Wednesday, May 13, 2015

ပူဇော်ထိုက်သူကို ပူဇော်ခြင်း

မေလအတွင်းတွင် မှတ်မှတ်ရရ မြန်မာကဗျာဆရာကြီး ငြိမ်းချမ်းရေးဝါဒီ ဒဂုန်တာရာနှင့် အိန္ဒိယတိုက်ငယ်က စာပေနိုဗယ်ဆုရှင် ရာဘင်ဒြာနတ် တဂိုးတို့၏ မွေးနေ့များနှင့် ကြုံခဲ့ကြရသည်။ တဂိုးက မေလ ၈  ရက်နေ့တွင် ၁၅၄ နှစ်မြောက် မွေးနေ့ဖြစ်ခဲ့ပြီး ဆရာကြီး ဒဂုန်တာရာ၏ ၉၆ နှစ်မြောက်မွေးနေ့သည် မေလ ၁၀ ရက်နေ့ ဖြစ်ခဲ့သည်။

ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုး၏ မွေးနေ့တွင် အိန္ဒိယပြည်သူများ နေရာအနှံ့ လူတန်းစား အလွှာပေါင်းစုံက တဂိုးကို ဂုဏ်ပြုသောအားဖြင့် မွေးနေ့ပွဲများ ကျင်းပခဲ့ကြသည်။ ထိုနည်းတူစွာ မြန်မာပြည် တွင်လည်း ငြိမ်းချမ်းရေးကိုမြတ်နိုးသော စာပေပညာရှင်များအပါအ၀င် ဆရာ ဒဂုန်တာရာအား လေးစား ချစ်ခင်ကြသူ အပေါင်းက မိမိဒေသဆိုင်ရာ နေရာအသီးသီးတွင် ဒဂုန်တာရာ၏ မွေးနေ့အထိမ်းအမှတ်ပွဲများ ပြုလုပ်ခဲ့ကြ၏။

ထို ကဗျာဆရာကြီးနှစ်ဦးကို မိမိတို့သည် မည်သည့်အတွက်ကြောင့် မွေးနေ့အထိမ်းအမှတ်ပွဲများ ပြုလုပ်ကာ ဂုဏ်ပြုခဲ့ကြသနည်း။ ထို ကဗျာဆရာကြီးနှစ်ဦးစလုံး တစ်ဦးနှင့်တစ်ဦး ဂုဏ်သိက္ခာအရာတွင် တစ်ထပ်တည်းကျသည်များ ရှိသလို မကျသည်များလည်း ရှိပါသည်။ တစ်ထပ်တည်းကျသည့် အရာများမှာ ဘဘာဝပတ်ဝန်းကျင် အလှအပများအပေါ် နှစ်ဦးစလုံးက စူးစူးနက်နက် စွဲမက်နက်ရှိုင်းကြသူများဖြစ်ခြင်း၊ ငြိမ်းချမ်းရေးကို အသက်တမျှ မြတ်နိုးကြခြင်းနှင့် အလှအပ ချစ်ခြင်းမေတ္တာဆိုင်ရာ ခံစားမှုများတွင်လည်း တစ်ဦးနှင့်တစ်ဦး တစ်ထပ်တည်းကျသူများ ဖြစ်ကြပါသည်။

တဂိုးသည် ကဗျာများ များစွာရေးဖွဲ့သွားခဲ့သူ ဖြစ်သည်။ သစ်ပင်များအောက်တွင် သဘာဝစာသင်ခန်း သဘောထားကာ ကမ္ဘာကျော် စန္တိနိကေတန် အနုပညာတက္ကသိုလ်ကြီး ထူထောင်သွားခဲ့သူ ဖြစ်သည်။ အာရှတိုက်တွင် ဦးစွာပထမ စာပေဆိုင်ရာနိုဗယ်ဆု ရရှိသူဖြစ်သည်။

ဆရာ ဒဂုန်တာရာသည်မူ မြန်မာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ၊ ချစ်ခြင်းမေတ္တာနှင့် အလှဗေဒဆိုင်ရာ စကားပြေများ ကဗျာများ ရေးခဲ့သူ ဖြစ်သည်။ လူငယ်များအတွက် အသစ်ကို ဦးတည်ထားကြဖို့နှင့် သစ်လွင်မှုအတွက် ဖောက်ထွက်ခံစားတတ်ကြဖို့ကို ရှေ့မှ ဦးဆောင်လုပ်ပြခဲ့သူ၊ စာပေသည် ပြည်သူ့အတွက် ဖြစ်ရမည်ဟူသည့် စာပေသစ်အယူအဆကို ကိုင်ဆွဲထား သူ၊  မြန်မာစာပေနယ်ပယ်တွင် ဗဟုဝါဒကို စတင်အုတ်မြစ်ချသူ အစရှိသော ဂုဏ်ထူးဝိသေသများကို ရရှိထားသူ ဖြစ်သည်။

မိမိတို့သည် ပူဇော်ထိုက်သူများကို ပူဇော်ထိုက်သည်ဟူသော အယူအဆဖြင့် ယင်းကဗျာဆရာကြီး နှစ်ဦး၏ မွေးနေ့များတွင် ယင်းကဗျာ ဆရာကြီးများ၏ ကဗျာများ၊ စကားပြေများကို စာတမ်းဖတ်ခြင်း၊ ဖွင့်ဆိုခံစားခြင်းနှင့် ဖွင့်ဆိုဂုဏ်ပြုခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ထိုနည်းအားဖြင့် ယင်းသို့သော ကဗျာဆရာကြီးများကို အသိအမှတ်ပြု အလေးအနက်ထားကြောင်း ပြဆိုရာ ရောက်သည့်အပြင် ထိုကဗျာဆရာကြီးများ ခင်းခဲ့သည့် ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာနှင့် အလှဗေဒ ခံစားတတ်မှု၊ မြတ်နိုးမှုနှင့် ထိန်းသိမ်းထားမှု အလုပ်ကို ယခင်ကထက်ပိုပြီး ဆထက်တံပိုး ကြိုးပမ်း လုပ်ဆောင်ကြပါမည်ဟူသော စိတ်ဆန္ဒကို ဖော်ပြသည့်သဘောအားဖြင့် ကဗျာဆရာကြီး နှစ်ဦးစလုံး၏ မွေးနေ့ပွဲများ ပြုလုပ်ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။

လောက၌ မိမိတို့၏ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအကျိုး၊ ငြိမ်းချမ်းမှုနှင့် တရားမျှတမှု၊ စည်ပင်ဖွံ့ဖြိုးမှုများ ဆောင်ရွက်သွားကြသူများ ရှိကြသလို လူ့အဖွဲ့အစည်းအပေါ် ခြိမ်းခြောက်ဖိနှိပ်လျက် လူသား၏ ဂုဏ်သိက္ခာနှင့် ဘ၀လုံခြုံမှုကို နင်းချေဖျက်ဆီးတတ်ကြသည့် လူပုဂ္ဂိုလ်မျိုးများကလည်း ရှိတတ်ပြန်ပါသည်။

ထို့ကြောင့် မိမိတို့သည် လူ့အဖွဲ့အစည်းအပေါ် ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေး ရရာရကြောင်း ကြိုးပမ်းပေးခဲ့ ကြသူများကို ပို၍ပင် လေးစားလေးနက်မှု ရှိကြောင်း ပြကြရမည်သာ ဖြစ်သည်။ ထိုသူတို့၏ ကြီးမြတ်သော ဂုဏ်ကို ပို၍ပင် ထုတ်ဖော် အသိအမှတ်ပြုကြရမည်သာ ဖြစ်သည်။

တနည်းအားဖြင့်ဆိုရလျှင်  ထို ပူဇော်ထိုက်သူများကို ပူဇော်ခြင်း ဂုဏ်ပြုလေးနက်ပြကြခြင်းအားဖြင့် လူ့အဖွဲ့အစည်း အကျိုးယုတ်စေရာ ယုတ်စေကြောင်း လုပ်ကိုင်သွားသူများ၊ လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်း စည်ပင်ဖွံ့ဖြိုးမှုအပေါ် ခြိမ်းခြောက်ဖျက်ဆီးသူ ကမ္ဘာကျော် လူဆိုးကြီးများကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ပြသရာလည်းရောက်ကြောင်း တင်ပြလိုက်ရပါသည်။

Credit - Mizzima News

No comments:

Post a Comment