Thursday, May 14, 2015

အန္တရာယ်ရှိကျောင်း ခုနှစ်ထောင်ကျော်ထဲမှ နှစ်ထောင်ကျော်သာ ပြုပြင်ပေးနိုင်မည်ဟုဆို

Sch 

နေပြည်တော် (မဇ္ဈိမ) ။ ။ နိုင်ငံအ၀ှမ်းတွင် ပြုပြင်ရန် လိုအပ်သည့်အန္တရာယ်ရှိ စာသင်ကျောင်းဆောင်များနှင့် ဥပဓိရုပ်မကောင်းသည့် စာသင်ကျောင်းစုစုပေါင်း ခုနှစ်ထောင်ကျော်ရှိသည့်အနက် ကျောင်းပေါင်းနှစ်ထောင်ကျော်သာ ပြုပြင်ဆောင်ရွက်ပေးနိုင်မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
 

“၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေနှစ်ရပ်တွင် ပါရှိခြင်းမရှိသည့် စိစစ်ပြီး အန္တရာယ်ရှိကျောင်းများ၊ ဥပဓိရုပ် မကောင်းသည့်ကျောင်းများနှင့် ထပ်မံတိုးလာသည့်ေ ကျာင်းများအား ၂၀၁၆-၂၀၁၇ ဘဏ္ဍရေးနှစ်မှစပြီး ဘဏ္ဍရေးနှစ်အလိုက် ငွေလုံးငွေရင်းတည်ဆောက်ရေး ရန်ပုံငွေ ခေါင်းစဉ်အောက်က မြို့နယ်ဦးစားပေး ကျောင်းများအလိုက် ဆောင်ရွက်ပေးသွားပါမယ်” ဟု ဒုတိယဝန်ကြီးဦးသန့်ရှင်းက ပြောသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး ၄၇ ၇က်မြောက်နေ့တွင် အမျိုးသားတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမျိုးထွန်းအောင်၏ ကြယ်ပွင့်ပြမေးခွန်းကို အထက်ပါအတိုင်းဖြေဆိုခဲ့ခြင်းဖြစ်သည်။

အခြေခံပညာဦးစီးဌာနအောက်ရှိ အန္တရာယ်ရှိစာသင်ကျောင်း စုစုပေါင်း ၃၆၁၂ ကျောင်း ပြုပြင်ပေးရန် လိုအပ်သော်လည်း ဘဏ္ဍငွေအရ ကျောင်းပေါင်း ၂၂၁၅ ကျောင်းသာ ဆောင်ရွက်ပေးနိုင်မည်ဟု ဆိုသည်။

ထို့အတူ ဥပဓိရုပ်မကောင်းသည့် ကျောင်းပေါင်း ၄၂၇၅ ကျောင်းရှိသော်လည်း ယခုနှစ်တွင် ကျောင်း ၆၆၉ လုံးသာ ပြင်ဆင်နိုင်မည်ဟု ဆက်ပြောသည်။

“ကျန်ရှိနေသော ကျောင်းများကို လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များ၊ မြိ့နယ်မှတင်ပြလာသော ကျောင်းများနှင့် ဌာနဆိုင်ရာကွင်းဆင်းစစ်ဆေး တင်ပြချက်များအပေါ် စိစစ်ဆောင်ရွက်ပြီး ဖြည့်စွက်ရန်ပုံငွေထည့်သွင်းလျာထား တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးဦးသန့်ရှင်းက ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိအချိန်တွင် နေပြည်တော်ကောင်စီအပါအ၀င် တိုင်းနှင့်ပြည်နယ်များတွင် အန္တရာယ်ရှိကျောင်း၊ ဥပဓိရုပ်မကောင်းသည့်ကျောင်း စုစုပေါင်း ၇၈၈၇ ကျောင်းအထိ ရှိသည်ဟုဆိုသည်။

“ရာသီဥတုအရသော်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ် အရသော်လည်းကောင်း ထပ်မံလိုအပ်သည့် ကျောင်းဆောင်များလည်း ရှိလာနိုင်ပါတယ်” အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမျိုးထွန်းအောင်က ပြောသည်။

အမျိုးသားလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိဒေသရှိ စာသင်ကျောင်းများ ပြုပြင်ပေးရန်၊ ဆောင်လုပ်ပေးရန် ၊ တိုးချဲ့ ဆောင်ရွက်ပေးရန် ၊ကျောင်းများဖွင့်လှစ်ပေးရန် စသည့် အချက်များကိုသာ မေးမြန်မှုများအများဆုံးဖြစ်သည်ဟု သိရသည်။


Credit - Mizzima News

No comments:

Post a Comment