Friday, May 15, 2015

သတ်မှတ်ဈေးနှုန်းအတိုင်း ဒေါ်လာမရောင်းပါက အရေးယူမည်ဟု ဗဟိုဘဏ်သတိပေးမှုအပေါ် စီးပွားရေး လေ့လာသုံးသပ်သူများဝေဖန် – သဘောထားအမြင်

ပစ္စည်းများရင် ဈေးကျမယ်။ ပစ္စည်းရှားရင် ဈေးတက်မယ်။ အဲဒါသဘာဝပဲ။ လိုနေတာကို တားပြီးလုပ်ရင် အရင်စနစ်လိုပဲ ပြန်ဖြစ်မှာ၊ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက် အလိုအရ ပဲ။ ငွေနဲ့ပစ္စည်းဆိုတာ ကုန်ပစ္စည်း တစ်မျိုးပဲ။ အခုလို ဒေါ်လာဈေးတက်တယ် ဆိုတာကလည်း ဒါဟာ ရှိသင့်သလောက် မရှိလို့ပေါ့။ ဘယ်ဟာမှ ရေရှည်မရဘူး။ ခဏတာပဲ ပြင်လို့ရမယ် ..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ မေ ၁၃

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ် များနှင့် ငွေလဲကောင်တာများတွင် အမေရိကန် ဒေါ်လာနှင့် မြန်မာ ကျပ်ငွေလဲနှုန်းများကို တရားမ၀င် ပြင်ပပေါက်ဈေးများအတိုင်း ရောင်းချ ပါက မေလ ၁၂ ရက်မှစ၍ အရေးယူမည်ဖြစ်ကြောင်း မေလ ၁၁ ရက် ညနေပိုင်းတွင် တရားဝင်ငွေလဲ ကောင်တာများမှ တာဝန်ရှိသူများ ကို ခေါ်ယူသတိပေးခဲ့သည်။


အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းကို ဗဟိုဘဏ်က လက်ရှိအချိန်တွင် တစ်ဒေါ်လာလျှင် ၁၀၈၀ ကျပ် သတ်မှတ်ထားပြီး ၎င်း ပမာဏာအား ၈ ရာခိုင်နှုန်းဖြင့်သာ အတိုးအလျှော့ ပြုလုပ်ရမည် ဖြစ်သည့် အတွက် ငွေလဲကောင်တာရှင်များကြား ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ယင်းကဲ့သို့ သတ်မှတ်နှုန်းထား ထားရှိခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လေ့လာ သုံးသပ်သူများ၏ ဝေဖန်မှုများရှိလာရာ ယင်းဝေဖန်မှုများကို စုစည်း၍ မြန်မာသံတော်ဆင့်က ဖော်ပြလိုက် ပါသည်။

ဝတ်ရည်နွေးနွေး

● ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး)

တရားဝင် ကျွန်တော်တို့ကော်မတီကို အကြောင်းကြားတာတော့ မရှိဘူး။ ဗဟိုဘဏ်ကို အပ်နှင်းထားတဲ့ Exchange Law အရ ဒီလို ကမောက်ကမဈေးတွေ မဖြစ်အောင် ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ ဒါကြောင့် ရည်ညွန်း သတ်မှန်တဲ့ ဈေးအရ ပိုရောင်းရင် ငွေဒဏ်ဖြစ်စေ၊ ထောင် ဒဏ်ဖြစ်စေ ပေးနိုင်တယ်လို့ ပါရှိပါတယ်။ တချို့တွေပြောနေတဲ့ ဗဟိုဘဏ်က သက်သက်လို့ ပြောရအောင် ဗဟိုဘဏ်နဲ့ နိုင်ငံတော် အစိုးရက မတူဘူးလား။ အစိုးရကနေ ဗဟိုဘဏ်ကို လုပ်ပိုင်ခွင့်အရ ဒီဥပဒေ အပ်ထားတာလေ။ ဥပဒေအရ လုပ်တာကို လက်ခံရမှာပေါ့။

● ဦးဖြိုးမင်းသိန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်)

