Written by
မောင်မှန်
မေလ (၃) နေ့မှာ ကျရောက်တဲ့ World Press Freedom Day 2015 ( ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ၂၀၀၅) ကို ရန်ကုန်မြို့က Novotal ဟိုတယ်မှာ တခမ်းတနား ကျင်းပခဲ့ပါတယ်။ ဗမာနိုင်ငံဟာ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် အဆင့်အတန်း သတ်မှတ်ချက်အရ အတော်လေး ကျဆင်းနေလေတော့ သဏ္ဍာန်ဖြစ်တဲ့ ပွဲကို ကြီးကြီးကျယ်ကျယ် ကျင်းပပြတယ် ထင်ပါရဲ့။ တလော က ကျင်းပခဲ့တဲ့ (ပြည်ပက လာလုပ်တဲ့) စာနယ်ဇင်း ညီလာခံ တစ်ခုတုန်းကလည်း ဒီလိုပဲ၊ ပွဲအတွင်း ပြန်ကြားရေးဝန်ကြီး စကားပြောနေတုန်း စာနယ်ဇင်းသမားတစ်ဦး မတ်တပ်ရပ် ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြတယ်။ ပြန်ကြားရေး ဝန်ကြီးကလည်း ဒီအခြေအနေပေါ် အကွက်ကျကျပဲ ပြန်ပြောခဲ့တယ်။ လွတ်လပ်ခွင့်ရှိလို့ ဆန္ဒပြလို့ ရတာပေါ့တဲ့။ နောက်မှ အရေးယူတာ တစ်ကိစ္စပေါ့။ (အဲဒီ ဆန္ဒပြ သူကိုတော့ အရေးယူတယ် မကြားပါဘူး) ဂျာနယ်တွေ၊ သတင်းစာတွေ လွတ်လွတ်လပ်လပ်ကြီး ရေးကြ၊ ခွင်ကျရင်တော့ ပြန်ကြားရေးက
တရားစွဲမှာပါပဲ။ အခု လက်ရှိမှာ တရာစွဲ ခံထားရတဲ့ စာနယ်ဇင်းတွေ နည်းမှတ်လို့၊ လုံးချင်းစာအုပ် တစ်အုပ်လည်း တရားစွဲ ခံထားရသေးရဲ့၊ စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုတာ ချိုနဲ့လားလို့ မေးရမယ့် အချိန်မှာ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို ဗမာပြည်မှာ ဟေးလားဝါးလား လုပ်ကြတာပေါ့။
မောင်မှန်ကို ပြန်ကြားရေးဝန်မင်းနဲ့ မောင်မှန်တို့ အန်တီရဲ့ အပြန်အလှန် ကျီစယ်သံတွေကလည်း ဒီပွဲတော်ကြီးကို ပိုပြီး ရုပ်လုံးကြွအသက်ဝင်စေခဲ့ ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မိတ်ရင်းဆွေချာ မောင်နှမအရင်းတွေ ပမာကျလို့၊ မောင်မှန် ကြည်နူးဝမ်းသာရပါတယ်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို စာနယ်ဇင်း ပွဲတော်ကြီးကနေ စတင်တည်ဆောက်နေပြီပဲဆိုတဲ့ အသိကြောင့်လေ၊ ခေါ်ပုံလေးက အစ သင်းပါတယ်။ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်တဲ့၊ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းကတော့ ညီမလေးလို သဘောထား ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ရှိခဲ့ဖူးတယ်။ ဒါပေမဲ့လည်း ရောမ ရောက်တော့ ရောမ လိုကျင့်ဆိုသလို ဒီပဲယင်း ရောက်တော့လည်း ဒီပဲယင်လို့ ကျင့်သွားတာပါ။ ညီမလေးရယ် စိုးရိမ်မိတယ်လို့တောင် ပြောခဲ့ဟန် မတူဘူး။ ထားပါလေ၊
