Sunday, May 10, 2015

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းရီနှင့်တွေ့ဆုံခြင်း – ကျော်ကျော်မင်း၊ ချမ်းမြေ့ခိုင်

“ကြိုတင်မဲကို ဆာလာအိတ်နဲ့ထည့်ပြီး လိုသလို ကုလားဖန်ထိုးသွားတာ ၂၀၁၀ တုန်းက ခံခဲ့ရပြီးပြီ . . . ခဲမှန်ဖူးတာကို နောင်ထပ်ပြီးတော့ ခဲအမှန်ခံရရင် ခဲအမှန်ခံတဲ့ပုဂ္ဂိုလ်ရဲ့ အားနည်းချက်ပဲ ဖြစ် လိမ့်မယ် . . .”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်၍ အစဉ်အလာ ပါတီကြီးတစ်ခုဖြစ်ခဲ့ပြီး တစ်ပါတီ အာဏာရှင် ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ အသွင်ပြောင်းလဲလာသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းရီနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြ လိုက်ပါသည်။

မေး – ဆရာတို့ ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်လို ပြင်ဆင်မှုတွေ ပြုလုပ်ထားလဲ။

ဖြေ – ပထမ တစ်ချက်အနေက အန်ကယ်တို့ ပါတီအနေနဲ့ အခြေခံဥပဒေကို လေးစားတယ်။ အခြေခံဥပဒေကို မဏ္ဍိုင်ပြုတဲ့ ပါတီဖြစ်တဲ့ အခြေခံဥပဒေက သတ်မှတ်တဲ့၊ ရွေးကောက်ပွဲ နည်းလမ်းကို အမြဲတမ်းဖြတ်သန်း တယ်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်း က ရွေးကောက်ပွဲ ၀င်ခဲ့တာပေါ့ ၂၀၁၀ ရွေးကောက်ပွဲလည်း ၀င်ခဲ့တာပဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲလည်း ၀င်ခဲ့တာပဲ။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲလည်း အန်ကယ်တို့ ပါတီအနေနဲ့ ၀င်ပြီးပြိုင်သွားမှာပါ။ လမ်းစဉ်ပါတီ လက်ထက်တုန်းက အာဏာရပါတီ တစ်ပါတီပဲ ရှိတဲ့အခါ ကျတော့ ကျယ်ကျယ်ပြန့်ပြန့် ဟိုတုန်းကတည်းက ဖွဲ့စည်းထားပြီးသား ဖြစ်တဲ့အခါ ကျတော့ပါတီစုံ ပြောင်းတဲ့ အခါကျတော့ အန်ကယ်တို့ တစညပါတီဟာ အလိုအလျောက် အခြေခံရုံးတွေရော၊ လူတွေရော အဆင့်သင့် ရှိပြီးသား၊ သူများနဲ့ မတူတဲ့ သဘာဝပေး အခြေအနေပေါ့လေ တခြားလူတွေက ၈၈ ပါတီစုံ ထောင်နိုင်ပြီဆိုမှ အသစ်စပြီးတော့ ဖွဲ့ကြတယ်။ ပြည်ခိုင်ဖြိုး ဆိုရင်လည်း သူဟာသူ အင်အားတို့ ငွေကြေးတို့ ရှိတယ် ဆိုပေမယ့် နောက်ပိုင်းကျတော့ မှ ပြည်ခိုင်ဖြိုး အသင်းကနေပြီးတော့ ပါတီထောင်တာ။ စလုပ်လုပ်ချင်းတော့ မရှိဘူး။ NLD လည်း အလားတူပဲပေါ့။ တကယ့်တကယ်ကျတော့ ပါတီစုံ ထောင်လို့ရမှပဲ စထောင်ခဲ့တာ။ ဒါကြောင့် အန်ကယ်တို့ ပါတီရဲ့ လက်ရှိ ဖွဲ့စည်းပုံကြည့်ရင် ဌာနချုပ်မှာလည်းပဲ ဗဟိုအဆင့် အဖွဲ့အစည်း ဖွဲ့ထားတယ်။ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ အန်ကယ်တို့က ရုံး ၁၆ ရုံး ဖွင့်ထားသလို မြို့နယ်တွေမှာလည်းပဲ ၃၀၅ မြို့နယ် လောက်မှာ အခြေစိုက်ရုံးတွေ ဖွဲ့ထားပြီးသား။ အဲဒီတော့ အဲဒီလို ဖွဲ့ထားတဲ့နောက်မှာ အန်ကယ်တို့မှာ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းဆိုတာ ဗဟိုကော်မတီ အစည်းအဝေးက အတည်ပြုထားတဲ့ စည်းမျဉ်းနဲ့အညီ ခုန အဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်းထားပြီးပြီဆိုတဲ့ ဗဟိုမှသည် ရပ်ကွက်ကျေးရွာ အဆင့်ထိအောင် ဖွဲ့ထားတယ် ဆိုတဲ့အနေအထား ရှိတဲ့အခါကျတော့ စောစောကစကား ပြန်ကောက်ရရင် အန်ကယ်တို့ ပါတီက အခြေခံဥပဒေကို မဏ္ဍိုင်ပြုတဲ့ ပါတီဖြစ်တဲ့ အခါကျတော့၊ အခြေခံဥပဒေက သတ်မှတ်တဲ့ ရွေးကောက်ပွဲတွေမှာ အမြဲမပြတ် ၀င်ပြိုင်ခဲ့တဲ့ အနေအထားတွေ ရှိတဲ့အခါကျတော့ အဲဒီပေါ်မှာ မူတည်ပြီးတော့ အရင့်အရင်တုန်းက ရွေးကောက်ပွဲတွေက ၀င်ပြိုင်ခဲ့သလို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်းပဲ။ ပြိုင်သွားမှာပဲ ပြိုင်တဲ့ အခါကျတော့ ၂ ပိုင်းပြောချင်တာက ၂၀၁၀ တို့ ၁၉၉၀ ရွေးကောက်ပွဲတွေ တုန်းကတော့ မဲဆန္ဒနယ်အကုန် အန်ကယ်တို့ဝင် ပြိုင်ခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အန်ကယ်တို့က ခပ်စောစောကတည်းက ဘာမူ ချထားလည်းဆိုရင် မြို့နယ်တွေကို စည်းရုံးရေး အင်္ဂါရပ်တွေ ချပေးထားတာ ရှိတယ်။ တချို့တချို့သော အပိုင်း တွေ ရွေးကောက်ပွဲနီးမှ ကောက်ခါငင်ခါ စီမံတဲ့ သဘောမဟုတ်ဘူး။ အန်ကယ်တို့ ပါတီအနေနဲ့ ပါတီရဲ့ အသက်က စည်းရုံးရေးပဲ ပါတီဘာလို့ ထောင်ထားတယ်။ စည်းရုံးရေး လုပ်ဖို့ထောင်တယ်။ ဒါကြောင့်မို့လို့ အန်ကယ်တို့ဟာ ပါတီတစ်ရပ်အနေနဲ့ အဓိကကျတဲ့ စည်းရုံးရေး လုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်နေတယ် ဆိုတဲ့အနေအထား။ အဲဒါကိုက ဘာဖြစ်လို့လုပ်တယ်။ ပါတီရဲ့မူတွေ၊ ၀ါဒတွေ၊ လုပ်ငန်းစဉ်တွေကို ပြည်သူတွေ သဘောပေါက်အောင် ရှင်းပြဖို့ ဆောင်ရွက်ဖို့အတွက် စည်းရုံးတာ။ အဲဒီ စည်းရုံးတာတွေမှာတင် ပါတီကို သဘောကျလာရင် ထောက်ခံလာလျှင် အလိုအလျောက် ရွေးကောက်ပွဲမှာ အောင်နိုင်ရေးအတွက် အထောက်အကူပြုမယ်။ တစ်နည်းအားဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး၊ စည်းရုံးရေး လှုပ်ရှားမှု လုပ်ငန်း တွေကို ပါတီတစ်ရပ် အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ရေရှည်လည်းပဲ လုပ်နေတယ် ဆိုတဲ့အချက်က တစ်ချက်ပေါ့။

ဟိုးတုန်းက ရွေးကောက်ပွဲ ၀င်သလိုမျိုး အကုန်လုံး ၀င်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆုံးဖြတ်ချက် မချထားဘူး။ အခြေအနေ အရပ်ရပ်ကို အကဲခတ်ပြီးတော့ လိုရင်းပြောမယ်ဆိုရင် အခြေအနေ အလားအလာ ကောင်းတဲ့ မဲဆန္ဒနယ်တွေကျမှ အန်ကယ်တို့ ရွေးကောက်ပွဲဝင်မယ့် အစီအမံ ချထားတော့ အဲဒါကို ဘယ်ပုံစံနဲ့ အန်ကယ် တို့ လုပ်တာလဲဆိုတော့ မြို့နယ် တစ်ခုချင်းကို အကဲခတ် ခိုင်းထားတယ်။ အကဲခတ်ပြီးတော့ မြို့နယ်ကို ၃ မျိုး ၃ စား ခွဲခိုင်းထားတယ်။

ရွေးကောက်ပွဲ ၀င်မယ်လို့ အလားအလာရှိတဲ့ မြို့နယ်တွေကို (က) အဆင့် မြို့နယ်တွေလို့ သတ်မှတ်ခိုင်း ထားတယ်။ (ခ) အဆင့် မြို့နယ်ဆိုပြီး မြို့နယ် အတန်းအစားတစ်မျိုး သတ်မှတ်ခိုင်းထားတယ်။ အဲဒိမြို့နယ် တွေကတော့ မဲဆန္ဒနယ် ၄ နေရာ ရှိတဲ့ထဲမှာ အကုန်ဝင်နိုင်မယ့်၊ အောင်နိုင်မယ့် အခြေအနေမျိုး မရှိဘူး။ တစ်နေရာစ၊ နှစ်နေရာစ အလားအလာရှိတယ်။ ရွေးကောက်ပွဲမှာ နိုင်ခြေရှိတဲ့မြို့နယ်မျိုးကို (ခ) အဆင့် မြို့နယ် အဖြစ် သတ်မှတ်ထားတယ်။ (က) အဆင့် မြို့နယ်တွေက အဆင့်အားလုံးအ ကုန်ဝင်မယ် (ခ) အဆင့် မြို့နယ်တွေက အဆင့်အားလုံး အကုန်အောင်နိုင်မယ့် အခြေအနေ မရှိဘူး။ တစ်နေရာစ၊ နှစ်နေရာစ ရွေးကောက်ပွဲ အလားအလာ နိုင်ခြေရှိတဲ့မြို့နယ်တွေကို ၀င်ပြိုင်သွားမယ်။ အဲဒီအချိန်မှာ ရွေးကောက်ပွဲဝင်ဖို့ တော်တော်လေး ကြိုးစားရဦးမယ်ဆိုတဲ့ မြို့နယ်မျိုးကို (ဂ) အဆင့် မြို့နယ်မျိုးလို့ သတ်မှတ်ထားတယ်။ လက်ရှိ နောက်ဆုံး အခြေအနေထိတော့ အန်ကယ်တို့ (က) အဆင့်မြို့နယ်မျိုးဟာ ၁၃၁ မြို့နယ်ရှိတယ်။ ဆိုလိုတဲ့ သဘောက မြို့နယ် ၃၀၀ ကျော်ရှိတဲ့ထဲမှာ အန်ကယ်တို့ပါတီက ၁၃၁ မြို့နယ်က အဆင့် ၄ ဆင့်လုံး အန်ကယ်တို့ပါတီ ၀င်ပြိုင်မယ်ဆိုတဲ့ အနေအထားပဲ။ (ခ) အဆင့် မြို့နယ်က ၉၁ မြို့နယ်ရှိတယ်။ အဲဒါကတော့ တစ်ယောက်စ၊ နှစ်ယောက်စ ၀င်ပြိုင်မယ့် မြို့နယ်တွေ ဖြစ်တော့ မြို့နယ်အရေအတွက်နဲ့ ကြည့်ရင် ၁၃၁ ရယ်၊ ဒီက ၉၁ ရယ် ဆိုရင် ၂၃၀ မြို့နယ်လောက်က အန်ကယ်တို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်။ မဲဆန္ဒနယ် အရေအတွက်နဲ့ ကြည့်ရင် ဟို ၁၃၁ ယောက်က ၄ ယောက်နှုန်းဆိုရင် လူဦးရေ ၄၀၀ ကျော်လောက်တော့ ရှိမယ်။ ဆိုလိုတဲ့ သဘောက (ခ) အဆင့်မြို့နယ်က ၉၀ လောက်ရှိတော့ လူဦးရေအားဖြင့်တော့ ၁၈၀ လောက် ရှိမှာပေါ့။ စုစုပေါင်း ၀င်ပြိုင်မယ့် လူဦးရေက ၇၀၀ လောက်တော့ ရှိတယ်လို့ အန်ကယ်တို့ ခန့်မှန်းတယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေကိုလည်း ဖွဲ့စည်းပေးထားတာ ရှိတယ်။ ဗဟိုမှာလည်း ဖွဲ့ထားတာ ရှိတယ်။ ရပ်ကွက် ကျေးရွာတွေမှာလည်း ဖွဲ့ထားတယ်။ ဥက္ကဋ္ဌ ကိုယ်တိုင်ပါပြီးတော့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေဖွဲ့ပြီးတော့ တိုင်းတွေမှာရော မြို့နယ်တွေမှာရော ရပ်ကွက်တွေမှာပါ ဖွဲ့စည်းထား ပါတယ်။

မေး – အောင်နိုင်ရေး ကော်မတီတွေ ဖွဲ့ပြီးပြီဆိုတော့ အောင်နိုင်ရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေက ဘာကိုအဓိကထား လုပ်ဆောင်နေလဲ။


ဖြေ – အောင်နိုင်ရေးအဖွဲ့တွေက တော်တော်များတော့ ဖွဲ့ပြီးသွားပြီ ပေါ့နော်။ သေချာပေါက် မပြောနိုင်တာဟာ ဗဟိုတို့၊ ပြည်နယ်တိုင်းတို့ မြို့နယ်တွေမှာတော့ အန်ကယ် တို့က တောင်းတောင်းပြီးတော့သေချာပေါက် ကြည့်တာပေါ့။ ဖွဲ့ပြီးပြီလား၊ ရပ်ကျေး အဆင့်မှာတော့ မြို့နယ်ရဲ့တင်ပြချက်တွေရှိတော့ သိတာပေါ့။ များသော အားဖြင့်တော့ ဖွဲ့ပြီးတဲ့ နေရာတွေရှိသလို တချို့လည်းပဲ ဖွဲ့နေတဲ့ အနေအထားရှိတော့ ဗဟိုကနေမြို့နယ် အဆင့်ကတော့ အောင်နိုင်ရေး အဖွဲ့တွေ စနစ်တကျ ဖွဲ့စည်းပြီးသား။ သူ့လက်အောက်မှာ အဖွဲ့ငယ်လေးတွေ ကိုယ်စားလှယ် စိစစ်တာတို့၊ ရန်ပုံငွေရှာတာတို့၊ ပြန်ကြားရေး အဖွဲ့ငယ်တို့၊ စည်းရုံး လှုပ်ဆော်ရေး အဖွဲ့ငယ်တို့ သူတို့နဲ့ စနစ်တကျ ဖွဲ့စည်းပြီးတော့ လှုပ်ရှားဆောင်ရွက်တာတွေ ရှိတာပေါ့။

မေး – ဒါဆိုရင် အန်ကယ်တို့ပါတီ အနေနဲ့ တိုင်းနဲ့ပြည်နယ် အားလုံးမှာ ၀င်ပြိုင်ဖို့ရှိတဲ့ သဘောလားဆရာ။

ဖြေ – အဲ့ဒါကတော့ သေချာတယ်။ အန်ကယ်တို့ ၀င်မပြိုင်နိုင်တဲ့ အနေအထားကတော့ ပထမ တစ်ချက် ကတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားတဲ့ နယ်မြေတွေမှာ အန်ကယ်တို့ ၀င်ပြိုင်နိုင်ဖို့ အခက်အခဲ ရှိတယ် ဆိုတော့ သူတို့ကိုယ်တိုင်က သူတို့ တိုင်းရင်းသားတွေရဲ့ အရေးပေးပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ယူထားတဲ့ နေရာတွေ ဖြစ်တော့ အဲဒီသွားတိုးဖို့ အခက်အခဲရှိတယ်။ နောက်တစ်ပိုင်းကတော့ အခုထက်ထိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းတုန်းပဲ ရှိသေးတယ်။ လက်မှတ်ထိုးတဲ့ အဆင့်တောင် မပြီးပြတ်သေး ဘူး။ လက်မှတ်ထိုးပြီး သည့်တိုင်အောင် တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေတဲ့ နေရာတွေမှာ အန်ကယ်တို့ သွားတိုးဖို့ မလွယ်သေးပေါ့။ အဲဒီလိုနေရာတွေက လွဲပြီးတော့ တစ်နိုင်ငံလုံး အန်ကယ်တို့ ရွေးကောက်ပွဲ ၀င်တဲ့ သဘောပါပဲ။

မေး – ၂၀၁၅ ရွေးကောက်ပွဲမှာ ဆရာတို့ပါတီအနေနဲ့ ကော်မရှင်ဘက်ကို ယုံကြည်မှု အတိုင်းအတာ ဘယ်လောက်ထိရှိလဲ။

ဖြေ – ရွေးကောက်ပွဲမှာ မတရားတဲ့ဒဏ်ကို အခံရဆုံးပါတီက အန်ကယ်တို့ပါတီပဲ။ ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်ဘူးလို့ လုံးဝ အသိအမှတ်ပြုထားတယ်။ အဲဒီခံခဲ့ရတဲ့ဒဏ်ဟာ အန်ကယ်တို့ အခံရဆုံးပဲ။ အဲဒါနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲပြီးတည်း ကိုက နောက်ရွေးကောက်ပွဲတွေမှာ တတ်နိုင်တဲ့ တရားမျှမှု ရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်မယ်တဲ့။ အဓိဋ္ဌာန်ချထားပြီးတော့ ပါတီအချင်းချင်းရော၊ ကော်မရှင်နဲ့ရော အများစု ညှိလုပ်တဲ့ အခါကျတော့ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်က နည်းဥပဒေတွေ တော်တော်များများ ပြင်ပေးထားတယ်။ ဒီပါတဲ့ ဥပဒေတွေကကော နောက်ဆုံး ဥပဒေတွေပဲ။ အဲဒီ အနေအထားတွေအရ ကြည့်တဲ့အခါကျတော့ နိုင်ငံတကာမှာ ရွေးကောက်ပွဲတိုင်းဟာ ခြောက်ပြစ်ကင်း သဲလဲစင်ဆိုတာလည်း မရှိပါဘူး။ ဒါပေမဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကတော့ ၂၀၁၀ ရွေးကောက်ပွဲထက်စာရင် အများကြီး အခြေအနေတွေ တိုးတက်လာတယ်။ ဟိုတုန်းကလို ဗရမ်းဗတာဖြစ်ဖို့ကို ကျန်တဲ့လူတွေကလည်း အဖြစ်ခံမှာ မဟုတ်တော့ဘူး။ အန်ကယ်တို့ပါတီက ခဲမှန်ဖူးတဲ့ စာသငယ်ဖြစ်နေတယ်။ စာသငယ် ဖြစ်နေတဲ့အခါကျတော့ ဘက်စုံထောင့်စုံက ပြုပြင်သင့်တဲ့ ကိစ္စတော်တော် များများဟာ ပြုပြင်ပြီး တော့ အခြေအနေတွေကလည်း ပြောင်းလဲလာ တာ ဖြစ်တာနဲ့အမျှ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကတော့ လုံးဝ ၁၀၀ ရာခိုင်နှုန်း ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ရင်တောင် အခြေအနေ တော်တော်ကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်တဲ့ အလားအလာရှိတယ်။ ရွေးကောက်ပွဲ ဖြစ်ရေးမဖြစ်ရေးဟာ ပါတီတွေ ပေါ်မှာ အများကြီး မူတည်တယ်။ အထူးသဖြင့် ပြောမယ်ဆိုရင် ၂၀၁၀ တုန်းက အန်ကယ်တို့ကို အသေသတ် သွားတာ။ ကြိုတင်မဲနဲ့ အသေသတ်သွားတာပဲ ညနေ ၄ နာရီ ထိုးပြီးပြီ မဲတွေရေပြီးပြီ ဦးဖြူဆိုတဲ့ အန်ကယ်တို့ ကိုယ်စားလှယ် နိုင်ပြီလို့ ပြောပြီးပြီ။ နောက်တစ်နေ့ မနက်ကျမှ ဘယ်ပါတီက နိုင်သွားပြီးဆိုတဲ့ နောက်ပိုင်း ကြိုတင်မဲတွေ ရောက်လာလို့ဆိုပြီး ကြိုတင်မဲကို ဆာလာအိတ်နဲ့ ထည့်ပြီး လိုသလို ကုလားဖန် ထိုးသွားတာ ၂၀၁၀ တုန်းက ခံခဲ့ရပြီးပြီ။ အခုလာမယ့် ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ပတ်သက်ပြီး အဲဒီလိုလုပ်လို့ မရအောင် ဥပဒေတွေလည်း ပြင်ပြီးပြီ။ အခု ရွေးကောက်ပွဲကို စောင့်ကြည့်တဲ့ အင်အားစုတွေရော၊ အန်ကယ်တို့ ပါတီ ကိုယ်တိုင်က ခဲမှန်ဖူးတာကို နောင်ထပ်ပြီးတော့ ခဲအမှန်ခံရရင် ခဲအမှန်ခံတဲ့ ပုဂ္ဂိုလ်ရဲ့ အားနည်းချက်ပဲ ဖြစ်လိမ့်မယ်။ လိုရင်းပြောရင်တော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလိုတော့ အခြေအနေတွေ ဆိုးဆိုးဝါးဝါး မဖြစ်ဘဲနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မေး – လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲမှာ အင်အား အတောင့်တင်းဆုံး ပါတီအနေဖြင့် ဘယ်ပါတီကို ထင်မြင်မိလဲ။

ဖြေ – အင်အား အတောင့်တင်းဆုံး ပါတီအနေနဲ့ကတော့ ယေဘုယျအားဖြင့် နှစ်ပိုင်းခွဲလို့ရတယ်။ တစ်တိုင်းပြည်လုံး ကြည့်ရင်တော့ ပြည်ခိုင်ဖြိုးရယ်၊ NLD ရယ်၊ အန်ကယ်လ်တို့ ပါတီရယ် ဒီ ၃ ခုက တကယ်တော့ အင်အားအကြီးဆုံးပါပဲ။ တခြားတိုင်းရင်းသား ဟိုဟာတွေ ကျတော့လည်း ငယ်တယ်လို့ သွားသတ်မှတ်လို့ မရဘူး။ တိုင်းရင်းသား ပါတီလေးတွေကို သတိပြုရမယ့် အနေအထား။ ရှမ်းမှာဆိုရင်လည်း ရှမ်းအမည်နဲ့ ဖွဲ့ထားတဲ့ ပါတီလေးတွေ ရှိတယ်။ ရခိုင်မှာလည်း အလားတူပဲ၊ ချင်းမှာလည်း အလားတူပဲ။ သူတို့ကတော့ သူတို့ဒေသမှာ သူတို့လူမျိုးပဲ အစိုးရအဖွဲ့နဲ့က အနိုင်ရရမယ်လို့ ဒီလိုမျိုး လေးတွေရှိတဲ့ အခါကျတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွှမ်းခြုံတာကတော့ ပြည်ခိုင်ဖြိုး၊ NLD ၊ အန်ကယ်လ်တို့ ပြိုင်ရမယ့် သဘောပေါ့။ ကျန်တဲ့ ပြည်နယ်လေးတွေမှာပေါ့ တိုင်းရင်းသား ပါတီလေးတွေနဲ့ ပြိုင်ရမယ့် အနေအထားပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD နဲ့ အန်ကယ်တို့ NLD သိပ်အရှိန် ကောင်းနေတဲ့အချိန် အန်ကယ်တို့ ယှဉ်ပြိုင်ခြင်းသာ အဓိကပေါ့။ အန်ကယ်တို့ ပြိုင်ခဲ့တာပေါ့။ ဘာမှ နောက်တွန့် နေတာမျိုး အန်ကယ်တို့ မရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲကျတော့ NLD က သပိတ်မှောက်သွားပြီ၊ ပြည်ခိုင်ဖြိုးက အသင်းကနေပါတီ ထောင်ထားတယ်။ ပြည်ခိုင်ဖြိုးနဲ့ အန်ကယ်တို့ ယှဉ်ပြိုင်ခဲ့တယ်။ သူက ငွေကြေးနဲ့ ပါဝါကို အသုံးပြုပြီး အန်ကယ်တို့ကို လုပ်ခဲ့တယ်။ ဒါပေမဲ့လည်း သတ္တိရှိရှိ ပြိုင်တာပဲ။ လာမယ့် ရွေးကောက်ပွဲမှာလည်း ပါတီကြီး ၃ခု ရှိတယ်။ ဘာပဲပြောပြော ပြည်ခိုင်ဖြိုးတို့၊ NLD တို့ အများက အင်အားကြီးတယ်လို့ သတ်မှတ် ပေမယ့် အန်ကယ်တို့ကလည်း အစဉ်အလာရှိတဲ့ ပါတီကြီး တစ်ခုအနေနဲ့ လူထုအပေါ်မှာ ယုံပြီးတော့ လူထု အဆုံးအဖြတ်ကို ပါတီကြီးတွေနဲ့ ရင်ပေါင်တန်းပြီးတော့ အဆုံးအဖြတ် ခံယူသွားမှာပဲ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment