Wednesday, May 13, 2015

သပိတ်ကျင်းမြို့နယ်အတွင်း ရွှေတူးဖော်နေမှုကို ရွာသူရွာသားများ သွားရောက် ကန့်ကွက်ရာ မြို့အဝင်တွင် တားဆီး

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကြီး   ကျေးရွာအုပ်စုအတွင်း   ရွေတူးဖော်ရေး ကုမ္မဏီများက ဝင်ရောက်တူးဖော်နေခြင်းကို အရေးယူပေးရန်နှင့် ထွက်ခွာပေးရန် မေလ ၁၂ ရက်တွင် ဒေသခံအင်အား ၃၀၀ ကျော်ဖြင့် ဆန္ဒပြရာ သပိတ်ကျင်း မြို့အဝင်တွင် အာဏာပိုင်များက တားဆီးခဲ့ပြီး ဆန္ဒပြသူများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ရှင်းလင်းခဲ့သည်။

Gold-Worker



အဆိုပါ ကျေးရွာအုပ်စုအတွင်း မြန်မာစည်သူ ရွှေတူးဖော်ရေး ကုမ္ပဏီ၊ ဝေလင်းထိုက် ရွှေတူးဖေါ်ရေး ကုမ္ပဏီနှင့် လက်ပံပြန့်ကျေးရွာ ဒေသဖွံ့ဖြိုးရေးကုမ္ပဏီတို့က ဝင်ရောက်တူးဖော်နေခြင်းဖြစ်ပြီး ဆန္ဒပြသူများက နံနက် ၉ နာရီမှစ၍ ရေထွက်ကျေးရွာမှ သပိတ်ကျင်းမြို့သို့ ချီတက်ဆန္ဒဖေါ်ထုတ်ခဲ့ရာ အာဏာပိုင်များက ဥပဒေ စည်းကမ်းများနှင့် မညီညွှတ်ဟုဆိုကာ တားဆီးခဲ့သောကြောင့် ၎င်းတို့က သပိတ်ကျင်းမြို့အဝင် ကံဘဲ့ကျေးရွာတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇင်ဦးက "ကျွန်တော်တို့ခွင့်ပြုတာက မြို့ထဲကို မဟုတ်ပါဘူး။ ဖေါ့တောလမ်းခွဲနဲ့ ၇ မိုင်လမ်းဆုံကို ခွင့်ပြုပေးတာပါ။ သူတို့က အဲဒီမှာမပြဘဲ မြို့ထဲမှာ ပြတာကို ခွင့်မပြုတာပါ။ ဒါကိုတားတာပါ။ ဆက်ပြီး ပြမယ်ဆိုရင်တော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာပါ" ဟု မဇ္ဈိမ ကိုပြောသည်။

ထိုသို့သပိတ်ကျင်းမြို့သို့ ချီတက်ဆန္ဒပြခွင့်ရရှိရန် မေ ၆ ရက်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အကြောင်းကြား စာပေးပို့ခဲ့ရာ ခွင့်ပြုမိန့် ရခဲ့သော်လည်း မြို့အဝင်တွင် ဥပဒေစည်းကမ်းများနှင့် မညီဟုဆိုကာ တားဆီးခဲ့ခြင်း ဖြစ်သည်။

ဆန္ဒဖေါ်ထုတ်ပွဲတွင် ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ စိုင်းဖိုးလင်းက "ဒီလိုတားတာကို လက်မခံဘူး။ ကျွန်တော်တို့က ခွင့်ပြုမိန့် ကြိုတင်တယ်။ သူတို့ချပေးတယ်ဆိုတာက ကျွန်တော်တို့ တင်ထားတဲ့လမ်းကြောင်း ပေးတာမဟုတ်ဘူး။ ဒါကြောင့် သူတို့ ခွင့်ပြုပေးတဲ့ လမ်းကြောင်းကို လက်မခံဘဲ သပိတ်ကျင်းမြို့ပေါ်ကိုတက်ပြီး ဆန္ဒပြဖို့လုပ်တာပါ" ဟု မဇ္ဈိမကို ပြောသည်။

ရေထွက်ကျေးရွာအုပ်စုတွင် ရေထွက်ရွာမကျေးရွာ၊ လက်ပံပြန့်ကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ရိုးမကျော်ကျေးရွာနှင့် ငါးရာ ကျေးရွာတို့ ပါဝင်ပြီး အိမ်ခြေ ၅၁၀ ရှိရာ မြန်မာစည်သူ ရွှေတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အမှတ်(၁၂)ထဲတွင် ရိုးမကျော်ကျေးရွာမှ အိမ်ခြေ ၁၅ လုံး၊ ဝေလင်းထိုက် ရွှေတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အမှတ် (၁၃)ထဲတွင် လက်ပံပြန့်ကျေးရွာမှ အိမ်ခြေ ၃၅ လုံးနှင့် လက်ပံပြန့်ဒေသဖွံ့ဖြိုးရေး ရွှေတူးဖေါ်ရေး ကုမ္ပဏီ လုပ်ကွက်(၁၄)ထဲတွင် ရွှေပြည်သာနှင့် ရေထွက်ကျေးရွာတို့ အိမ်ခြေ ၁၀၀ ကျော် လုပ်ကွက်များထဲတွင် ပါဝင်နေပြီး ထိုလုပ်ကွက်များထဲတွင် ပါဝင်သော နေအိမ်များမှ အိမ်ထောင်စုဝင်များကို နံနက် ၆ နာရီနှင့် ည ၉ နာရီအထိ အကန့်အသတ်ဖြင့် ဝင်ထွက်သွားလာခွင့်သာ ပြုထားသောကြောင့် ဒေသခံအများစုမှာ ဝင်ထွက်သွားလာရန် အခက်အခဲများ ဖြစ်နေသည်ဟု ဆန္ဒဖေါ်ထုတ်သူများက ဆိုသည်။

ဆန္ဒပြ ရာတွင် ပါဝင်သူ ဦးထွန်းလှိုင်က "ကုမ္ပဏီတွေက ရွာကို ခြံခတ်သိမ်းလိုက်သလိုဖြစ်နေတယ်။ အချိန်နဲ့ဝင် အချိန်နဲ့ထွက် ဖြစ်နေတယ်။ ရွာမြေကိုလည်း ယူနေသေးတယ်။ အခုလိုလည်းကန့်သတ်မှု လုပ်သေးတယ်။ ဒါဟာ အားလုံးကိုစော်ကားတာနဲ့အတူတူပဲ" ဟု ပြောသည်။

အဆိုပါကျေးရွာများသည် ၁၉၇၈ ခုနှစ်မှစတင်၍ တည်ရှိခဲ့ခြင်းဖြစ်သည်။  ရွှေတူးဖော်ရေး ကုမ္ပဏီများသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် နိုင်ငံတော်က သတ်မှတ်ပေးထားသော လုပ်ကွက်ဧရိယာထဲတွင်သာ လုပ်ကိုင်တူးဖော်နေခြင်းဖြစ်သည်ဟု တာဝန်ခံများက မေလ ၈ ရက်က ဖြေကြားထားသည်။

သပိတ်ကျင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က "အခု လုပ်နေတဲ့ ကုမ္ပဏီတွေက တရားဝင် ခွင့်ပြုမိန့်နဲ့ လုပ်နေကြတာပါ။ ရွာမြေပါတယ်ဆိုတာကတော့ သစ်တောနဲ့ပြန်ပြီး စစ်ရမှာပါ။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုရင် ဒီမြေတွေက သစ်တောမြေဖြစ်နေလို့ပဲ။ ကျွန်တော်တို့က ဘာမှမဖြစ်စေချင် ဘူး။ ညှိနှိုင်းပြီးလုပ်စေချင်တယ်" ဟု ပြောသည်။

ကျေးရွာအတွင်း ဝင်ရောက်တူးဖော်နေသော ကုမ္ပဏီများသည် ၂၀၁၃ ခုနှစ် မှစတင်၍ တဖြည်းဖြည်း ဝင်ရောက် တူးဖော်နေခြင်းဖြစ်ပြီး ထိုစဉ်ကပင် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ စာတင်၍ ဒေသခံများက အကြိမ်ကြိမ် တိုင်ကြားခဲ့သည်ဟု ရေထွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံဌေး က ဆိုသည်။

ဒေသခံများက ဆန္ဒဖော်ထုတ်ခွင့်ရရှိရန် ဒုတိယအကြိမ် မေလ ၃၀ ရက်တွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများထံ စာတင်သွားမည်ဟုလည်း ဆိုသည်။

ရွာမြေများအတွင်း ရွှေတူးဖေါ်နေသော ကုမ္ပဏီများကို ဆက်လက်မတူးရန် ဒေသခံများက တားဆီးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးဆောင်သူများက ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment