ရန်ကုန် (မဇ္ဈိမ)။ ။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ
အထွေထွေအတွင်းရေးမှူး H.E. Mr. Yang Jing က တရုတ်နိုင်ငံသည်
မြန်မာ့စီးပွားရေး ကဏ္ဍပေါင်းစုံတွင် ပိုမိုရင်းနှီးမြှုပ်နှံသွားရန်
စီစဉ်နေသည်ဟု ပြောဆိုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိက
ပြောသည်။

“သမ္မတနဲ့ တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာယန်ကျင်းတို့ တွေ့တဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံဖို့ကိစ္စတွေ အများကြီးပြောဆိုခဲ့ကြတာပါ။ သူတို့နိုင်ငံက ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံဖို့တွေပေါ့။ အရင်လိုစက်မှုစွမ်းအင် တစ်ခုတည်းမဟုတ်ဘဲ အထူးစီးပွားရေးဇုန်တွေကနေ နောက်ဆုံး ကုန်သွယ်မှု မြင့်တင်နိုင်ဖို့တွေကအစ အများကြီး ရင်းနှီးမြှုပ်နှံဖို့ ရှိနေတာပါ” ဟု ပြောသည်။
မေလ ၁၁ ရက် သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ကောင်စစ်ဝန် တာဝန်ရှိသူများ တွေဆုံစဉ် ပြောဆိုခဲ့ခြင်းဟု ၎င်းက ဆိုသည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးထားသည့်ပမာဏမှာ အများဆုံးအဖြစ် တည်ရှိနေခြင်းကြောင့် ကျောက်ဖြူကဲ့သို့ အထူးစီးပွားရေးဇုန် စီမံကိန်းများ ရာနှုန်းပြည့် အကောင်အထည် ပေါ်လာပါက ဒေသတွင်းနိုင်ငံများထက် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာဦးမည်ဟုလည်း ပြောသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအရှိန်ကြောင့် မြန်မာ့စီးပွားရေးကဏ္ဍအပေါ် အင်အားကြီး နိုင်ငံများက ပိုမိုစိတ်ဝင်စားနေသော်လည်း
ခေတ်အဆက်ဆက် တရုတ်လွှမ်းမိုးမှုအရှိန်ကြောင့် အမေရိကန်အပါအ၀င် အနောက်ဥရောပနိုင်ငံများ၏ သတိထားချဉ်းကပ်
နေမှုအပေါ် အစိုးရ တာဝန်ရှိသူ အပိုင်းက သတိပြုရန် လိုအပ်သည်ဟုလည်း နိုင်ငံတကာ လေ့လာရေးပညာရှင်များက ပြောဆိုသည်။
ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက “ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာမှာ အင်အားကြီး
နိုင်ငံတွေက စီးပွားရေးနဲ့ကဏ္ဍစုံမှာ စိတ်ဝင်စားကြပေမယ့် စစ်အုပ် ချုပ်ရေးကာလတစ်လျှောက် တရုတ်မြန်မာအစိုးရချင်း ဆက်ဆံရေးတွေ အားကောင်းခဲ့တာကို အနောက်အုပ်စုက သတိထားသလို၊ အမေရိကန် ပြန်ဝင်လာတာကို တရုတ်ကလည်း ပြန်သတိထားနေတယ်။ အစိုးရက ဒါကို နားလည်ဖို့လိုတယ်” ဟု ပြောသည်။
အစဉ်အလာ ဆက်ဆံမှုများကြား တရုတ်ရင်းနှီးမြှုပ်နှံမှုများမှာ လက်ရှိမြန်မာနိုင်ငံအတွင်း ဝင်ရောက်ရင်းမြှုပ်နှံနေသည့် အခြားသောနိုင်ငံ ၃၇ နိုင်ငံထက် ပိုမိုများပြားနေသော်လည်း အစိုးရသစ်လက်ထက် မြန်မာနိုင်ငံအတွင်း ထပ်တိုးရင်းနှီးမြှုပ်နှံမှုများ နှေးကွေးနေသည်ဟု အဆိုပါပညာရှင်များက သုံးသပ်ထားသည်။
Credit - Mizzima News
No comments:
Post a Comment