လိုတော့လည်း လိုသလို ညီမလေး မစု၊ အစ်မကြီး ဒေါ်အောင်ဆန်းစုကြီးပေါ့။ မလိုတော့လည်း မလိုသလို ဒေါ်စုကြည်ပေါ့၊
နိုင်ငံရေးဆိုတာ ဒီမျိုးတွေ ဖြစ်တတ်တယ်ထင်တာပါပဲ ခင်ဗျာ။
ပြန်ကြားရေး ဝန်မင်းက “အစ်မကြီးအနေနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကျင့်သုံးတဲ့အခါမှာ ဆောင်ရန်၊ ရှောင်ရန် လိုအပ်တဲ့ အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အားနည်းချက်တွေကိုလည်း ပြောလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော် နည်းနည်းလည်း ကြောက်ပါတယ်” တဲ့။ ဝန်မင်းက ကျောက်ချဉ်ယောင်၊ ဒုတ္တာယောင်၊ ကန့်ယောင် ဆောင်နေပြန်ပါပြီ၊ မကြောက်ရတော့တဲ့ အချိန်မှ ကြောက်ပြပြီး အစ်မကြီး ပစ်ခေါ်လိုက်တာ အတော်ပညာသားပါပါတယ်။
ဒေါ်စုကြည် ခေါ်နေတဲ့ ကာလတွေတုန်းက ဖြစ်ရပ်တစ်ခုကို ပြန်အမှတ်ရမိတယ်။ မောင်မှန်တို့ ဗဟန်းအဝိုင်းက ကြော်ငြာတစ်ခုမှာ အချိုရည်လား၊ အားဆေးလား ကြော်ငြာတစ်ခု တင်ထားခဲ့ဖူးတယ်။ ကြော်ငြာပုံက မော်ဒယ်မလေးတစ်ယောက်နဲ့ တစ်ဘက်က ယောက်ျား ရင့်မကြီး သုံး၊ လေးယောက် လွန်ဆွဲနေတဲ့ပုံ၊ လွန်ဆွဲရာမှာ မော်ဒယ်မလေးက အသာရနေတဲ့ ပုံပါ။ အဲ့ဒီ ကြော်ငြာဘုတ်ဟာ သိပ်ကြာကြာ မခံလိုက်ဘူး။ ဖြုတ်လိုက်ရတယ်၊ သိုးသိုးသန့်သန့် ပြန်ကြားရတဲ့ သတင်းကတော့ မိန်းမသား တစ်ယောက်ကို ယောက်ျား သုံးလေးယောက်က ရှုံးနေတယ်ဆိုတာကို မကြိုက်လို့ဆိုပဲ။ လက်တွေ့နဲ့ သွားကိုက်ညီနေတာကိုး၊ သူဘာသူ ကြော်ငြာထားတဲ့ဟာကို ကိုယ့်ဘဝ၊ ကိုယ်အဖြစ်နဲ့ ကိုက်ညီအောင် တွေးခေါ် ခံစားနိုင်စွမ်း ရှိသူတွေကိုလည်း ချီးကျူးရမှာပါပဲ။
စာရေးနေရင်း ထပ်သတိရစရာ တစ်ခု ဝင်လာပြန်တယ်။ ဒေါ်စုကြည်တွေ မိုးမွှန်နေတဲ့အချိန်၊ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ပါပဲ။ ရုပ်ရှင်သမားတွေ တင်ဆက်တဲ့ ရန်ပုံငွေ ပြဇာတ်တစ်ထုပ်ကို မောင်မှန် ကြည့်ခဲ့ရဖူးတယ်။ ဇာတ်လမ်းက သံလျင်နောက်ခံ ငဇင်ကာတို့နဲ့ မြန်မာမျိုးချစ်တွေအကြောင်း ထိုးဇာတ်ပါ။ မင်းသား၊ မင်းသမီးတွေ အများကြီးပါ ပါတယ်။ ဇာတ်ထဲမှာ ငဇင်ကာတို့ အဖွဲ့က မြန်မာမိန်းကလေး တစ်ယောက်ကို သေနတ်အားကိုးနဲ့ ခြိမ်းခြောက်တဲ့ အခန်းပါတယ်။ ဒါကိုမင်းသားက ကယ်တင်ပြီး မင်းတို့က မိန်းကလေးတစ်ယောက်ကို သေနတ်အားကိုနဲ့ ခြိမ်းခြောက် အနိုင်ကျင့်ချင်ကြတယ်၊ ဟုတ်လား ဆိုပြီး ပြောပါတယ်။ (ဇာတ်ညွှန်းထဲက အတိုင်းပြောတာ ဖြစ်ပါလိမ့်မယ်) ဒါပေမဲ့ ဒီစကားကို ပရိသတ်က ဝေါကနဲ ပွဲကျပြီး လက်ခုပ်လက်ဝါးတီး အားပေးပါတယ်။ မင်းသားလည်း ပထမတော့ ကြောင်နေတယ်၊ ခဏကြာတော့ သဘောပေါက်သွားပြီး ဒီစကားကိုပဲ အခွင့်ကြုံတိုင်း ထပ်ခါထပ်ခါ ပြောပါတော့ တယ်။ ရှေ့ဆုံးတန်းက အားပေးနေတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ပွဲမပြီးခင် ထပြန်သွားတဲ့အထိကို ထပ်ခါထပ်ခါ ပြောပါတယ်။ ပရိသတ်ကလည်း တအုန်းအုန်းပါ ခင်ဗျား။ သူတို့က ဒေါ်စုကြည် ခေါ်လေလေ၊ လူထုက ဒေါ်စုကို အားပေးလေလေပါ။ ခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ ခေတ်တွေ ပြောင်းသွားပါပြီ။ ဘယ်သူက ဘယ်သူ့ကို စည်းရုံးလိုက်နိုင်တယ်တော့ မောင်မှန် မသိပါဘူး။ အစ်မကြီးတော့ ဖြစ်သွားပါပြီ၊ အစ်မကြီးကို နည်းနည်းလည်း ကြောက်ပါတယ်ဆိုပဲ။
မောင်မှန်တို့ အန်တီကလည်း ဘယ်ရမလဲ၊ ပြန်ကြားရေးဝန်မင်း ပြောတာလောက်ကတော့ ခပ်သွက်သွက် ခပ်ထက်ထက်ပဲ တုန့်ပြန်ခဲ့ပါတယ်။ “ ဒီပွဲကို တက်ရောက်ခဲ့တာဟာ ဦးရဲထွဋ် လိမ္မာနေရဲ့လား ဆိုတာ လာကြည့်တာ၊ ကျမကို ကြောက်တယ်ဆိုတော့ သူလိမ္မာတဲ့ ဘက်ကို ဦးတည်နေပြီဆိုတဲ့ သဘောပဲ” တဲ့၊ ပိုင်လိုက်ပုံများ ကြည့်ပါဦး။ ပြည်ခိုင်ဖြိုး ဝန်မင်းတစ်ပါးကို လိမ္မာနေရဲ့လား လာကြည့်တာတဲ့၊ မောင်မှန်တို့ အန်တီက အထက်စီးကပဲ၊ အန်တီက သူ့ကို ကြောက်တယ်ဆိုတာနဲ့ပဲ ပြန်ကြားရေး ဝန်မင်းကို လိမ္မာတဲ့ဘက်ကို ဦးတည်နေပြီလို့တောင် မှတ်ချက်ပြုလိုက်ပါတယ်။ အန်တီကို မကြောက်သူများကတော့ ခုထိ လူမိုက်စာရင်း ဝင်တွေ ဖြစ်နေတုန်းပဲ ထင်ပါရဲ့၊ မောင်နှမတွေ၊ မောင်နှမတွေ၊ ကျီစယ်ချစ်ကြည် နေလိုက်ကြတာ၊ ကွယ်ရာကနေ ဟားတိုက်သူတွေကတော့ ဟားတိုက်နေမှာ အသေအချာပဲ။
ဗမာ့ စာနယ်ဇင်း လောကအတွက်တော့ ဘယ်လိုအကျိုးတွေ ထူးတယ်တော့ မသိဘူး။ ဝန်မင်းနဲ့ အန်တီ ပြောသမျှကတော့ သြချရလောက်တာအမှန်၊ တိုက်ဆိုင်သွားတာပဲလားတော့ မသိဘူး။ အဲဒီပွဲကြီး ကျင်းပတဲ့ မေလ ၃ ရက်နေ့မှာပဲ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ကြေညာချက်တစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။ တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကိုးကန့် အဖွဲ့ရဲ့ ကြေညာချက်တွေကို စာနယ်ဇင်းမှာ ထည့်သွင်းဖော်ပြခြင်း မပြုဖို့ တားမြစ်တာပါ။ မဖော်ပြနဲ့ဆိုလည်း စာနယ်ဇင်းတွေ ဘက်က မဖော်ပြဖို့ပဲ ရှိတာပေါ့။ စာနယ်ဇင်း ဆရာတွေ ကိုယ်စားပြောပေးတာပါ။ မောင်မှန်နဲ့တော့ ဘာမှ မဆိုင်ပါဘူး၊ ထားပါတော့။
အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ ဖြစ်လာတာနဲ့ တပြိုင်နက်တည်းမှာလိုပဲ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲ (အငြိမ့်) ပါမစ် နေပြည်တော်မှာ အပိတ်ခံရတယ်။ ကြေညာပြီး ဖြစ်လို့ ဇွတ်ကတော့ တရားစွဲခံရတယ်။ ပွဲမိန့် မပေးတဲ့ အဓိကအကြောင်းက ဗိုလ်ချုပ်မွေးနေ့ ရာပြည့်က ကျော်လွန်သွားပြီ ဖြစ်လို့မို့တဲ့၊ အခုလည်းပဲ NLD က ပညာရေး ရန်ပုံငွေ ပွဲအတွက် နေရာခွင့်ပြုချက် တောင်းခံတဲ့အခါ ဗိုလ်ချုပ် ရာပြည့်နှစ်ဆိုတဲ့ စကားရပ်ကို ပယ်ဖျက်မှသာ ခွင့်ပြုမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းပြန်ခဲ့ပါသတဲ့။ (ဒီကိစ္စကို NLD နာယက ဦးတင်ဦးက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေထံ ပြန်လည်ကန့်ကွက်စာ ပေးပို့ထားတယ်လို့လည်း သိရပါတယ်)
တကယ်တော့ ဒီနှစ် ၂၀၁၅ ဟာ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ်ဆိုတာ ဘာမှ ငြင်းနေစရာ အကြောင်းမရှိပါဘူး။ အဲ၊ နောက်တစ်ဖက်က စဉ်းစားကြည့်ပြန်တော့လည်း ငြင်းစရာ အကြောင်းရှိနေလို့ ဖြစ်မှာပေါ့။ မောင်မှန် ဉာဏ်မမီတော့ပါဘူး။ လိမ္မာတဲ့ ဘက်ကို သွားသူတွေက သွားပြီး မိုက်တဲ့ဘက်ကို သွားသူတွေက သွားနေတာလား။ ဒါမှ မဟုတ်လည်း လိမ္မာတာနဲ့ မိုက်တာ နှစ်ကိုယ်ခွဲထားတာကို ကင်မရာ ရိုက်ချက်တွေ ကောင်းလွန်းတာနဲ့ အန်တီ မရိပ်မိတာလား။ ဦးနှောက်စားပါတယ်ခင်ဗျာ။
Credit - Mizzima News
No comments:
Post a Comment