Written by
စည်သူအောင်မြင့်
သင်္ကြန် နားရက်တွေအပြီး မေလ ၁၁ ရက်နေ့က ပြန်လည်ကျင်းပတဲ့ ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း” နဲ့ ပတ်သက်ပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းပါတယ်။ တကယ်တော့ ဒီ ဥပဒေကို ပြန်ကြားရေး ၀န်ကြီးဌာနက လွှတ်တော်တွင်း တင်သွင်းထားတာ ၂ နှစ်ဝန်းကျင် ရှိနေပါပြီ။ အမျိုးသား လွှတ်တော်ဘက်က ဆွေးနွေး၊ ပြင်ဆင်ချက်နဲ့ အတည်ပြုထားတာလည်း ကာလ ကြာမြင့်ပါပြီ။ ဥပဒေကြမ်းတစ်ခု လွှတ်တော်ထဲ ဘာကြောင့် ဒီလောက် အချိန်ကြာမြင့်နေရသလဲ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း” မြန်မြန်ဆန်ဆန် အတည်ပြု ပြဋ္ဌာန်းဖို့ လိုပြီလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
၂၀၁၁ ခုနှစ် မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် သွားမယ်လို့ ကတိ အထပ်ထပ်ပေးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရဟာ မီဒီယာကိုလည်း လွတ်လပ်ခွင့်ပေးမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ မီဒီယာ ဆိုရာမှာ ရုပ်သံ၊ ရေဒီယို၊ ပုံနှိပ် စာနယ်ဇင်း နဲ့ အင်တာနက် အွန်လိုင်းတို့ ပါဝင်ပါတယ်။ အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း သမ္မတ ဦးသိန်းစိန် အစိုးရဟာ ၂၀၁၂ နှစ်လယ်မှာ စာပေစိစစ်ရေးကို ဖျက်သိမ်းပေးပြီး ၂၀၁၃ ဧပြီမှာ ပုဂ္ဂလိကကို နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပေးခဲ့ပါတယ်။ ရေးသားဖော်ပြ၊
ထုတ်ဝေမှုတွေကြောင့် ပုံနှိပ် စာနယ်ဇင်းသမားတွေ တရားစွဲခံရ၊ အကျဉ်းချ ခံရတာ ရှိပေမယ့် အရင်စစ်အာဏာရှင်
ခေတ်ကနဲ့ နှိုင်းယှဉ်ရင် ယေဘုယျအားဖြင့်တော့ ပုံနှိပ်စာနယ်ဇင်းလောက လွတ်လပ်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒီအတွက်လည်း နိုင်ငံတကာက ချီးကျူးထောပနာ ပြုခဲ့ကြပြီး သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့ကလည်း ဂုဏ်ယူမဆုံး တပြုံးပြုံး ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရုပ်သံနဲ့ ရေဒီယို ထုတ်လွှင့်ခွင့်ကိုတော့ အစိုးရသက်တမ်း လေးနှစ်ကျော် ကြာလာတဲ့ ဒီကနေ့အချိန်ထိ ပုဂ္ဂလိကကို လုံးဝ လုပ်ကိုင်ခွင့် မပြုသေးပါဘူး။ ဒီအတွက် ရုပ်သံနဲ့ ရေဒီယို ထုတ်လွှင့်တဲ့ လုပ်ငန်းတွေဟာ အစိုးရ၊ တပ်မတော်နဲ့ ခရိုနီတစ်စု လက်ထဲမှာပဲ ရှိနေတာ ဖြစ်ပါတယ်။
အစိုးရက ပိုင်တဲ့ မီဒီယာတွေကိုတော့ “အများပြည်သူ ၀န်ဆောင်မှု မီဒီယာ” ဥပဒေ အတည်ပြု ပြီးတဲ့အခါ အပြောင်းအလဲ လုပ်သွားမယ်လို့ ဆိုခဲ့ပေမယ့်လည်း ခုအခါ လွှတ်တော်တွင်း တင်သွင်းခဲ့ပြီဖြစ်တဲ့ အဲဒီ ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြန်နှုတ်ယူသွားခဲ့ပါပြီ။ ဒီအတွက် အစိုးရပိုင် မီဒီယာတွေ ဆက်ပြီး တည်မြဲနေဦးမယ့် သဘော ရှိနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပခဲ့တဲ့ တတိယ အကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံမှာ ဒေသတွင်း ရေဒီယို ထုတ်လွှင့်ခြင်း (Community Radio) သည်သာ တိုင်းရင်း မီဒီယာတွေအတွက် သက်ဆိုင်ရာ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဘာသာစကားနဲ့ သတင်းတင်ပြရာမှာ ဈေးနှုန်း အသက်သာဆုံးနဲ့ အသင့်လျော်ဆုံး ဖြစ်တယ်ဆိုပြီး ဆွေးနွေးခဲ့ကြပါတယ်။ တကယ်တော့ အစိုးရကနေ ပုံနှိပ် စာနယ်ဇင်း လွတ်လပ်ခွင့် ပြုလိုက်လို့ တိုင်းရင်းသားတွေ အနေနဲ့လည်း သူ့ဘာသာစကားနဲ့သူ သတင်းစာ၊ ဂျာနယ်တွေ ပုံနှိပ်ထုတ်ဝေနိုင်တယ် ဆိုပေမယ့် သိပ်ပြီး ထိထိရောက်ရောက် ရှိလှတာတော့ မဟုတ်ပါဘူး။ ပုံနှိပ်လုပ်ငန်းတွေဟာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာပဲ ရှိတာ၊ အဲဒီ မြို့တော်တွေနဲ့ တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသ ဝေးကွာလွန်းတာ၊ သက်ဆိုင်ရာ ပြည်နယ်အတွင်းမှာလည်း လမ်းပန်းဆက်သွယ်ရေး စနစ် မကောင်းတာ၊ ပုံနှိပ် သတင်းစာ ဂျာနယ်အတွက် ကုန်ကျစရိတ် တစ်ခုရှိပြီး အဲဒီအတွက် ဆင်းရဲတဲ့ ဒေသခံ တိုင်းရင်းသားတွေ အကုန်အကျ မခံနိုင်တာ စတဲ့ ပြဿနာတွေကြောင့် ဖြစ်ပါတယ်။
ရေဒီယိုကတော့ အဲဒါနဲ့ ခြားနားပါတယ်။ အက်ဖ်အမ် ရေဒီယိုအတွက်ဆို တည်ထောင် အသံလွှင့်ရတာ စရိတ်စက သိပ်မကုန်သလို၊ တိုင်းရင်းသားတွေ အနေနဲ့လည်း ကျပ်ငွေ သုံးလေးထောင် ကုန်ကျခံ၊ ရေဒီယို တစ်လုံး ၀ယ်ထားရုံနဲ့ ကိုယ်နေထိုင်ရာ နေရာကနေ အိုးမကွာ အိမ်မကွာ နားထောင်နိုင်ကြပါတယ်။ ပြောရရင် တိုင်းရင်းသား ဘာသာစကားနဲ့ အသံလွှင့်မယ်ဆိုရင် အလွန်ကို အကျိုးထူးမယ့် သဘောပါ။ တကယ်ဆိုရင် ရေဒီယိုနဲ့ရုပ်သံ ဆိုတာ သတင်းမီဒီယာ လုပ်ငန်းတစ်ခု သက်သက် မကပါဘူး၊ တိုင်းရင်းသား ဘာသာစကား ပြန့်ပွားရေး၊ ပညာရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စတွေ မြှင့်တင်ရေး၊ အသိဉာဏ် ဗဟုသုတ ဖြည့်ဆည်းရေးမှာလည်း အများကြီး အထောက်အကူပြုတာ ဖြစ်ပါတယ်။ ခက်တာက အဲဒီ လုပ်ငန်းတွေကို အစိုးရနဲ့ ခရိုနီ တစ်စုက လက်ဝါးကြီး အုပ်ထားတဲ့ ပြဿနာပါ။ ရေဒီယိုနဲ့ ရုပ်သံကို ပုဂ္ဂလိက လုပ်ခွင့် ဘယ်တော့ရမလဲ မေးတဲ့အခါတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဥပဒေ မရှိသေးလို့၊ ဥပဒေ အတည်ပြုပြီးရင်တော့ လုပ်ခွင့်ရလာလိမ့်မယ် ဆိုပြီး ပြောဆိုလေ့ ရှိပါတယ်။
တကယ်တော့ ဒီ ဥပဒေ လွှတ်တော်ထဲ ၂ နှစ်ဝန်းကျင်လောက် ကြာနေရတာဟာ အစိုးရနဲ့ လွှတ်တော်ထိပ်ပိုင်း တာဝန်ရှိသူတွေ ကိုယ်တိုင် ပြည်သူတွေကို ရုပ်သံ၊ ရေဒီယို လုပ်ငန်း လုပ်ကိုင်ခွင့် မပေးချင်လို့ အချိန်ဆွဲထားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တိုင်းရင်းသားနဲ့ ပြည်သူတွေကို ခုလို ရုပ်သံ၊ ရေဒီယို အသံလွှင့်လုပ်ငန်း လုပ်ကိုင်ဖို့ အချိန်ဆွဲ ပိတ်ပင်ထားပေမယ့် ရွှေသံလွင်ရဲ့ စကိုင်းနက်၊ ဖော်အဲဗား ဂရုပ်ရဲ့ MRTV4 နဲ့ ခရိုနီ လုပ်ငန်းရှင် တစ်စုကတော့ လုပ်ငန်းတွေ အကြီးအကျယ် တိုးချဲ့ပြီး အစိုးရအဖွဲ့အတွက် ဝါဒဖြန့်ပေးနေသလို တစ်ဖက်မှာလည်း ပြည်သူတွေဆီက ငွေတွေ နည်းအမျိုးမျိုးနဲ့ သဲ့ယူနေကြတာ တွေ့မြင်နေရပါတယ်။
အလားတူ အများပြည်သူ အခွန်ဘဏ္ဍာငွေနဲ့ လည်ပတ်နေရတဲ့ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန ကလည်း နဂိုလုပ်ငန်းတွေ အပြင် ဧရာဝတီတိုင်း ကျောင်းကုန်း၊ ဟင်္သာတ၊ တနင်္သာရီတိုင်း၊ ထားဝယ်၊ ကရင်ပြည်နယ် ဘားအံမြို့တွေမှာ FM ရေဒီယို ထုတ်လွှင့်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
အလားတူ ပြန်ကြားရေးက သတင်းတွေကို မိုဘိုင်းဖုန်းတွေပေါ်ကနေ ဖတ်နိုင်အောင် ဒီဂျစ်တယ် သတင်းစာ ထုတ်လုပ်ဖို့လည်း ကြိုးစားနေပါတယ်။ ပြောရရင် အစိုးရသစ် သက်တန်း တစ်လျှောက်လုံး ဒီကနေ့ အချိန်ထိ တိုင်းရင်းသားနဲ့ ပြည်သူတွေကို ရုပ်သံနဲ့ ရေဒီယို ထုတ်လွှင့်ခွင့် ပိတ်ပင်ထားခြင်းဟာ သတင်းမီဒီယာ အပေါ် ဖိနှိပ်ချုပ်ချယ်ခြင်း ဖြစ်သလို၊ ဒီမိုကရေစီ အရေး၊ တိုင်းရင်းသား အခွင့်အရေးကို ပိတ်ပင်တားမြစ်ရာလည်း ရောက်နေပါတယ်။ ဒါကြောင့် လွှတ်တော်ထဲ ရောက်နေတဲ့ အတိုက်အခံ အင်အားစုတွေအနေနဲ့ တိုင်းရင်းသားနဲ့ ပြည်သူတွေ ရုပ်သံနဲ့ ရေဒီယို လုပ်ငန်း လုပ်ခွင့်ရအောင်၊ မီဒီယာ လွတ်လပ်ခွင့်၊ တိုင်းရင်းသားနဲ့ ပုဂ္ဂလိက လုပ်ပိုင်ခွင့်အပေါ် အာမခံချက်ရှိတဲ့ “ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း” ပြင်ဆင်၊ အတည်ပြုနိုင်ရေး ဆောင်ရွက်ပေးကြပါလို့ သုံးသပ် တိုက်တွန်းလိုက်ရပါတယ်။
Credit - Mizzima News
No comments:
Post a Comment