၁ ရှိသည်ဟု တိုင်းတာခဲ့သော်လည်း နောက်ပိုင်းတွင် အားပိုပြင်းကြောင်း တိုင်းထွာခဲ့သည်။

နီပေါတွင် ဧပြီ ၂၅ ရက်က ပြင်းအား ၇ ဒသမ ၈ ငလျင်လှုပ်ပြီး လူပေါင်း အနည်းဆုံး ၈၀၄၆ သေဆုံးခဲ့ကာ ဒဏ်ရာထိခိုက်သူပေါင်း ၁၇၈၀ကျော် ရှိခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment