ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) တို့ ဦးဆောင်ကာ မေလ ၉ ရက်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲ၏ ထုတ်ပြန်ချက်မှာ ဆွေးနွေးပွဲ မတိုင်မီ ကြိုတင် စီစဉ် ထားခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် တက်ရောက်သူများကို ဖတ်ပြကာ သဘောတူညီ စေခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အစည်းအဝေး သို့ တက်ရောက်ခဲ့သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မေလ ၁၃ ရက်တွင် ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က သမ္မတ ဦးဆောင်ကာ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး
ကတိက၀တ်ပြုခြင်း (Deed of Commitment) တွင် ပါရှိသည့် ကတိက၀တ်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အတွက် လိုအပ်သည့် ပြင်ဆင် မှုများကို လုပ်ဆောင်ရန် အဖွဲ့အစည်းအစုံ ပါဝင်သော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (Coordination Team For Peace and National Reconcilation) ကို ဖွဲ့စည်းရန် တက်ရောက်သူများက မူအားဖြင့် သဘောတူညီကြောင်း ရေးသား ထားသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) ၊ ကရင်အမျိုးသား ပါတီ (KNP) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့က မှတ်တမ်း တင်ထားရန်သာ သဘောထား ပေးခဲ့ကြသည်။
““Statement တွေ ဘာတွေလည်း ကြိုတင်ရေးထားတဲ့ Statement လာတဲ့သူအားလုံး ဖတ်ပြပြီး အတည်ပြု ခိုင်းတာဗျ။ တချို့ကတော့ ဘယ်ဖျက်နိုင်မလဲ။ မပြေလည်ဘူးပေါ့။ ဒါပေမဲ့ တချို့ကလည်း မပြောချင်ကြဘူး။ ဒီလိုပဲ နားထောင်ပြီး ပြန်သွားကြတာ။ ကျွန်တော်တို့ ၅ ဖွဲ့က ဒီထဲမှာမပါဘူးဆိုပြီး မှတ်တမ်းတင်ခိုင်း ထားတယ်။ Statement ထွက်လာတော့ အားလုံးသဘောတူတဲ့ သဘောမျိုး ထွက်တယ်။ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ ဒီကြားထဲမှာ တွေ့ပါဦးမယ်။ ပုဂ္ဂိုလ်ရေးအရ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုက ပိုဝေး သွားလိမ့်မယ်။ ဒီအချိန်မှာ ဒီလိုလုပ်လို့ မရဘူးလေ။ မလုပ်ရဘူး။ ဒါကိုရှောင်ရမှာ။ ဒါကို ဇွတ်လုပ်နေကြတယ်”” ဟု SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဝေဖန်ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အလုပ်ရုံ ဆွေးနွေးပွဲ မူလအစီအစဉ်တွင် ပါဝင်ခြင်းမရှိသော Coordination Team ဖွဲ့စည်းရန် ကြေညာချက်အပေါ် ပါဝင်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ကြေညာချက်အား အဆိုပါ အစည်းအဝေးအပြီး တစ်ရက်အကြာ မေလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
““သူတို့ Statement က ကျွန်တော်တို့ စဉ်းစားထားတာ ရှိပါတယ်။ Statement ထဲမှာ ဘာတွေ တင်ချင် သလဲဆိုတာ ဒီလိုလာတာပေါ့ဗျာ။ ကျွန်တော်တို့က အဲဒါကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူညီ ခဲ့ဘူးလေ””ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဦးထွန်းထွန်းဟိန်က ပြောသည်။
အဆိုပါပွဲသို့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ နိုင်ငံရေးပါတီ ၆၄ ပါတီမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ခုမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ လူထုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ၁၅၂ ဦး တက်ရောက်ခဲ့သည်။
““ဒါသူ့ယူဆချက်ပေါ့။ လွတ်လွတ်လပ်လပ် ယူဆလို့ရတာပဲ။ ပြောပေါ့။ ခုဒီမိုကရေစီခေတ်ပဲ။ ၆၄ ပါတီ တက်တယ်။ ပါတီ ၆၀ သဘောတူတာပဲ။ ကန့်ကွက်တဲ့ ပါတီရယ်လို့ မဟုတ်ဘူး။ မှတ်တမ်းတင်ပါလို့ ပြောတယ်။ ကျွန်တော်မေးတာပဲ ကန့်ကွက်တဲ့ လူရှိသလားဆိုတာ။ ကန့်ကွက်တဲ့ လူမရှိဘူးလေကွာ။ ကန့်ကွက်ချင်တယ်ဆို အဲဒီကတည်းက ကန့်ကွက်လေကွာ””ဟု အဆိုပါ ဆွေးနွေးပွဲ၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၁၁ ရက်ကလည်း နိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေးစင်တာမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့၊ ပြည်တွင်းငြိမ်း ချမ်းရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး အမြန်လက်မှတ်ရေးထိုးရန် SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း အကြံပြုမှု အပါအ၀င် အချက် ၆ ချက်ပါ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်၌ တက်ရောက်ခဲ့သော နိုင်ငံရေးပါတီများ အားလုံးကို ကိုယ်စားပြုသကဲ့သို့ ထုတ်ပြန်ထားသော်လည်း NLD နှင့် SNLD တို့က ၎င်းတို့၏ သဘောထား မပါဝင်ကြောင်း ကြေညာခဲ့သည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment