ကျောက်တော်၊ မေ ၆
ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွား ခဲ့သော ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်သွယ်သောကြောင့် ဖမ်းဆီးခံထားရသူ အရေအတွက် ၂၀ ဦးရှိပြီဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးခင်မောင်က ပြောသည်။
ဧပြီလကုန်ပိုင်းမှစတင်၍ ဖမ်းဆီးရမိခဲ့သော ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များထံမှ ရရှိသော အချက် အလက်များဖြင့် သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ပြီး မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းအထိ လူ ၂၀ ဦးအား ဖမ်းဆီး၍ မတရားသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)၊ (၂) ဖြင့် အမှုဖွင့်ထားပြီးဖြစ်သည်။
““သောင်းကျန်းသူအမာခံ၂၀ ဦးကို မတရားသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ ၁၇(၂)နဲ့ အမှုဖွင့်ထား ပါတယ်။ တရားစွဲခံ ထားရသူတွေ က ကျောက်တော်မြို့နယ် ထဲကရော တခြားမြို့နယ်တွေကရော ပါပါတယ်။ အကုန်လုံးကို ကျွန်တော်တို့ စခန်းမှာပဲ အမှုဖွင့်ထားပါတယ်” ဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးခင်မောင်က ပြောသည်။
အမှုဖွင့် အရေးယူခြင်း ခံထားရသူများကို မေ ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီး ခံရသူများမှာ စစ်တွေ၊ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနှင့် ကျောက်တော် မြို့နယ်များမှ ဖြစ်ကြောင်း ရဲမှူးခင်မောင်က ထပ်မံပြောဆိုသည်။
ကျောက်တော်မြို့နယ်တွင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ဖမ်းဆီးရမိခဲ့သည့် ရက္ခိုင့် တပ်မတော် (AA) တပ်ဖွဲ့ဝင်များထံမှ ရရှိသော တယ်လီဖုန်း အပါအ၀င် အီလက်ထရွန်နစ် ပစ္စည်းများတွင် ထည့်သွင်း ထားသည့် အချက်အလက် များမှတစ်ဆင့် ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်သွယ်သူများကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ခြေရာခံ ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“တချို့က တိုက်ပွဲမှာ ဖမ်းမိတယ်။ တချို့က တိုက်ပွဲမှာဖမ်းမိတဲ့ လူတွေကို စစ်ဆေးပြီး ကွင်းဆက် ဖော်ထုတ် တာတွေ ရှိတယ်။ အခု တရားစွဲခံထားရသူတွေကို ချုပ်ရမန် ယူထားတယ်။ ရမန်ပြည့်တဲ့နေ့မှာ တရားစွဲမယ်။ လောလောဆယ်တော့ အမှုတည်ဆောက်နေတယ်” ဟု ရဲမှူးခင်မောင်က ပြောသည်။
ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်သွယ်ကြောင်း သံသယရှိသူ ၆၃ ဦးစာရင်းကို မြန်မာအစိုးရ တပ်မတော်က ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ထံသို့ ပေးပို့ထားပြီး အဆိုပါသံသယ ရှိသူများကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးတွင် စုံစမ်း ရှာဖွေလျက်ရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဘိုဘိုဦးက ပြောဆိုထားသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ ကျေးရွာများတွင် လည်း မြန်မာအစိုးရ တပ်မတော်က သံသယ ရှိသူများကို ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး အများစုကို ပြန်လွှတ် ပေးခဲ့သော်လည်း အချို့မှာဖမ်းဆီး ခံထားရဆဲ ဖြစ်သည်။
“လင်းဇင်နဲ့ ၀ဲကြီးထောင့် ရွာတွေက ဖမ်းသွားတဲ့ ၁၁ ယောက်ကိုတော့ ပြန်လွှတ်လိုက်ပြီ။ သူတို့ကို စစ်ဆေးတာက တစ်နေရာတည်းမှာ မဟုတ်ဘူး။ ဗျူဟာမှူးအနားမှာ စစ်ဆေးခံရသူတွေကတော့ ဒဏ်ရာရတာ မရှိဘူးလို့ သိခဲ့ရတယ်။ ကျန်တဲ့ ၂ ယောက်ကိုလည်း ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမယ်လို့ ဗျူဟာမှူးက ပြောတယ်”ဟု ဖမ်းဆီးစစ်ဆေးခံရသူများကို ကိုယ်တိုင် သွားရောက် ကူညီခဲ့သည့် ရခိုင် အမျိုးသမီး ကွန်ရက်(ကျောက်တော်) ဥက္ကဋ္ဌ ဒေါ်လှမေက ပြောသည်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နယ်မြေတွင် အခြေစိုက်သော ရက္ခိုင့်တပ်မတော် (AA) သည် လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၌ ကိုးကန့်နှင့် ပလောင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်အတူ ပူးပေါင်း၍ မြန်မာအစိုးရ တပ်မတော်အား တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည်။
ရက္ခိုင့်တပ်မတော် (AA) သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားခြင်း မရှိသေးပေ။
လတ်တလောတွင် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်း မြို့တွင် ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၏ ခေါင်းဆောင်များ အစည်းအဝေးသို့ ရက္ခိုင့်တပ်မတော် (AA) မှ ခေါင်းဆောင်များ တက်ရောက်လျက်ရှိသည်။
Rakhine News Agency
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment