ပုံစာ- နစ်မြုပ်ခဲ့သည့် အောင်တံခွန် သင်္ဘောပေါ်မှ ခရီးသည်များကို ကယ်တင်လာအပြီး စစ်တွေဆိပ်ကမ်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ) |
နေပြည်တော် (မဇ္ဈိမ) ။ ။ ခရီးသည် ၉၀ ခန့် သေဆုံးသည်ဟု အစိုးရဘက်က သတင်းထုတ်ပြန်ခဲ့သော်လည်း ဒေသခံများက ၁၃၀ သီးခန့် သေဆုံးခဲ့ကြောင်း တွက်ချက်ထားကြသည့် အောင်တံခွန် (၃) ရေယာဉ် နစ်မြုပ်မှုတွင် အမှန်တကယ် သင်္ဘောလက်မှတ် ဝယ်ယူလိုက်ပါသည့် ခရီးသည်များကိုသာ လျော်ကြေးပေးမည်ဟု ပို့ ဆောင်ရေး ဒုတိယဝန်ကြီး ဦးဟန်စိန်က ပြည်သူ့ လွှတ်တော်၌ ယနေ့ ဖြေကြားသည်။
“အသက်သေဆုံးသူများနဲ့ ပတ်သက်ပြီး ခရီးသည်လက်မှတ်အပေါ်မှာသာ သူတစ်ပါးထိခိုက်မှု အာမခံထားတဲ့အတွက်ကြောင့် အာမခံကြေး ငွေငါးသိန်းကိုသာ လျော်ကြေးရမှာ ဖြစ်ပါတယ်၊ ခရီးသည်လက်မှတ်အပေါ်မှာ ကုန်ပစ္စည်း ဆုံးရှုံးမှု အာမခံ ထားခြင်းမရှိလို့ ဒီအတွက် လျော်ကြေးပေးရန် မရှိကြောင်း ဖြေကြားအပ်ပါတယ်” ဟု ပြောသည်။
သို့သော် လက်မှတ်ဝယ်ယူစီးနင်းသည့် အရေအတွက်မှာ ကွဲပြားလျက်ရှိနေသည်။ “တရားဝင် ကြေညာတဲ့ ခရီးသည် ၉၀ ဦးစလုံးက လက်မှတ် မဖြတ်ကြဘူး၊ အဲဒီသင်္ဘောတွေက ခရီးသည် နှစ်ဦးနေနိုင်တဲ့ အခန်း နှစ်ဆယ်လောက်ပဲရှိတယ်၊ ဒီအခန်းတွေအတွက်ပဲ လက်မှတ်ဖြတ်ကြတော့ ခရီးသည် လေးဆယ်ကျော် ငါးဆယ်လောက်ကပဲ လက်မှတ်ရှိကြမယ်” ဟု စစ်တွေမြို့ မှ မြို့ မိမြို့ ဖ တစ်ဦး ဖြစ်သူ ဦးမြင့်ဇော်က ပြောသည်။
သေဆုံးခရီးသည်စာရင်း ထုတ်ပြန်ပြီးနောက်ပိုင်းမှ ရက်တစ်ပတ်ခန့် အလောင်းကောက်ရာတွင် မည်သူမည်ဝါ မသိနိုင်အောင် ရုပ်ပျက်နေသည့် အလောင်း သုံးဆယ်ကျော်ရှိခဲ့သည်ဆို၏။ ထိုသူတို့ နှင့်ပါဆိုလျှင် သေဆုံးခရီးသည် ၁၃၀ ခန့် ရှိနိုင်ပြီး ပို့ဆောင်ရေး ဒုတိယဝန်ကြီး၏ ဖြေကြားချက်အရ လက်မှတ်ဖြတ်ထားသည့် ခရီးသည်ဦးရေကိုသာ လျော်ကြေးပေးမည်ဆိုပါက ကျန်သူတို့ အတွက် များစွာနစ်နာကြောင်းလည်း ပြည်သူ့ လွှတ်တော်အမတ်တို့ က ပြောကြသည်။
“သေဆုံးသူတွေထဲကမှ လက်မှတ်ဖြတ်ထားသူကိုပဲ လျော်ကြေးပေးတယ်ဆိုတော့ ကျန်တဲ့သူတွေ နစ်နာပါတယ်၊ နောက်ပြီး တင်ထားတဲ့ကုန်တွေကလည်း အာမခံလုပ်မထားလို့ နစ်နာကြေး မပေးဘူးဆိုတာလည်း မဖြစ်သင့်ဘူး၊ တကယ်ဆို ဒါ အစိုးရ သင်္ဘောပဲ၊ သင်္ဘောမှာ တကယ်တင်သွားတဲ့ကုန်တွေအတွက် နစ်နာကြေးတော့ ရသင့်ပါတယ်” ဟု ရသေ့တောင်မြို့နယ်အမတ် ဒေါ်ခင်စောဝေက မဇ္ဈိမကို ပြောသည်။
ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲနေသည့် သက်တမ်းလွန် ရေယာဉ်များနေရာ၌ စံမီရေယာဉ်အသစ်များ အစားထိုးပေးရေးနှင့် အောင်တံခွန်(၃) နစ်မြုပ်မှုကြောင့် သေဆုံးခရီးသည်နှင့် ဆုံးရှုံး ကုန်စည်တို့ အတွက် လျော်ကြေးပေးမှုတို့ ကို ယနေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှ တစ်ဆင့် အစိုးရအဖွဲ့ ကို မေးမြန်းခဲ့ရာ ဒု ဝန်ကြီး၏ ဖြေကြားချက်အပေါ် ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အန်တီတို့ အနေနဲ့  ဒီလျော်ကြေးငွေကိစ္စကို ဆက်တင်ပြဖို့ ရှိပါတယ်၊ ဘာလို့ လည်းဆိုတော့ လူတစ်ယောက်ရဲ့အသက်က ငါးသိန်းမကဘူးလေ၊ နောက်ပြီး ခရီးသည် ၉၀ ကျော်သေတယ်သာ ပြောပြီး တိကျ မြင်သာတာမျိုး မရှိဘူး၊ ဥပမာ မြေပုံက ဘယ်နှစ်ယောက် စစ်တွေက ဘယ်နှစ်ယောက်ဆိုတာ တိတိကျကျ မရှိဘူး၊ ငွေငါးသိန်းကိုလည်း ဘယ်သူတွေကို ဘယ်လို ပေးသလဲ၊ လက်မှတ်ရသူအားလုံးကို ပေးပြီးပြီလား၊ ဒါတွေကို စောင့်ကြည့်နေတဲ့ ပြည်သူပြည်သားအားလုံးက သိချင်နေကြတာ၊ လက်မှတ်မရသော်လည်း သင်္ဘောခကို သင်္ဘောဝန်ထမ်းတွေက ရောင်းထားတဲ့ အတွက် အစိုးရမှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။
ဒေါ်ခင်စောဝေ မေးခဲ့သည့် စံချိန်မီ သင်္ဘောများ အစားထိုးရေးကိစ္စအပေါ် ပို့ ဆောင်ရေး ဒုဝန်ကြီးက ဖြေကြားရာတွင် ဂျပန်အစိုးရအနေဖြင့် ရခိုင်ကမ်းရိုးတန်းအတွက် သင့်လျော်မည့် ရေယာဉ်မျိုး ဂျပန်နိုင်ငံတွင် ရှာဖွေ မတွေ့ သေးကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ရေကြောင်းလုပ်ငန်း အန္တရာယ်ကင်းရေးအတွက် လေ့လာဆန်းစစ်ရန် ဂျပန်ကိုယ်စားလှယ်အဖွဲ့ သည် မေ ၁၀ ရက်မှ ၂၀ ရက်အတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ မေ ၁၂ မှ ၁၅ တွင် ရခိုင်ပြည်နယ်သို့  သွားရောက် လေ့လာကြမည်ဟု ဖြေကြားခဲ့သည်။
သို့ ရာတွင် စံချိန်မီ သင်္ဘောများ အချိန်မီ အစားထိုးနိုင်ရေးအတွက် ဂျပန်နိုင်ငံက စီစဉ်ပေးမည်လား၊ သို့ မဟုတ် မြန်မာအစိုးရက အသစ်ဝယ်ယူမည်လား စသည့် တိကျရေရာသော အဖြေကို မပေးခဲ့ပေ။
“နိုင်ငံ့ ဘတ်ဂျက်တွေကို တကယ့်ကို လိုအပ်တဲ့နေရာတွေမှာ သုံးဖို့  ဝန်ကြီးတွေနဲ့ တွေ့တော့ အန်တီတို့ ထောက်ပြခဲ့ကြတယ်၊ ဂျပန်နိုင်ငံက ဒါကို စီစဉ်မပေးခဲ့ရင် မြန်မာအစိုးရမှာရော လုပ်ပေးဖို့ တာဝန် မရှိဘူးလား” ဟု ဒေါ်ခင်စေဝေက ထောက်ပြပြောဆိုခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment