ရန်ကုန်၊ မေ ၁၃။ ။ မြို့နယ်အသီးသီး တွင်ရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင်အဖွဲ့များက ဦးစီး၍ ရေအခက်အခဲ ဒုက္ခတွေ့နေရသော ဒေသများတွင်ရှိသည့် ဒေသခံများကို ကျေးရွာများအရောက် ရေ သွားရောက် လှူဒါန်းရန် NLD သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ (ဗဟို)က တိုက်တွန်းနှိုးဆော် လိုက်ကြောင်း မေ ၁၃ ရက်တွင် ပြည်နယ်၊ တိုင်း ၊ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့များသို့ ထုတ်ပြန် လိုက်သည်။
ယင်းသို့ တိုက်တွန်းလိုက်ခြင်းနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ(ဗဟို)မှ ဥက္ကဌ ဦးထွန်းထွန်းဟိန် က “
ကျွန်တော်တို့များသောအားဖြင့် ရေပြတ်လတ် နေတာက နေရာအနှံ့အပြားမှာတွေ့နေရတယ်။ အဲဒါကြောင့် မြို့နယ်အသီးသီးမှာ ရှိတဲ့ အလုပ်အမှုဆောင် အဖွဲ့တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့တွေက ရေလိုအပ်တဲ့ နေရာတွေမှာ သွားရောက်လှူဒါန်းဖို့အတွက် တိုက်တွန်း လိုက်တာပါ။ ရှမ်းပြည်နယ်မှာလည်း ရေရှားပါးတဲ့နေရာတွေရှိတယ်။ ရာသီဥတုမပူရင်တောင်မှ နွေရောက်တာနဲ့ရေရှားပါတဲ့နေရာတွေမှာ လှူဒါန်းဖို့ အတွက် ပါ” ဟု၎င်းကပြောသည်။
NLD ၏ အလုပ်အမှုဆောင်များသို့ ပေးပို့သော အကြောင်းကြားစာတွင် မြန်မာပြည်အနှံ့အပြားတွင် သောက်သုံးရေ များပြတ်လပ်မှုဒဏ် ကို ပြည်သူများ ခံစားနေရကြောင်းနှင့် သစ်တောများအလွန်အကျွံခုတ်ယူမှု၊ သတ္တုတွင်းများ ဆင်ခြင်တုံတရားကင်းမဲ့စွာတူးဖော်မှု၊ ရွှေကျင်ခြင်း၊ရေကာတာများ အလွန် အကျွံ ဆောက်ခြင်း တို့ကြောင့် ရေလမ်းကြောင်းများပြောင်းလဲပြီး ရေလမ်းကြောင်းများပိတ်ဆို့ရခြင်းဖြင့် အများပြည်သူ၏ စီးပွားရေးသဘာဝများမှ ပျက်စီး နစ်နာခဲ့ရသည့်အပြင် ထပ်ဆင့်၍ ရာသီဥတုဖောက်ပြန်မှုကြောင့် သောက်သုံးရေများရှားပါးပြတ်လပ်သည်ကိုလည်း ရင်ဆိုင်ကြုံတွေ့နေ ရကြောင်းသိရှိလာရ သည်ဟု ပါရှိသည်။
ထို့အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ(ဗဟို)မှ ပြည်သူများအတွက်ရေ အခက်အခဲများကို ကူညီဖြေ ရှင်းပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ခရိုင်နှင့်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များက ကြီးမှူး၍ ရေအခက်အခဲ
တွေ့နေသောပြည်သူများကို အိမ်တိုင်ရာရောက်သွားရောက် ရေလှူဒါန်းကြရန် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment