လွန်ခဲ့သည့် တစ်လလောက် ကတည်းက ဖုန်ကြားရှင်ဟု တောက်လျှောက် ခေါ်ဝေါ်သုံးစွဲလာခဲ့သည့် သတင်းမီဒီယာ တချို့တွင် မနေ့တနေ့ကစပြီး ဦးဖုန်ကြားရှင်ဟု ပြောင်းလဲခေါ်ဝေါ် သုံးစွဲလာသည်ကို သတိပြုမိကြမည် ထင်ပါသည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော် နှစ်နှစ်ဆယ်ဝန်းကျင်ကမူ ယင်းဖုန်ကြားရှင်ကို ရန်ကုန်မြို့လယ်ခေါင်တွင်ပင် ဂုဏ်သရေရှိ လူကြီးမင်းအဖြစ် တခမ်းတနားလုပ်၍ တိုင်းပြည်အာဏာ ရယူထားသူများကိုယ်တိုင် တလေးတစား နေရာပေး ချီးမြှောက်ထားခဲ့ရာက နောင်အခါ ဖုန်ကြားရှင်၏ လက်နက်ကိုင်တပ်များနှင့် အစိုးရတပ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး နယ်စပ်ဒေသသည် စစ်မြေပြင် ဖြစ်လာခဲ့ရပြန်သည်။
စစ်တို့၏ သဘောအရ အတိုးအဆုတ် လုပ်ရသည်များကို မိမိတို့ နားလည်သဘောပေါက်သော်ငြားလည်း ဒီကနေ့ မျက်နှာချင်းဆိုင်ထိုင်၊
နောက်တစ်နေ့ ပစ်ခတ်တိုက်ခိုက်၊ နောက်တစ်နေ့ ပြန်လည် သင့်မြတ်ကြသည့်အလုပ်မှာ စစ်ပွဲများနှင့် ပတ်သက်ပြီး မဖြစ်ထိုက်သည့် လုပ်ရပ်ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် စစ်ဖြစ်သည်နှင့် တပြိုင်နက် လက်နက်မဲ့ ပြည်သူများမှာ ဘ၀များ ပျက်စီး ရတော့သည့်အတွက် ဖြစ်သည်။ စစ်ဖြစ်သည်နှင့်တပြိုင်နက် ဒေသခံပြည်သူများက ထိခိုက်နစ်နာမှု အဖြစ်ဆုံး ဖြစ်ကြရသည်။ ဒုက္ခသည်များအဖြစ် ဘ၀ ချက်ချင်းပြောင်းသွားကြရသည်။
ပို၍ ဆိုးရွားသည့်အချက်မှာ အောက်ခြေရဲဘော်များ၏ ဘ၀ပင်ဖြစ်သည်။ စစ်ပွဲများဖြစ်လိုက် စေ့စပ်လိုက်လုပ်သည်မှာ
ခေါင်းဆောင်များအဖို့ မထောင်းတာလှသော်လည်း စစ်ပွဲအတွင်း ကျဆုံးသွားကြရ၊ ခြေလက်အင်္ဂါ စွန့်ကြရသည့်
အောက်ခြေရဲဘော်များမှာ နားမလည်နိုင်အောင် ဖြစ်ဖွယ်ရှိသည်။
မနေ့တနေ့ကအထိ ရန်သူသဖွယ် အပြန်အလှန်ပြောဆို ခေါ်ဝေါ်နေရာက ဒီကနေ့ကျတော့ တကယ့် ညီနောင်သားချင်းလို အပြန်အလှန် ပြောဆိုသံများ ကြားလာရသောအခါ စစ်မြေပြင်တွင် အသက်ပေးရန် အသင့်ပြင်ထားကြရသည့် အောက်ခြေရဲဘော်များအဖို့ မည်ကဲ့သို့ ခံစားနားလည်နိုင်ကြပါမည်နည်း။
ယခင်တုန်းကလည်း သည်လိုအဖြစ်အပျက်မျိုးတွေ ရှိခဲ့ဖူးပြန်သည်။ ကရင်လက်နက်ကိုင်တပ်များ ရှိရာ ကရင်ပြည်နယ် ဖားအံမြို့နယ်ထဲက ခွေးအိပ်တောင်ဒေသ စစ်ဆင်ရေးများ ရှိခဲ့သည့် ထိုစဉ်က ကရင်လက်နက်ကိုင် တပ်များ၏ ခေါင်းဆောင် စောဘိုမြကို ငမြဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ နောင်အခါ စစ်ပွဲများခဏတာ ရပ်စဲသည့်အခါ စောဘိုမြ ဟူ၍ ဖြစ်လာသည်။
ထိုစဉ်အချိန်က နှစ်ဘက်စစ်သား ရာပေါင်းများစွာ ကျဆုံးရသည့် အချိန်ဖြစ်သည်။ နေ နဲ့ လ၊ လှ နှင့် မြ ဟူ၍ သတင်းရေးသားသည်များပင် ရှိခဲ့သည်။ (ထိုစဉ်က ယင်းဒေသ တိုင်းမှူးမှာ ဗိုလ်ချုပ်မောင်လှ ဖြစ်သည်။) မကြာပါချေ။ ယင်းဒေသတွင် သေနတ်သံများ
ပြန်လည်ကြားလာကြရပြန်သည်။
ဆိုလိုသည်မှာ စစ်ပွဲများနှင့် ပတ်သက်ပြီး ယခုလို အပြုအမူ အပြောအဆိုများ ကပြောင်းကလဲ ရှိကြသည်ထက် စစ်ပွဲများအတွင်း ကျဆုံးသွားကြရသည့် အောက်ခြေရဲဘော်များနှင့် သူတို့အား မှီခိုနေကြရသည့် မိသားစုဝင်များ၊ ဒေသခံ စစ်ဘေးဒဏ်သင့် ပြည်သူများအဖို့ ဘ၀များ ပေးဆပ်ရခြင်း မထောင်းသာလှသည့် ကိစ္စဖြစ်ပါသည်။ အမှန်တကယ်အားဖြင့်ဆိုလျှင် စစ်ပွဲများ တစ်ခဏမဟုတ် ထာဝရ ရပ်တန့်သွားစေချင်ပါသည်။
ယခုလို ဒီကနေ့ အပြန်အလှန်ရင့်သီး နောက်တစ်နေ့ လက်ဆွဲနှုတ်ဆက် နောက်တစ်နေ့ သေနတ်ပြန်ပေါက်သည့် လုပ်ရပ်မျိုးမှာ ငြိမ်းချမ်းရေး မြတ်နိုးသူများ၏ စိတ်ဓာတ်နှင့် လုပ်ရပ်မဟုတ်ဟူ၍ အများက ဝေဖန်လာကြရပါသည်။
အထူးသဖြင့် ယခုလို ပြည်တွင်း ငြိမ်းချမ်းရေးသမိုင်းတွင် မည်သည့် အချိန်အခါနှင့်မျှ မတူလောက်အောင် ဆောင်ရွက်
အောင်မြင်နေပါသည်ဟု အသံကျယ်ကျယ် အော်ဟစ် ဂုဏ်ယူနေသည့် အချိန်မျိုးတွင် စစ်ပွဲများနှင့် ပတ်သက်ပြီး ဒီကနေ့ ဆီထမင်း နောက်တနေ့ စာကလေးကြော် လုပ်သည့်နည်းမှာ အပြောနှင့် အလုပ် ထပ်တူမကျဟူ၍ မလွဲမသွေ ဝေဖန်ခံရမည်မှာ မလွဲချေ။
ထို့ကြောင့် မိမိတို့နိုင်ငံ လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးက ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ထာဝရစစ် ရပ်စဲသွားရေး စစ်မှန်သည့် လက်တွေ့ကျသည့် မူဝါဒများကိုသာ ကိုင်တွယ်ဖြေရှင်း နိုင်ကြပါစေကြောင်း တင်ပြတိုက်တွန်းလိုက်ရပေသည်။
Credit - Mizzima News
No comments:
Post a Comment