Wednesday, May 13, 2015

ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန် စီမံကိန်းများအတွက် ကန်ဒေါ်သန်း ၄၀၀ ကမ္ဘာ့ဘဏ်မှ ချေးယူခွင့် လွှတ်တော်အတည်ပြု

နေပြည်တော် (မဇ္ဈိမ)။ ။ ဆင်းရဲမှုလျော့ကျစေရန် ပြည်သူဗဟိုပြု စီမံကိန်းများအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၄၀၀ချေးယူခွင့်ကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့်   ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ပေးလိုက်သည်။

နေပြည်တော် ကောင်စီအပါအ၀င် တိုင်းပြည်နယ်များရှိ အဆင်းရဲဆုံးမြို့နယ် ၇၆ မြို့နယ်ရှိ ကျေးရွာ အုပ်စုများအားလုံးတွင် ပြည်သူဗဟိုပြု စီမံကိန်းများ ဆောင်ရွက်ပေးရန် ကမ္ဘာ့ဘဏ်မှ ချေးယူခြင်း ဖြစ်သည်။

“ဒီစီမံကိန်ုးတွေက ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်တယ် ဘယ်လိုရှိတယ်ဆိုတာကို ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်။ ကျွန်မတို့ ခုချိန်ထိ ဘာမှမသိရသေးပါဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ချေးငွေနှင့် ပတ်သက်ပြီးဆွေးနွေးသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက်အစည်းအဝေး ၄၄ ရက် မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးဆွေးနွေးပြီး အများစုက ထောက်ခံကာ အချို့ ကိုယ်စားလှယ်များက စဉ်းစားဆုံးဖြတ်ရန် ဆွေးနွေး ကြသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် မွေးမြူရေးဝန်ကြီးဌာန သည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်များ တိုမြှင့်တောင်းခံထားပြီး ယခင်ဘဏ္ဍာနှစ်တွင် ချေးငွေများ ရယူထားသည်ဟု ဆိုသည်။ ယခု ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာသန်း ၄၀၀ သည် ဆိုင်းငံ့ကာလ  ခြောက်နှစ်ဖြစ်ပြီး ပြန်ပေးဆပ်ရန် ကာလမှာ ၃၂ နှစ် အတိုးမဲ့ ချေးငွေဖြစ်သည်။

“ဆင်းရဲနွမ်းပါးမှု တကယ်လျှော့ချနိုင်ရဲ့လားဆိုတာကို အစီရင်ခံစာ တင်ပြဖို့လိုပါတယ်။ ထိုအပြင် ပွင့်လင်းမြင့်သာမှုရှိအောင် ပြည်သူကို ချပြပေးသင့်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါဆောင် ရွက်နိုင်ရန် ဝန်ကြီးဌာနက စီစဉ်ပေးသင့်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးသည်။

အဆင်းရဲဆုံး မြို့နယ်များကို ရွေးချယ်ရာတွင် စနစ်တကျ စီမံဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ကျေးရွာများ အမှန်တကယ်ဖွံ့ဖြိုးလာမည့် စီမံကိန်းဖြစ်သည်ဟုလည်း ထောက်ခံဆွေးနွေးကြသည်။ ထို့အပြင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်ပါက အဆိုပါ
ကျေးရွာများကို ဆောင်ရွက်ပေးနိုင်ရန် လိုအပ်သည်ဟု ဆွေးနွေးသူများလည်း ရှိသည်။

အဆိုပါ ချေးငွေ ကန်ဒေါ်လာသန်း ၄၀၀ ချေးငွေသည် စီမံကိန်းအကောင်အထည်ဖော်ရာတွင် ၂၀၁၅ ခုနှစ်မှစပြီး ၂၀၂၂ ခုနှစ်အထိ ဆောင်ရွက်မည့် စီမံကိန်းလည်း ဖြစ်သည်။ ယခုနှစ်တွင် ကန်ဒေါ်လာ ဆယ်သန်းသာ သုံးစွဲခွင့်ရရှိမည်ဖြစ်ပြီး ကျန်ကန်ဒေါ်လာ သန်း ၃၉၀ မှာ နောက်တက်မည့် အစိုးရလက်ထက်တွင်သာ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် မွေးမြူရေးဝန်ကြီးဌာနသည် ၂၀၁၃-၂၀၁၄ ခုနှစ် စာရင်းစစ်ချူပ်ရုံး၏ အစီရင်ခံစာအရ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသည့် လုပ်ငန်းများကို ၅၂ ကြိမ်အထိ အလွဲသုံးစား ဆောင်ရွက်ထားသော ဝန်ကြီးဌာန တစ်ခုဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးတင်ပြသည်။

ပြည်သူလူထု ဗဟိုပြုစီမံကိန်းများအတွက် ကမ္ဘာ့ဘဏ်က ၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်မှစပြီး ကန်ဒေါ်လာသန်း ၈၀ ထောက်ပံ့ကာ မြို့နယ်ကိုးခုတွင် စမ်းသပ်စီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်း၏ ဆောင်ရွက်မှုကြောင့် အောင်မြင်မှု မအောင်မြင်မှုများကို အစီရင်ခံစာ ထွက်ပေါ်လာခြင်းမရှိဟု ကိုယ်စားလှယ်များက ဆွေးနွေးသည်။

အဆိုပါ ချေးငွေရယူခွင့်အတွက်  ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ရာတွင် မဲပေးခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၅၄၀ ဦးဖြစ်ပြီး ထောက်ခံ ၄၉၂ မဲ၊ ကန့်ကွက် ၅ မဲနှင့် ကြားနေမဲ ၁၂ မဲဖြင့် အတည်ပြု ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment