ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၄၇)ရက်မြောက်နေ့ကို မေ ၁၃ရက် နံနက် ၁၀ နာရီတွင် စတင်၍ အစီအစဉ်အတိုင်း ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က ဥပဒေ ပြဌာန်းချက်၌ မြန်မာလိုသာဖြစ်ရန်နှင့် အင်္ဂလိပ် အသုံးအနှုန်းမပါရန် လွှတ်တော်ကိုယ်စားလှယ်များအား လမ်းညွှန် ပြောကြားလိုက်သည်။
အစည်းအဝေးတွင် မေးခွန်းများ မေးမြန်းဖြေကြားခြင်းအပြီး၌ မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကြမ်း၊ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ ဥပဒေကြမ်းတို့အား အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့သည်။…
မြန်မာနိုင်ငံတမံကြီးများဆိုင် ရာ အမျိုးသားကော်မတီ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုဆွေး နွေးစဉ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က““ အင်္ဂလိပ်လိုတွေ ဖြုတ်ပစ်လိုက်၊ တရားဝင်ရုံးသုံးက မြန်မာစာပဲ။ ဥပဒေမှာ အင်္ဂလိပ်လို မထည့်ရဘူး။ Icon လိုဟာများကို နောက်ဆုံးမှာ Star (ကြယ်ပွင့်)ပြပြီးတော့ အောက် ကနေပြီးတော့ Footnote (စာမျက်နှာအောက်ခြေတွင် ထည့်ရေးသည့် ရှင်းလင်းချက်) နဲ့ပြ။ ဥပဒေ ထဲမှာ မြန်မာလိုပဲဖြစ်ရမယ် အကုန်လုံး။ အင်္ဂလိပ်လိုတစ်လုံးမှ မပါရဘူး။”” ဟု အမျိုးသား လွှတ်တော်ကိုယ်စား လှယ်များအား သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
မေးခွန်းများ မေးမြန်းဖြေကြားခြင်း အစီအစဉ်များတွင် မကွေးတိုင်းဒေသကြီး၊ အမှတ် ၂ မဲဆန္ဒနယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်း၏ ချောက်မြို့နယ်၊ ၀င်္ကပါကျေးရွာ အခြေခံ ပညာအလယ်တန်း ကျောင်း(ခွဲ)ကို အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်မြင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း တစ်ရပ်နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ကိုယ်စားဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ပညာရေးဝန်ကြီးဌာန မှ ကျောင်းအဆင့် တိုးမြှင့်ပေးရာတွင် မူဘောင်များရှိကြောင်း၊
မူဘောင်များတွင် ကျောင်းသားဦးရေ ပြည့်မီခြင်း ရှိ/ မရှိ၊ အဆောက်အအုံ ပရိဘောဂပြည့် စုံခြင်းရှိ/မရှိ၊ ကျောင်းအဆောက် အအုံမြေနေရာ ရှိ/ မရှိတို့အပေါ် မူတည်ပြီးတော့ ထည့်သွင်းစဉ်းစား သတ်မှတ်ကြောင်း၊ သို့ရာတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ဒေသန္တရ အခြေအနေ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး စသည့် လိုအပ် ချက်များအပေါ် မူတည်၍လည်း သတ်မှတ်ထားသည့် မူဝါဒကို အထူးကိစ္စ အဖြစ် ဖြေလျှော့ပြီး ကျောင်း အဆင့် တိုးမြှင့်ပေးခြင်းများ ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
အခြေခံပညာ မူလတန်းကျောင်း (ခွဲ)မှ အခြေခံပညာ မူလတန်းကျောင်းအဖြစ် တိုးမြှင့်ရန်အတွက် စံသတ်မှတ် ချက်မှာ မူလတန်း အဆင့်သင်ကျောင်းသား ၅၅ ဦး၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)မှ အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ရန်အတွက် စံသတ်မှတ်ချက်မှာ အလယ်တန်း အဆင့်သင်ကျောင်းသား ၂၄၀ဦး နှင့်၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)မှ အခြေခံပညာ အထက်တန်း ကျောင်းအဖြစ် တိုးမြှင့်ရန် အတွက်စံသတ်မှတ်ချက်မှာ အထက်တန်းအဆင့်သင် ကျောင်းသား ၂၀၀ ဦးရှိရန် မူဘောင်သတ်မှတ် ထား ကြောင်း၊
ဝင်္ကပါအခြေခံပညာအလယ် တန်းကျောင်းခွဲသည် အလယ်တန်း အဆင့်သင်ကျောင်းသား ၁၁၂ ဦး သာရှိ၍ ကျောင်းသားဦးရေ ၂၄၀ ဦးနှင့် အထက်ရှိမှသာ အဆင့်တိုးတန်းစီဇယားတွင် ထည့်သွင်း ဖော်ပြရမည်ဖြစ် ကြောင်း၊ ၀င်္ကပါ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သည် ပင်မကျောင်း ပခန်းငယ် နှင့် ၆ မိုင်ကွာဝေးကာ ၃ ဒသမ ၁ ဧကကျယ်ဝန်းပြီး ကျောင်းအဆင့်မှာ D ဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ဒေသန္တရအခြေ အနေ၊ ဒေသဖွံ့ဖြိုးရေးစသည့် လိုအပ်ချက်များ ပေါ်မူတည်၍ လည်းကောင်း သတ်မှတ်ထားသည့် မူဝါဒများကို အထူးကိစ္စအဖြစ် ဖြေလျှော့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသလိုအပ်ချက် အခြေ အနေအရ ၀င်္ကပါ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင့် ပေးသင့်ကြောင်း သဘောထားမှတ်ချက်ပြု ထောက်ခံတင်ပြလာပါက ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၀င်္ကပါ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)သည် အလယ်တန်းအဆင့် သင်ကျောင်းသား ၁၁၂ဦးသာရှိပြီး အခြေခံပညာ အလယ်တန်းကျောင်း အဖြစ် အဆင့် တိုးမြှင့်ပေးရန်အတွက် သတ်မှတ်ထားသောမူ ဘောင် များအရကျောင်း သားဦးရေ ၂၄၀ဦးနှင့် အထက်ရှိမှ သာ အဆင့်တိုးတန်းစီဇယားတွင် ထည့်သွင်းဖော်ပြရမည် ဖြစ်ပါ သဖြင့် လောလောဆယ်အဆင့်တိုး မြှင့်ပေးရန် အစီ အစဉ် မရှိကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
မေ ၁၃ ရက်နေ့ ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးသည် ဥပဒေဆိုင်ရာ ပြဌာန်း ချက်များနှင့် စပ်လျဉ်း၍ အဓိက ဆွေးနွေးခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကိုယ်တိုင် အစည်းအဝေးအစဆုံး ကြီးကြပ် ဆောင်ရွက်ခဲ့ရကာ-
““ဒီနေ့ကအဘ တအားပင်ပန်းတယ်။ ဥပဒေကြမ်း ၃ခုကို အဘ အတည်ပြုရတယ်။ ဥပဒေကြမ်း ၃ခုကို ဖတ်ပြီး တော့လူက နုံးသွားတယ်””ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ပြော ကြားခဲ့သည်။
ဆန်းဝင်းထွန်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald



No comments:
Post a Comment