Tuesday, May 12, 2015

နယ်နှင်ခံခဲ့ရသော စာနယ်ဇင်းသမားဘ၀ – ဆောင်းဝင်းလတ်

 နေ့လယ်က သမီးတို့ဆိုင်ကို နယ်မြေခံထောက်လှမ်းရေးတွေ ရောက် လာကြတယ်။ ဦးလေး က ထောင်ကထွက် လာပြီး နိုင်ငံခြားသူတွေနဲ့ ပတ်သက်နေတာ ဒီမနက်တွေ့ရတယ်တဲ့။ ဒါကြောင့် ဦးလေးကို ဒီနယ်မြေမှာ သူတို့ မထားချင်ဘူးတဲ့။ တစ်ပတ်အတွင်း ဒီအိမ်ကနေပြီး တခြားမြို့နယ်ကိုပြောင်းသွားကြဖို့ ဦးလေးတို့ မိသားစုကို ပြောပါဆိုပြီး သမီးတို့ကိုလာပြီး အမိန့်ပေးသွားကြပြီ ဦးလေးရယ်” လို့ ပြောရှာပါတယ် … သြော်… ကျွန်တော့် ကို နယ်နှင်ကြပြန်ပြီကိုး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အကျဉ်းထောင်ထဲ မရောက်ခင်က ကိုယ့်ရဲ့ကလောင်နာမည်နဲ့ စာရေးသားခွင့် ရခဲ့ပါတယ်။ စာနယ်ဇင်းတွေမှာ အယ်ဒီတာ လုပ်ခွင့်ရခဲ့ပါတယ်။ အကျဉ်းထောင်ထဲ ရောက်သွားတဲ့
အချိန်ကစပြီးခဲတံ၊ ဘောလ်ပင်၊ စာရွက် စာအုပ်ကိုင်ဆောင်ခွင့် မရတော့ပါဘူး။ စာဖတ်ခွင့်လည်း မရှိခဲ့ပါဘူး။ ခံတွင်း အချဉ်ပြေပေါ့လိပ်ဖွာတာတောင်မှ ညနေ ဆိုရင်တာဝန်ကျထောင်မှူး ရုံးခန်းကိုဖွာပြီး သားဆေးလိပ်အစီခံ တိုလေးတွေ အပ်ရပါတယ်။ ဆေးပေါ့ လိပ်ထုတ်လုပ်ရောင်းချတဲ့ ဆေးလိပ်ခုံတွေမှာ အစီခံကိုသတင်းစာ စက္ကူအသုံးပြုပြီး အစီခံလိပ်ကြပါ တယ်။ ဆေးလိပ် အစီခံကိုခွာကြည့်လိုက်ရင် သတင်းစာအပိုင်းအစ မြင်ရတတ်ပါတယ်။ ဒါကို မတွေ့ရမမြင်ရအောင် ကျွန်တော်တို့ဟာ တစ်ရက်တစ်ခါ ညနေတိုင်း ဆေးလိပ်အစီခံတွေကို လွှင့်မပစ်ရဘဲ ထောင်မှူးရုံးခန်းကို ပြန်ပြီး အပ်နှံခဲ့ကြရတာဖြစ်ပါတယ်။ အကျဉ်းထောင်က လွတ်လာပြီးတော့ မိသားစုနဲ့ ပြန်ဆုံစည်းရတဲ့အချိန်မှာ သိပ် မကြာခင်မှာပဲ ပုဂ္ဂလိကစာနယ်ဇင်းတိုက် တစ်တိုက်က ၀မ်းသာအားရနဲ့ ကမ်းလှမ်းဖိတ်ခေါ်လာပါတယ်။…

အယ်ဒီတာအလုပ် ခေါ်ပြီးခန့်ကြတာပါ။ ဒါပေမဲ့န-၀-တနဲ့ န-အ-ဖ စစ်အစိုးရ ခေတ်၊ စစ်ထောက်လှမ်းရေးနဲ့ တခြား ထောက်လှမ်းရေး အဖွဲ့အစည်း အသီးသီးနဲ့ လက်ပွန်းတတီးတစ်လှေတည်းစီး တစ်ခရီးတည်း သွား နေကြတဲ့ စာပေစိစစ်ရေးက ခွင့်ပြုချက်မရသေးတဲ့ ထောင်ထွက် တစ်ယောက်အနေနဲ့ စာနယ်ဇင်း မာတိကာမှာ အယ်ဒီတာအမည် ထင်ထင်ရှားရှား တရားဝင်ဖော်ပြခွင့် မရခဲ့ပါဘူး။ ဒါကြောင့် နာမည်မဖော်ပြဘဲ လစဉ်ထုတ် မဂ္ဂဇင်းတစ်အုပ်မှာ အယ်ဒီတာအလုပ်ကို လုပ်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက မိသားစုနဲ့အတူ ကျွန်တော်ဟာ ရန်ကုန် တစ်ဖက်ကမ်းမှာရှိတဲ့ ရပ်ကွက်တစ်ခုရဲ့ ခြံဝင်းတစ်ဝင်းထဲက “၂”ထပ် တိုက်လေးတစ်လုံးမှာ နေခဲ့ပါ တယ်။

ခြံပိုင် ရှင်၊ တိုက်ပိုင်ရှင် ဇနီးမောင်နှံဟာ လူငယ်တွေပါ။ သူတို့ဟာ သဘောထားဖြူစင် ကောင်းမွန်သူတွေပါ။ သူတို့နေထိုင်တာက တခြားရပ်ကွက်တစ်ခုမှာပါ။ အဲဒီမှာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းရှိပါတယ်။ ကျွန်တော် အကျဉ်းထောင်ထဲ မရောင်ခင်ကတည်းက သူတို့နဲ့ခင်မင်ခဲ့ပြီး သူတို့ပိုင်ဆိုင်တဲ့တိုက်အိမ်ကို ငှားရမ်းနေ ထိုင်ခဲ့ တာ နှစ်ဦးနှစ်ဖက် ဘာပြဿနာမှ မရှိခဲ့ကြပါဘူး။ ထောင်က လွတ်လာတော့လည်း လှိုက်လှိုက်လှဲလှဲနဲ့ လူမှု ဆက်ဆံရေးဟာ ဟိုအရင်ကအတိုင်းပဲ ကောင်းမွန်ခဲ့ကြပါတယ်။ ကျွန်တော်ဟာ စာနယ်ဇင်းတိုက် ပိတ်ရက်က လွဲရင် နေ့စဉ်နေ့တိုင်းလိုလိုပဲ အယ်ဒီတာစားပွဲမှာ ထိုင်ရင်းအလုပ်ထဲမှာ စိတ်အာရုံကို နှစ်မြှုပ်ထားခဲ့ပါတယ်။ တစ်ရက်မှာတော့ ကဗျာဆရာမ၊ စာရေးဆရာမ တစ်ယောက်ဖြစ်တဲ့ မစမ်းစမ်းတင်ဟာ ကျွန်တော် အလုပ် လုပ်နေတဲ့ စာနယ်ဇင်းတိုက်ကို ၀င်လာပါတယ်။

သူနဲ့ ကျွန်တော်ဟာ ရှုမ၀မဂ္ဂဇင်းနဲ့ တခြားစာနယ်ဇင်းတွေမှာ စာရေးဖော်ရေးဖက်တွေ အနေ နဲ့ ခင်မင်ခဲ့ကြတာ ကြာပါပြီ။ သူ့ရဲ့အစ်ကိုတွေဟာလည်း ကျွန်တော့်ရဲ့ ခင်မင်တဲ့တစ် ကျောင်းတည်းနေ ညီရင်းအစ်ကိုတွေလိုပါ ပဲ။ သူတို့မိခင်ကြီးဆိုရင်လည်း ကျွန်တော့်ကို တူတစ်ယောက်လို ခင်မင်ပြီး လက်ဆောင်ပစ္စည်းလေးတွေ မကြာ ခဏ ဖုန်းဆက်ရင်း ခေါ်ပေးတတ်သူပါ။ အဲဒီနေ့က မစမ်းစမ်းတင်က အကူအညီတောင်းပါတယ်။ အင်္ဂလန်နိုင်ငံ ကနေပြီး ရန်ကုန်ကို ခဏရောက်နေကြတဲ့သူ့ရဲ့အမျိုးသမီးမိတ်ဆွေ ၂ယောက်ဟာ နောက်နေ့မှာ တွံတေး မြို့ ဘက်မှာရှိတဲ့ မြန်မာ့ရိုးရာအိုးဖုတ်တဲ့ လုပ်ငန်းတွေကိုသွားပြီး လေ့လာကြပါမယ်တဲ့။ အေးအေးဆေးဆေး လိုက် ပို့ပေးနိုင်မယ့် မွန်မွန်ရည်ရည် အငှားကားသမား တစ်ယောက်ယောက်နဲ့ သူတို့ကို ကျွန်တော်က လိုက်ပို့အပ်နှံပြီး ကားပေါ်တင်ပေးလိုက်ဖို့ အကူအညီတောင်းတာပါ။

နောက်နေ့မနက်ကျတော့ ကျွန်တော်က သူတို့နဲ့ချိန်းဆိုထားတဲ့နေရာမှာ စောင့်ဆိုင်းပြီး အဆင်ပြေပြေ လိုက်ပို့ ပေးနိုင်မယ့် အငှားကားတစ်စီးနဲ့ တင်ပေးလိုက်ပါတယ်။ သူတို့ ၃ယောက်သား ကားလေးနဲ့ ထွက်သွားကြတော့ ကျွန်တော့်အလုပ်ရှိတဲ့ စာနယ်ဇင်းတိုက်ကို ဆက်ထွက်လာခဲ့ပါတယ်။ အလုပ်ပြီးလို့ ညနေပိုင်းအိမ်ကို ပြန် ရောက်သွားတဲ့အချိန်မှာ ဇနီးဖြစ်သူကဆီးကြိုပြီး ပြောပါတယ်။ မွန်းလွဲပိုင်းတုန်းက အရပ်ဝတ်တွေနဲ့ နယ်မြေ တာဝန်ခံ ထောက်လှမ်းရေးတွေ ရောက် လာပြီး မေးမြန်းကြတယ်တဲ့။ ““ခင်ဗျား ယောက်ျား မနက်တုန်းက ကား ဂိတ်မှာရပ်ပြီး စကားပြောနေတဲ့ နိုင်ငံခြားက မိန်းမနှစ်ယောက်ရယ်၊ မြန်မာအမျိုး သမီးတစ်ယောက် ရယ်ဟာ ဘယ်သူတွေလဲ၊ ဘယ်ကလဲ၊ ခင်ဗျားကို ဒီလိုသွားတွေ့ဖို့ ရှိတယ်လို့ ပြောသွားသေးလား”” ဆိုပြီးလာ မေးကြ တယ်တဲ့။

““ကျွန်မကိုသူ ဘာမှပြောမသွားဘူး၊ ဘယ်သူတွေမှန်းလဲ ကျွန်မတော့ မသိသေးဘူး။ သူပြန်လာရင် မေးကြည့် လိုက်ပါ့မယ်””လို့ပဲ ကျွန်တော့်ဇနီးက ပြောလိုက်ပါတယ်တဲ့။ ဆရာမ ဒေါ်စမ်းစမ်းတင်တို့ တွံတေးမြို့ကို သွားကြ တဲ့အကြောင်း ကျွန်တော်က ဇနီးဖြစ်သူကို ပြောပြလိုက်ပါ တယ်။ အဲဒီတုန်းက မစမ်းစမ်းတင်က မြန်မာ ပြည်မှာ ပဲရှိနေသေးတဲ့ အချိန်ပါ။ အခုလို ပြည်ပမှာ R.F.A အသံလွှင့်ဌာနသွားပြီး အလုပ်မလုပ်သေးပါဘူး။ ဒီအကြောင်း အရာပြောဆိုပြီးတော့ ကျွန်တော်တို့ မိသားစု ညစာစားဖို့ ထမင်းဝိုင်းလေး ပြင်ဆင်ကြတယ်။ ခြံဝင်းထဲကို ကား တစ်စီးဝင်လာတယ်။ ကျွန်တော်တို့ငှားနေတဲ့ တိုက်ရဲ့ အိမ်ရှင်မိန်းကလေး ရောက်လာတာပါ။ သူက စိတ် မကောင်း ဖြစ်မိတဲ့အကြောင်း စကားစပါတယ်။ ““နေ့လယ်ကသမီးတို့ဆိုင်ကို နယ်မြေခံ ထောက်လှမ်းရေးတွေ ရောက် လာကြတယ်။

ဦးလေးက ထောင်ကထွက်လာပြီး နိုင်ငံခြားသူတွေနဲ့ ပတ်သက်နေတာ ဒီမနက်တွေ့ရတယ်တဲ့။ ဒါကြောင့် ဦးလေးကို ဒီနယ်မြေမှာ သူတို့မထားချင်ဘူးတဲ့။ တစ်ပတ်အတွင်း ဒီအိမ်ကနေပြီး တခြား မြို့နယ်ကိုပြောင်း သွားကြဖို့ ဦးလေးတို့မိသား စုကိုပြောပါဆိုပြီး သမီးတို့ကိုလာပြီး အမိန့်ပေးသွားကြပြီ ဦးလေးရယ်””လို့ ပြောရှာပါ တယ်။ သြော်…ကျွန်တော့်ကို နယ်နှင်ကြပြန်ပြီကိုး။ ““ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ သမီးရယ်၊ ဦးလေး တို့က အာဏာရှိတဲ့သူတွေ နှင်ထုတ်ရင် ပြောင်းရွှေ့ပေးရမှာပဲလေ””လို့ပဲ သူ့ကိုနှစ်သိမ့်လိုက်ရပါတယ်။ ထောက် လှမ်းရေးတွေ ပေးထားတဲ့အချိန် တစ်ပတ်အတွင်းမှာပဲ ကျွန်တော်တို့ဟာ ပရိဘောဂပစ္စည်း တချို့ကိုနီးစပ်ရာ ဘုန်းတော်ကြီးကျောင်းမှာ သွားလှူဒါန်းခဲ့ကြပါတယ်။ မိသားစုကတော့ တစ်နိုင်တစ်ပိုင် ပစ္စည်းလေးနည်းနည်း ပါးပါး လောက်နဲ့ပဲ ရန်ကုန်မြစ်ကြီးကို “ဇက်”ကူးတို့ ကုန်တင်သင်္ဘောကြီးနဲ့ ဖြတ်သန်းရင်း သားချင်း တချို့နေ ထိုင်ရာ နယ်မြေကို ယာယီပြောင်းရွှေ့ခဲ့ကြရပါတယ်။ မလွတ်လပ်တဲ့ စာနယ်ဇင်းသမားတစ်ယောက်နဲ့ လူ့အခွင့် အရေးဆုံးရှုံးမှုဟာ နှစ်တွေ ဘယ်လိုပဲကြာခဲ့ပါစေ …။ ဘယ်လိုလုပ်ပြီး မေ့လို့ရနိုင်ပါ့မလဲလေ။

သြော်… ရယ်စရာတော့ အကောင်းသား။ ကျွန်တော်တို့ မြန်မာနိုင်ငံက စာနယ်ဇင်းသမားတွေ လွတ်လပ်မှု အမျိုးမျိုး ပိတ်ပင်ခံရ၊ လူ့အခွင့်အရေးအမျိုးမျိုး ဆိုးဆိုးဝါးဝါး ဆုံးရှုံးနစ်နာခဲ့ကြရတဲ့ ကာလ ၁၉၉၃ ခုနှစ်မှာပဲ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေပြီး၊ နှစ်စဉ်နှစ်တိုင်း မေလ ၃ ရက်နေ့ကို ““ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့”” ဆိုပြီး သတ်မှတ်ခဲ့ကြပြန်သတဲ့။ ရယ်ချင်လိုက်ပါဘိတော့ တယ်ဗျာ။ မေးလိုက်ချင်ပါ ဘိတော့တယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတွေဟာ အမှန်တကယ် ““စာနယ်ဇင်း လွတ်လပ်ခွင့်””ကို ရကြပါပြီလားလို့ မေးလိုက်ချင်ပါ ဘိတော့တယ်ဗျာ။ နှစ်စဉ် မေလ ၃ ရက်နေ့တဲ့။ အဖြေမရ အရှုံးဆက် တွေ့နေရဦးမယ့် ဘ၀တူတွေအားလုံး မတရားဖိနှိပ် နင်းခြေမှုတွေအောက်က အမြန်ဆုံးလွတ် မြောက်နိုင်ကြပါစေ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment