Sunday, May 17, 2015

ကပ္ပလီပင်လယ်ပြင်ရှိ ဘာရန်ကျွန်း မီးတောင်ပေါက်ကွဲပြီး ဆူနာမီလှိုင်းများ ကျရောက်ခဲ့လျှင်

ကပ္ပလီပင်လယ်ပြင်ရှိ ဘာရန်ကျွန်း မီးတောင်ပေါက်ကွဲပြီး ဆူနာမီလှိုင်းများ ကျရောက်ခဲ့လျှင် ကီလိုမီတာ ၄၀၀ သာကွာဝေးသည့် မြန်မာ့ ကမ်းရိုး တန်းဒေသများ ပြင်ဆင်ချိန် တစ်နာရီခန့်သာ ရှိမည် – ဘုန်းမြင့်ဆွေ

ငလျင်နှင့်ပတ်သက်ပြီး သတိပြုရန် ငလျင်ပညာရှင်များထုတ်ပြန်ချက်အသင်း တစ်ရပ်ကို ဖတ်ရှုခဲ့ရသည်။ မြန်မာ့ ကမ်းရိုးတန်းနှင့် မိုင် ၂၅၀ခန့်ကွာဝေး သည့် ကပ္ပလီပင်လယ်တွင်းရှိ မီးတောင်တစ်လုံးမှာ ပြာမှုန်များမှုတ်ထုတ် နေ ညပြီးပေါက်ကွဲခဲ့ပါက ဒေသတွင်း ကမ်းရိုးတန်းနေရာများတွင် ဆူနာမီ အန္တရာယ်ရှိ နိုင်သောကြောင့် သတိပြု ရန်လိုကြောင်း မြန်မာနိုင်ငံမြေ ငလျင် ကော်မတီက မေလ (၈)ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။

ကပ္ပလီပင်လယ်အတွင်းရှိ အိန်္ဒိယနိုင်ငံပိုင်ဘာရန်ကျွန်း (Barren lsland) မီးတောင်မှာ ပေါက်ကွဲမည့် လက္ခဏာ အဖြစ် မတ်လမှ စတင်၍ ပြာမှုန်များ မှုတ်ထုတ်နေခြင်းဖြစ်သည်။ အကယ်၍သာ ပေါက်ကွဲခဲ့ပါက ဆူနာမီ အန္တ ရာယ်ရှိကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။…

ဘာရန်ကျွန်းမီးတောင်သည် အိန်္ဒိယမြေထုချပ်ပေါ်တွင် တည်ရှိပြီး ယင်းမြေထုချပ်သည် မြန်မာ့မြေထုချပ်နှင့် ဆက်စပ် နေသောကြောင့် အကယ်၍ ပေါက်ကွဲခဲ့ပါက မြန်မာနိုင်ငံကမ်းရိုးတန်း ဒေသများသို့သက် ရောက်မှု ရှိနေကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မီတီက ပြောကြားထားသည်။

ယင်းမီးတောင်သည် လွန်ခဲ့သောနှစ် ၁ ဒသမ ၇ သန်းခန့်က စတင်ဖြစ်ပွားခဲ့သည်ဟု ခန့်မှန်းရပြီး အမြဲလှုပ်ရှား မှုရှိကာအကြီး စားပေါက်ကွဲမှုမျိုး အကြိမ်များစွာဖြစ်ဖူးသည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ လွန်ခဲ့ သည့်နှစ်ပေါင်း ၇၀,၀၀၀ခန့် ကကြီးမားစွာ ပေါက်ကွဲပြီး ယခုအခါ တောင်အမြင့်ပေ ၁၀၀၀ ခန့်ကို ပြန်ရောက်လာ ကာ၊ ပေါက်ကွဲ မည့် လက္ခဏာအဖြစ် ချော်ရည်များ မှုတ်ထုတ်နေကြောင်း သိရှိရသည်။ သို့ရာတွင် ငလျင်ကဲ့သို့ ပင် မည်သည့်အချိန်တွင် ပေါက်ကွဲမည်ဟု အတိအကျ မခန့်မှန်းနိုင်ချေ။

ဘာရန်ကျွန်း မီးတောင်သည် မြန်မာ့မြေထုလွှာချပ်နှင့် ဆက်စပ်နေသည့်ပြင် အကယ်၍ ပေါက်ကွဲခဲ့ပါက မြန်မာ့ ကမ်းရိုးတန်းဒေသများသို့ သက်ရောက်လာနိုင်သောကြောင့် ယင်းမီးတောင် ပေါက်ကွဲသည်ဖြစ်စေ၊ မပေါက်ကွဲ သည်ဖြစ်စေ ဒေသခံများအတွက် ငလျင်သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက်သိရှိရန် လိုအပ်ကြောင်း သက်ဆိုင်ရာများက ထုတ်ပြန်ထားသည်။

ပြင်းအားရစ်ခ်ျတာ စကေး ၇ ဒသမ ၂ ရှိသည့် ငလျင်တစ်ခု ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ပါပူဝါ နယူဂီနီနှင့် ဆော် လမွန် ကျွန်းစုများအကြား လှုပ်ခတ်ခဲ့ပြီး ကမ်းရိုးတန်းတစ်လျှောက် အန္တရာယ်ကြီးမားသော ဆူနာမီ ရေလှိုင်းများ တက်လာဖွယ်ရှိကြောင်း မြေငလျင်ကျွမ်းကျင်ပညာရှင်များက ပြောသည်။

ပါပူဝါနယူးဂီနီရှိ ပန်ဂါနာမြို့ အနောက်တောင်ဘက် ၁၄၉ ကီလိုမီတာခန့်အကွာနှင့် ဆော်လမွန်ကျွန်းစုမြို့တော် ဟိုနီယာရာမှ ၆၄၂ ကီလိုမီတာအကွာတွင် ၁၃ မိုင်အနက်ရှိ ဗဟိုပြုလျက်လှုပ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာနက ပြောသည်။

အန္တရာယ်ကြီးသော ရေလှိုင်းများသည် ငလျင်ဗဟိုချက် (Epicenter) ၏ ၃၀၀ကီလိုမီတာ ပတ်လည်တွင်ရှိ ဆော်လမွန်ကျွန်းစုနှင့် ပါပူဝါနယူးဂီနီ ကမ်းရိုးတန်းများ တစ်လျှောက် ရိုက်ခတ်နိုင်ကြောင်းသတင်း ထုတ်ပြန် ချက်များရှိသည်။

ပင်လယ်ငလျင်နှင့် ဆူနာမီခေါ် သေမင်းတမန်လှိုင်းလုံးကြီးများ

ကမ္ဘာပေါ်တွင် လှုပ်ရှားခဲ့သည့် ငလျင်အတော်များများ၏ ငလျင်ဗဟိုချက်သည် ပင်လယ်ပြင်ထဲတွင်ရှိနေသည်။ ထို့ကြောင့် ငလျင်ဇာတိရပ်မှာလည်း ပင်လယ်ကြမ်းပြင်၏ အောက်တစ်နေရာတွင်သာ ရှိရမည်။ ယင်းနေရာမှ ငလျင်စတင် လှုပ်လိုက်သည့်အခါ ငလျင်လှိုင်းများသည် ချက်ချင်းဆိုသလို ပင်လယ်ကြမ်းပြင် အောက်ရှိအခွံ ပိုင်းကိုဖြတ်ပြီး ပင်လယ်ရေ မျက်နှာပြင်ကို ရောက်ရှိလာသည်။ ကမ္ဘာလုံးကြီးတစ်ခုလုံးကို သာမန်အားဖြင့် အခွံ ပိုင်း၊ အာဏာပိုင်းနှင့် အနှစ်ပိုင်းဟူ၍ အလွှာလိုက် ပိုင်းခြားနိုင်သည် ကမ္ဘာ့အခွံပိုင်းသည် မျက်နှာပြင်မှ အတွင်း ဘက်သို့ ကီလိုမီတာ ၅၀-၇၀ ခန့်ထူပြီး အကာပိုင်းသည် ကီလိုမီတာ ၇၀ မှ ၃၃၀၀ အတွင်းဖြစ်သည်။

အနှစ်ပိုင်း သည်။ ကီလိုမီတာ ၃၃၀၀မှ ကမ္ဘာ့ထုလုံး၏ ဗဟိုချက် ၆၃၆၀ ကီလို မီတာအထိဖြစ်သည် ငလျင်လှိုင်း များသည် ရေပြင်ကို တစ်က္ကန့်လျှင် ၁ ဒသမ ၅ ကီလိုမီတာနှုန်း (၁ကီလိုမီတာ ၀ ဒသမ ၆၂၁၄မိုင်) ဖြတ်ကျော်၍ မျက်နှာ ပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရေငလျင်ကို ဖြစ်စေသည်။ ငလျင်လှိုင်းကြောင့် ဖြစ်ပေါ်လာသော ပင်လယ် ရေလှိုင်းကို ဂျပန်ဘာသာဖြင့် ဆူနာမီ (Tsunami) ဟုခေါ်သည်။ ပင်လယ်ကြမ်းပြင် အောက်တွင် အင် အားသေး ငလျင်လှုပ်ရှားပါက ရေလှိုင်းကြီးများ ဖြစ်ပေါ်လေ့မရှိ၊ ငလျင်လှုပ်ခြင်းကြောင့် ပင်လယ်အောက် ကြမ်း ပြင်၏ ကျောက်လွှာရွေ့ လျားသွားမှသာ (၀ါ)မျက်နှာပြင် ပြောင်းလဲသွားမှ သာ ရေလှိုင်းကြီးများ ဖြစ်ပေါ်နိုင်သည်၊ ပင်လယ်ပြင်အောက်တွင် မီးတောင်ပေါက်ကွဲပါကလည်း ဆူနာမီများဖြစ်ပေါ် လေ့ရှိသည်။

ဆူနာမီ သေမင်းတမန် ရေလှိုင်းသည် လှိုင်းရှည်အမျိုးအစားဖြစ်ပြီး လှိုင်း၏အလျားနှင့်နှိုင်းစာလျှင် လှိုင်းအမြင့် မှာမပြောပလောက်ပေ။ သာမန်အားဖြင့် လှိုင်းထိပ်တစ်ခုနှင့် တစ်ခုကြား(၀ါ)လှိုင်း အလျား သည် ကီလိုမီတာ ၂၀၀-၃၀၀ အတွင်းရှိ ပြီး လှိုင်းအမြင့်မာ ၁၀-၂၀ မီတာအကြား (၁ မီတာ=၃ ဒသမ ၂၈၀၈ပေ) တွင်ရှိ သည်။ တစ်ခါတစ်ရံမီတာ ၃၀ ကျော်ရှိသည်။ လှိုင်း၏အသွားနှုန်းမှ တစ်နာရီလျှင် ကီလိုမီတ ၄၀၀-၈၀၀ အတွင်းဖြစ် သည်။ ဆူနာမီရေ လှိုင်းကြီးသည် သာမန်အားဖြင့် လှိုင်းရှည်လှိုင်းပြေအနေဖြင့် ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် ပင်လယ်ကူးသင်္ဘောကြီးများ သိရှိခြင်း မရှိကြပေ၊ သို့သော်ကမ်းခြေပိုင်းသို့ ရောက်ရှိလာသောအခါ ကုန်းမြေ၏ တားဆီးခြင်းခံရသောကြောင့် လှိုင်းမှာ ပို၍မြင့်တက်လာပြီး အပျက်အစီးများ ဖြစ်ပေါ်စေတော့သည်။

ဤသေမင်းတမန်လှိုင်းကြီးသည် ဒေသအလိုက် ဖြစ်ပေါ်လေ့ရှိသော ဒီလှိုင်းကဲ့သို့ မဟုတ်ဘဲသမုဒ္ဒရာကြီး တစ်ခု လုံးကို လျင်မြန်စွာ ဖြတ်သန်းသွားလေ့ရှိသည်။ ဂျပန်လူမျိုးငလျင်ပညာရှင် lmamura ၏ လေ့လာချက်အရ အင်္ဂ လိပ်စာလုံး(V) ပုံ သဏ္ဌန်ရှိပြီး အ၀ကျယ်သော ပင်လယ်ကွေ့များသည် ဆူနာမီရေလှိုင်းကြီး ဒဏ်ကိုအများ ဆုံးခံရသည်။ အကြောင်းမှာ ဗွီပုံသဏ္ဌန် ပင်လယ်ကွေ့များသည်။ အလွန်ရှည်လျား သည့်လှိုင်းကို ဖမ်းယူကျုံ့ ၀င်စေခြင်းကြောင့် လှိုင်းပို၍မြင့်လာပြီး အပျက်အစီးကို ပို၍ဖြစ်ပေါ်စေသည်။

၁၈၉၆ ခုနှစ် ဇွန်လ ၁၅ရက်နေ့တွင် ဂျပန်နိုင်ငံစံရိက(Sanrikuက) ခရိုင်၌ ဆူနာမီရေလှိုင်းကြောင့် အိမ်ခြေ ၁၀၀၀ ခန့် နစ်မြုပ်ပျက်စီးပြီး လူပေါင်း ၂၇၀၀၀ခန့် သေဆုံးခဲ့သည်။ ငလျင်၏ ဗဟိုချက်မှာ ကမ်းခြေနှင့် ကီလို မီတာ ၂၀၀ ခန့်ကွာဝေးသည်။ ငလျင်လှုပ်ပြီး တစ်နာရီကျော်မှ ဆူနာမီကမ်းခြေသို့ ရောက်ရှိလာသည့် ၇ မိနစ် နှင့် ၃၄ မိနစ်ကွာခြားပြီး ရေလှိုင်းကြီး ၆ခုသည် တစ်နာရီခန့်အတွင်း မီယာကို(Miyako)ကို ဖုံးလွှမ်းပျက်စီးစေခဲ့ သည်။ ယင်း စံရိကုဆူနာမိသည် မိုင်ပေါင်း ၄၇၀၀ ခန့်ဝေးကွာသော ပစိဖိတ်သမုဒန္ဒရာကိုဖြတ်၍ ၁၀ နာရီ ၃၄ မိန်အတွင်း အမေရိကန်ပြည်ထေင်စု အနောက်ဖက်ကမ်းခြေရှိ ဆန်ဖရန်စ္စကို ဆိပ်ကမ်းသို့ ရောက်ရှိသည်၊ ထိုအတူ ၁၈၇၇ ခုနှစ် ချီလီနိုင်ငံငလျင်ကြောင့် ဆူနာမီရေလှိုင်း သည် မိုင် ၁၀,၃၀၀ ဝေးသောဂျပန်နိုင်ငံဟကို ဒိတ် (Ha Ko Date) ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ အတွင်း ပစိဖိတ်သမုဒ္ဒရာ၌ ဆူနာမီပေါင်း ၃၀၀ကျော်ခန့်ဖြစ်ပေါ်ခဲ့သည်။ အတ္တလန် တိတ်သမုဒ္ဒရာတွင် အကြိမ် ၃၀ခန့်နှင့် ဂျပန်နိုင်ငံတွင် ၁၇ကြိမ်မျှ ဖြစ်ပေါ်ခဲ့သည်။

ငလျင်အလင်းရောင်များ (Earhquake Lights)

ငလျင်အလင်းရောင်ကို ပညာရှင်များက ငလျင်၏ ဒုတိယဖြစ်စဉ်ဟု ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် ငလျင်စတင်လှုပ်ရှားရသည့် အကြောင်းရင်းများနှင့် အလင်းရောင် ထွက်ပေါ်မှုမှာ မည်သို့မျှ ဆက်စပ်မှုမရှိသော ကြောင့်ဖြစ်သည်။ ငလျင်လှုပ်သော အခါ ဖြစ်ပေါ်တတ်သော အံလွဲခြင်းများကြောင့် ကျောက်လွှာအချင်းချင်း ပွတ်တိုက်၍ အပူများထွက်လာသည်။ ၁၈၉၇ခုနှစ်ဆို နိုရာငလျင် (Sonora Earhquake) လှုပ်စဉ်က အံလွှဲ ကြောင်း တစ်လျှောက် အနီးပတ်ဝန်းကျင်ရှိ သစ်ပင်များ မီးရှို့ထားသကဲ့သို့ကျွမ်းနေသည်ကို တွေ့ရှိ ရသည်။

ယင်းမှာ အံလွဲကြောင်းတစ်ဖက်စီရှိ ကျောက်များ ပွတ်တိုက်ရာမှ ထွက်လာသော အပူကြောင့်ပင်ဖြစ်သည်။ ယင်းအပူကြောင့် အလင်းရောင်များ ထွက်ပေါ်လာဖွယ်ရှိသည်ဟု ယူဆကြသည်။ တောက်ပြို ခြင်းဖြင့်လည်း အပူများအပြား ထွက်ပေါ်လာနိုင်သည်။ ၁၈၇၂ အိုဝင်ချိုင့်ဝှမ်းငလျင် (Owen Valley Earthquake) ကြောင့် တောင်များ အကြီးအကျယ်ပြိုကျပြီး ကောင်းကင်ပြင် တွင် မီးလုံးကြီးများ ဖြစ်ပေါ်ခဲ့သည်။ အချို့သော ငလျင်များ နှင့် အတူမိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နိုင်သည်။ မိုးကြိုးမုန်တိုင်းနှင့်အတူ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်တတ် သည်။ ငလျင်အလင်းရောင်သည် လက်နှိပ်ဓာတ်မီးဖြင့် ထိုးလိုက်သကဲ့သို့ ရုတ်တရက် ၀င်းလက်ဖြစ်ပေါ်လာ တတ်သဖြင့် ယင်းသို့ဖြစ်ပေါ်လာခြင်းသည် မိုးကြိုးမုန်တိုင်းမှ ဖြစ်ပေါ် လာသော လျှပ်စီးလက်ခြင်းနှင့် ဆက်စပ်မှု ရှိသည်ဟု ယူဆစရာအကြောင်းရှိသည် ဟုဆိုကြသည်။

ပင်လယ်တွင် အလင်းရောင်တောက်ပလာခြင်းမှာ ပင်လယ်ပြင်မှ မီးစုန်းဓာတ်ကဲ့သို့သော တောက်ပမှုကို အား ပေးသည့် ဒြပ်မှုန့်များနှင့် ငလျင်တုန်ခါမှုတို့ ပေါင်းစပ်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။ ငလျင်လှုပ်သည့်အခါ ဖြစ်ပေါ်လာသည့် အလင်းရောင်ကို ဓာတ်ပုံဖြင့်ရိုက်ယူနိုင်မှသာ အလင်းရောင် အင်အားနှင့် ဖြစ်ပေါ်ရသည့် အရင်းအမြစ်ကိုအသေအချာ သိရှိနိုင်ပေမည်။ ငလျင်နှင့်ပတ်သက်သည့် ငလျင်အလင်းရောင်အကြောင်းကို ပညာရှင်များ အနည်းငယ်သာ သိသေးသည်။

အကြိုငလျင်နှင့်နောက်ဆက်တွဲငလျင်များ (Foreshocks & Aftershoeks)

ငလျင်ကြီးတစ်ခုမလှုပ်မီ သာမန်အားဖြင့် ရှေ့ပြေးအကြိုငလျင် (Foreshocks)များ လှုပ်လေ့ရှိသည်။ သို့သော် ငလျင်ကြီးတိုင်းတွင် ရှေ့ပြေးငလျင်များကို မတွေ့ရပေ။ တစ်ခါတစ်ရံ ဒေသတစ်ခုအတွင်း ငလျင် အကြိမ် ပေါင်း များစွာ လှုပ်ရှားသည့်အနက် မည်သည့်ငလျင်ကို ရှေ့ပြေးငလျင်အဖြစ် သတ်မှတ်ရန် ခဲယဉ်းပေသည်။ ရှေ့ပြေး ငလျင်၏ အင်အားအဆင့်သည် မည်မျှသာရှိရမည်ဟု အတိအကျ သတ်မှတ်ရန်မလွယ် ကူလှပေ။ ထို့အတူ ငလျင်ကြီး တစ်ခုနှင့်တစ်ခု၏ ရှေ့ပြေးငလျင်များ အင်အားမှာ လည်းကွဲပြားကြသည်။ သာမန်အားဖြင့် အကြို ငလျင်၏ အရေအတွက်သည် ငလျင်ကြီးလှုပ်ပြီးသည့် နောက်ပိုင်း၌လှုပ်သော နောက်ဆက်တွဲငလျင် Aftershocks) ၏ အရေအတွက်ထက် ပို၍နည်းသည်။ ငလျင်ကြီးများ မကြာခဏလှုပ်ရှားတတ်သည့် ဒေသတွင် အင်အားသေးသော ငလျင်အားလုံးကို အကြိုနှင့် နောက်ဆက်တွဲ ငလျင်များအဖြစ် သတ်မှတ်ရန်ခဲယဉ်းပေ သည်။ ယင်းတို့သည် ငလျင်ကြီး၏ အကြိုနှင့် နောက်ဆက်ငလျင်များအဖြစ် မဟုတ်ဘဲ မိမိတို့ဘာသာ သီးသန့် လှုပ်သည့် ငလျင်များအဖြစ်လည်း ယူဆနိုင်သည်။ ၁၉၇၀ ပြည့်ရန်ကုန်ငလျင်တွင် နောက်ဆက်တွဲ ငလျင် ၂၇ ကြိမ်၊ ၁၉၇၅ ပုဂံညောင်ဦး ငလျင်တွင် နောက်ဆက်တွဲ ၃ကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီလ ဂွာတီမာလာ ငလျင်တွင် နောက်ဆက်တွဲငလျင် ၇၈၈ ကြိမ်နှင့် ၂၀၁၅ ဧပြီလ နီပေါနိုင်ငံတွင် နောက်ဆက်တွဲ ငလျင် ၁၀၀ ကျော်ရှိခဲ့ သည်။

ကမ္ဘာ့အခွံပိုင်းတွင် ဒဏ်အားများစု စည်းမိပြီး ယင်းဒဏ်အားကို ဆွဲဆန့်၍ မြေကွဲကြောင်းမှ တစ်ဆင့်ထုတ် ပစ် ယင်းရုန်း ပြန်နိုင်သည့် သတ်္တိရှိသော ကမ္ဘာ့အခွံပိုင်း ကျောက်လွှာများ တုန်ခါခြင်းကြောင့် ငလျင်လှုပ်ရသည်။ (Elastic Rebound Theory) ဟုယုံကြည်ကြသော ငလျင်ပညာရှင်များကမူ ငလျင်ကြီးမလှုပ်မီနှင့် လှုပ်အပြီး တွင် လှုပ်လေ့ရှိသော အင်အားသေးသည့် ငလျင်များမှာ ငလျင်ကြီး၏ အကြိုနှင့်နောက်ဆက် တွဲငလျင်များ မဟုတ်ဘဲ ကျောက်လွှာအတွင်း ရှိဒဏ်အားများ ထုတ်ပစ်အားရှိ သရွေ့အခြေအနေအရ ထုတ်ပစ်ခြင်းသာဖြစ် သည်ဟု ပညာရှင်များယူဆကြသည်။

ဘာရန်ကျွန်းနှင့် မြန်မာ့ကမ်းရိုးတန်း ဒေသများ ဆူနာမီအန္တရာယ်

ကပ္ပလီပင်လယ်ပြင်ရှိ ဘာရန်ကျွန်း မီးတောင် ပေါက်ကွဲမှုဖြစ်ပွား ပါက မြစ်ဝကျွန်းပေါ် တနင်္သာရီကမ်းရိုးတန်းနှင့် မြိတ်ကျွန်းစုများအား မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်ပွားနိုင်သည့် ဆူနာမီအန္တရာယ် ကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါမီးတောင်သည် အမြင့်ပေ၁၁၆၁ပေရှိပြီး မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၏ အနောက်ဘက်ယွန်းယွန်းမှ မိုင်ပေါင်း ၃၂၀ အကွာတွင်တည်ရှိပြီး မီးတောင် ပေါက်ကွဲပါက အနီးဝန်ကျင်ရှိ အိန်္ဒိယသမုဒ္ဒရာအတွင်းရှိဘက် အက်ဒမန်ကျွန်းဒေသများ၊ ထိုင်းနိုင်ငံအနောက်ပိုင်းကမ်းခြေများနှင့် မြန်မာနိုင်ငံ အပေါ်သက်ရောက်မှုများရှိနိုင်သည်။

ဘာရန်ကျွန်းနှင့် မြန်မာ့ကမ်းရိုးတန်းများ ခန့်မှန်းအကွာအဝေးကို မြန်မာနိုင်ငံ မြေငလျင်ပညာရှင်များ၏ တွက် ချက်မှုအရ မိုင် ၂၅၀ခန့်ကွာဝေးပါသည်။ အကယ်၍ ဆူနာမီလှိုင်းများ ကျရောက်ခဲ့လျှင် ပြင်ဆင်ချိန်မိနစ် ၃၀မှ ၆၀ အထိသာရှိကြောင်း၊ တနင်္သာရီ ကမ်းရိုးတန်းဒေသများသည် ကုန်းမြင့်ဖြစ်သောကြောင့် ရေဘေးလွတ် ရာသို့ ရှောင်တိမ်းရန် လွယ်ကူပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ သည် မြေနိမ့်သောကြောင့် ရှောင်တိမ်းနိုင်ရန်လမ်း ကြောင်းပြမြေပုံများဖြင့် လေ့ကျင့်ထားသင့်ကြောင်း သက်ဆိုင်ရာက အကြံပြုထားသည်။

ကမ္ဘာပေါ်တွင် မီးတောင်ပေါက်ကွဲခြင်းကြောင့် ပြင်းထန်ကျယ်ပြန့်သော ငလျင်အချို့လှုပ်ဖူးသည် ၁၂-၁-၁၉၁၄ ခုနှစ်က ဂျပန်နိုင်ငံတောင်ပိုင်း ဆာကူရာဂျီမာဒေသတွင် မီးတောင်ပေါက်ကွဲပြီး နာရီ အနည်းငယ်ခန့်အကြာ တွင်ငလျင်လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သည်။ ယင်းငလျင်ကြောင့် အနီးပတ်ဝန်းကျင် ဒေသတွင်းရှိ အိုးအိမ်တိုက်တာ များပြိုကွဲပျက်စီးပြီး ဥရောပတိုက်ရှိ ငလျင်စက်များသို့တိုင် ငလျင်လှိုင်းများရောက်ရှိခဲ့သည်။

ဘုန်းမြင့်ဆွေ

ကိုးကား

(၁)နေ့စဉ်ထုတ်သတင်းစာများ

(၂)မြန်မာ့ငလျင်(ဦးမင်းထွေးနောင်- ပညာရေး)

(၃) Tsunami disasters in Asia


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  

 

No comments:

Post a Comment