ဗဟိုဘဏ်ကနေ ဘဏ်တွေကို အမိန့်ထုတ်ပြန်တယ်။ ဒီငွေလဲ ကောင်တာတွေမှာ အခုရောင်းနေတဲ့ နိုင်ငံခြား ငွေတွေကို သတ်မှတ်နှုန်းအတိုင်း ရောင်းရမယ်။ ဒီသတ်မှတ်နှုန်းအတိုင်း ရောင်းရမယ် ဆိုတာ ဖွဲ့စည်းပုံမှာ ဒီဗဟိုဘဏ်မှာ မြင်နေတာက ကျွန်တော်တို့ ဒီတိုင်းပြည်မှာ ဗဟိုဘဏ်က လေလံလုပ်တယ်။ ဘဏ်တွေက လာဆွဲပြီး လာဆွဲတဲ့နှုန်းကို သတ်မှတ်နှုန်းရှင်ဆိုပြီး ကြေညာတယ်။ အမှန်ဆို ဒေါ်လာတွေကို ဗဟိုဘဏ်က ထုတ်ရောင်းရမှာ။ ဒါပေမဲ့ အဲဒီငွေတွေက နိုင်ငံခြားငွေ သုံးစွဲချင်သူတွေရဲ့ လက်ထဲကို ရောက်သွားဖို့လိုတယ်။ ရောက်သွားမယ်ဆိုရင် ဒေါ်လာရဲ့ဝယ်အားကို ဒီဘက်က ပြန်ဖြည့်ပေးမယ်ပေါ့။ ဒါပေမဲ့ အဲဒီလိုမျိုး ဖြစ် မလာဘူး။ အမေရိကန် ဒေါ်လာတွေကို ဗဟိုဘဏ်က အလိုလိုရသွားတော့ ၁၀၀ မြတ် သွားသလို ဖြစ်နေတယ်။ အနုတ်အသွင်း လုပ်စေချင်လို့ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို လေလံပစ်ပြီး US ကို ထုတ်ရောင်းတယ် ဆိုရင် ဒီဒေါ်လာတွေ ငွေလဲသူတွေ လက်ထဲကို ရောက်ဖို့လိုတယ်။ အဲဒီလိုလုပ်တဲ့ နေရာမှာ လည်း နှုန်းရှင် တစ်ခုကို သတ်မှတ်ပြီးတော့ ထုတ်ရောင်းနေတဲ့ ငွေပမာဏထက် နိုင်ငံတော်ရဲ့ အရန်ငွေထဲက ထုတ်ရောင်းတယ်ဆိုရင် ဘဏ်မှာ အရန်ငွေ ဘယ်လောက်ရှိလဲဆိုတာ ဗဟိုဘဏ်က အရင်အသိပေးဖို့ လိုအပ်တာပေါ့။ အနုတ်အသွင်းကို မြန်မမြန် လုပ်နိုင်ရင် ဒီသတ်မှတ်နှုန်းရှင်နဲ့ သွားလို့ရတယ်။ အဲဒီပုံစံ မဟုတ်ဘဲ ဗဟိုဘဏ်က သူပြောတဲ့နှုန်းအတိုင်း ရောင်းဆိုပြီး ဖြစ်လာတာက ဗဟိုဘဏ်က ငွေလဲလှယ်ရေး ဈေးကွက်ကို ၀င်ပြီးစွက်ဖက်တာ။ စီးနင်းလိုက်သလို ဖြစ်နေတယ်။ ဒီအခြေအနေက မှောင်ခိုဈေးကွက်ကို အားပေးရာ ရောက်တယ်။ ဒီအခြေအနေကို ပြန်ပြီးထိန်းဖို့လိုတယ်။ US ငွေနဲ့ အခုဖြစ်နေတဲ့ အခြေအနေကို ပြောမယ်ဆိုရင် ကမ္ဘာမှာ ဒေါ်လာဈေးကောင်းနေတယ်။ ဈေးမြင့်နေတဲ့ အခြေအနေမှာ ရှိတယ်။ မြန်မာနိုင်ငံရဲ့ ပြည်ပကနေ ကုန်သွယ်မှုမှာ ပို့ကုန်သွင်းကုန်မှာ သွင်းကုန်က များနေတယ်။ ကုန်သွယ်မှု လိုငွေပြနေတယ်။ ဒါကလည်း ဒေါ်လာဈေး တအားမြင့်တက်လာတာကြောင့်လို့ ထင်တယ်။ အခုငွေကြေး ဖောင်းပွမှုနှုန်းက ၈ ဒသမ ၄ ရာခိုင်နှုန်းလောက်ရှိတယ်။ နိုင်ငံတော်ဘတ်ဂျက် လိုငွေပြတဲ့အတွက် အစိုးရက ငွေလိုတယ်။ ငွေလိုတော့ ဗဟိုဘဏ်က ငွေစက္ကူတွေ ရိုက်ထုတ်။ ပုဂ္ဂလိက ငွေကြေးဈေးကွက်မှာ ဒေါ်လာရောင်းတဲ့ ပမာဏက ၀ယ်လိုအားကို မဖြည့်နိုင်ဘူး။ ရောင်းနိုင်တဲ့အားနဲ့ ၀ယ်လိုအားနဲ့ မမျှဘူး ဖြစ်နေတယ်။ အဲဒီ မျှခြေတွေကို ဗဟိုဘဏ်က မထိန်းနိုင်ဘူး ဖြစ်နေတယ်။ ကမောက်ကမ ဖြစ်နေတာကို ကုစားလိုက်တဲ့ ဗဟိုဘဏ်ရဲ့ကုထုံးက လွဲမှားနေတယ်။ ဒီအခြေအနေကို စနစ်တကျပြန်လုပ်ဖို့ လိုတယ်လို့ ထင်တယ်။ ဒီ ဥစ္စာကို စနစ်တကျ ပြန်လည်ထိန်းညှိဖို့လိုတယ်။ သူတို့က နိုင်ငံခြားငွေကို သတ်မှတ်နှုန်းရှင်အတိုင်း ရောင်းရမယ်လို့ ပြဋ္ဌာန်းထားတာ မှန်တယ်။ ဈေးကွက်ကို အခုလိုဝင်ပြီး ကိုင်တွယ်မယ် ဆိုရင်တော့ ဗဟိုဘဏ်က ဒါငါတို့မှန်တယ်။ ဒါမျိုးလုပ်ခွင့်ရှိတယ်လို့ ပြောနေလို့ မရဘူး။ အခု ဗဟိုဘဏ်တစ်ခုတည်း ထိမှာမဟုတ်ဘူး။ ဈေးကွက်စီးပွားရေး တစ်ခုလုံးကို လာထိမှာ။ ငွေကြေး ဖောင်းပွမှု ဖြစ်နေတယ်။ ဒေါ်လာဈေး တက်နေတယ် ဆိုတာထက် ကုန်ဈေးနှုန်း ကျဆင်းရေးကို အမိန့်နဲ့ လုပ်မယ်ဆိုတဲ့ ပုံသဏ္ဌာန်မျိုး ငွေကြေး ဖောင်းပွမှုကို အမိန့်နဲ့ သတ်မှတ်မယ်ဆိုတဲ့ တစ်ချိန်က အာဏာရှင် ခေတ်တုန်းကလို ဈေးကွက်ထဲမှာ ဒေါ်လာအစိမ်း သွားဝယ်မယ်ဆိုရင် ဘယ်ဈေးအပြင်၊ အပြင်ဈေးကတစ်ဈေး၊ အစိုးရသတ်မှတ်မယ် ဆိုတဲ့ဈေးက တစ်ဈေးဆိုရင် ဈေးကွက်ခိုင်မာတာကို ယုတ်လျော့စေတယ်။ ငွေကြေး ဖောင်းပွမှုကို ဘယ်လို နည်းလမ်းနဲ့ လုပ်မလဲဆိုတာကိုပဲ စဉ်းစားစေချင်တယ်။ အစိုးရက ဘတ်ဂျက်လိုငွေကို ထိန်းတဲ့နည်းလမ်း ရှာရမယ်။ ဘတ်ဂျက်ငွေလိုတယ်၊ အစိုးရမှာ ငွေလိုတယ်ဆိုရင် နည်းလမ်းရှာဖို့လိုတယ်။ ပြည်တွင်းမှာ နိုင်ငံခြား ဘဏ်တွေနဲ့ ပြည်တွင်းဘဏ်တွေကို သူတို့ကြားမှာ ချောမွေ့အောင် ဘယ်လို စနစ်တွေ လုပ်ထားလဲ၊ ဗဟိုဘဏ်ရဲ့ ပေါ်လစီ (မူဝါဒ)ဖြင့် ပြင်ဖို့လိုတယ်။

● ဒေါက်တာအောင်ထွန်းသက် (နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး)

ဗဟိုဘဏ်က အခုလိုလုပ်တာဟာ အကြောင်းအကျိုး စဉ်းစားပြီး လုပ်တာလို့မြင်တယ်။ နိုင်ငံခြားငွေ လဲလှယ်တာတွေကို ထိန်းချုပ်တဲ့ အနေနဲ့လုပ်တာပဲ။ သူတို့လုပ်တာ ကောင်းတယ်လို့ ပြောရမှာပေါ့။ မသိဘဲနဲ့ ဝေဖန်လို့မကောင်းဘူး။ သူတို့က စဉ်းစားပြီး လုပ်ကြတာပေါ့။ သူတို့ရဲ့ အကြောင်းအကျိုးကို ပြည့်ပြည့်စုံစုံ မသိဘဲနဲ့ ဝေဖန်လို့မရဘူး။

● ဦးမြတ်သင်းအောင် (ရိုးမဘဏ် ဒုဥက္ကဋ္ဌ/လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ)

ပစ္စည်းများရင် ဈေးကျမယ်။ ပစ္စည်းရှားရင် ဈေးတက်မယ်။ အဲဒါသဘာဝပဲ။ လိုနေတာကို တားပြီးလုပ်ရင် အရင်စနစ်လိုပဲ ပြန်ဖြစ်မှာ၊ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက် အလိုအရပဲ။ ငွေနဲ့ပစ္စည်းဆိုတာ ကုန်ပစ္စည်း တစ်မျိုးပဲ။ အခုလို ဒေါ်လာဈေး တက်တယ်ဆိုတာကလည်း ဒါဟာရှိသင့်သလောက် မရှိလို့ပေါ့။ ဘယ်ဟာမှ ရေရှည်မရဘူး။ ခဏတာပဲပြင်လို့ရမယ်။ ဥပမာ ဆန်ဆိုရင် ဆန်စပါးအသင်းက ၂၀၀၀၀ ထက် မရောင်းရဘူး ဆိုရင် လယ်သမားက မစိုက်တော့ဘူး။ ဒီတော့ ပိုရှားသွားမှာပေါ့။ ဗဟိုဘဏ်က လုပ်တဲ့အတွက် တာဝန်က ဗဟိုဘဏ်ပေါ်ပဲ ကျလိမ့်မယ်။ မအောင်မြင်ရင် ပြဿနာ၊ ဒီမှာက ဗဟိုချုပ်ကိုင် စနစ်မျိုး လုပ်နေတယ်။ ခဏလောက်ပဲ ထိန်းချုပ်လို့ရမယ်။ နောက်ပိုင်း သူ့ဈေးကွက်နဲ့သူ ဖြစ်လာပြီး မှောင်ခိုဈေးကွက် ပိုပြီး ကြီးသွားနိုင်တယ်။

● ဒေါက်တာစိုးထွန်း (မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ)

သူက ဈေးနှုန်းကျအောင် သတ်မှတ်ဈေးနဲ့ ရောင်းခိုင်းတာပေါ့။ သူတို့ သတ်မှတ်တာကို မရောင်းနိုင်ရင် ဘာဖြစ်လာမလဲ ဆိုတော့ မှောင်ခိုဈေးကွက် ပြန်ဖြစ်လာတယ်။ အမှန်ဆို ဒေါ်လာဈေးတက်တဲ့ အကြောင်းရင်းကို ရှာရမှာ။ လိုအပ်ရင် နိုင်ငံတော်က ထုတ်ရောင်းရမှာ။ ဒီလိုမျိုး လုပ်လိုက်လို့ ဈေးကျသွား မယ်လို့ မထင်ဘူး။ ပုဂ္ဂလိကအနေနဲ့ သူ့ဘာသာ ကြိုက်တာရောင်း၊ ကြိုက်ရင်ဝယ်မှာပဲ။ အခုပုံစံက အရင် အစိုးရလုပ်ခဲ့တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဒါကို အရေးသွားယူရင် အရင်တုန်းက ထောက်လှမ်းရေးပုံစံမျိုး ဖြစ်နေတယ်။ အခုရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို စိစစ်ဖို့လိုတယ်။ အစိုးရက ဘတ်ဂျက်လိုငွေ ပြနေတာ တွေကို စဉ်းစားဖို့လိုမယ်။ လျှော့ချရမယ်။ ဒါတွေ မဖြေရှင်းနိုင်ရင်တော့ ဒီတိုင်းသွားဖို့ပဲ ရှိပါတယ်။

● ဦးမောင်မောင်စိုး(စီးပွားရေးလေ့လာသုံးသပ်သူ)

ကျွန်တော်တို့က ဒီလိုဗဟိုဘဏ်က သတ်မှတ်တဲ့အပေါ်မှာ မဝေဖန်လိုဘူး။ ဒါပေမဲ့ ဒီလိုသတ်မှတ်နှုန်းထား ထားလိုက်ရင် အဆင်ပြေသွား မှာလား။ ဒေါ်လာဈေးတက်ရခြင်း၏ အကြောင်းရင်းကို အရင်ရှာပြီးမှ လုပ်သင့်တယ်။ ဒေါ်လာဈေးအရ ပုဂ္ဂလိက ငွေလဲကောင်တာ မှာ ရောင်းလိုအားနဲ့ ၀ယ်လိုအား မမျှရင် နိုင်ငံတော်က ဒီဒေါ်လာတွေကို ထုတ်ရောင်းမှာလား။ ဒါတွေကို စဉ်းစားဖို့လိုပါတယ်။ ဥပဒေအရတော့ မှန်ပါတယ်။ ဒါကို ကိုင်တွယ် ဖြေရှင်းတတ်ဖို့ နည်းစနစ်လိုတာပေါ့။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment