~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ မေလ ၅
လာမည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရသစ် သက်တမ်းအတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ် နေရာတွင် လက်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း (ဗိုလ်မှူးချုပ်-ငြိမ်း)အား ကြိုတင် လျာထားပြီးဖြစ်သည်ဟု မေလ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
လာမည့် အစိုးရသစ် သက်တမ်းအတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်နေရာအား အစိုးရနှင့်နီးစပ်သူ တစ်ဦးကို ကြိုတင်လျာထားပြီး ၎င်းကို အခြားသော ရွေးကောက်ခံ နေရာတစ်နေရာတွင်လည်း အလားတူ လျာထား သည်ဟု နိုင်ငံရေး အသိုင်းအ၀ိုင်းကြား သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ယင်းကဲ့သို့ သတင်းထွက်ပေါ် နေခြင်းအပေါ်““ကျွန်တော်တို့လည်း ကြားတယ်။ ရန်ကုန်တိုင်း ၀န်ကြီးချုပ် နေရာကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုက အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းလို့ သိထားတယ်။ သူက ပြည်ခိုင်ဖြိုးကဆိုတော့ ကြိုတင်လျာထားတာပေါ့””ဟု လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ၎င်းအနေဖြင့် ဆက်လက် တာဝန်မထမ်းဆောင် လိုတော့ကြောင်း မီဒီယာများသို့ ပြောကြားခဲ့ပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲ မစတင်မီ ယခုကဲ့သို့ ၀န်ကြီးချုပ်နေရာအား ကြိုတင် လျာထားသည်ဟု သတင်းစကားများ ထွက်ပေါ်လာခြင်းအပေါ် လွှတ်တော် ကိုယ်စားလှယ်များက နောင်လာ မည့် အစိုးရသစ် သက်တမ်းသည် စစ်မှန်သော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း မြန်မာသံတော်ဆင့်သို့ ဝေဖန် သုံးသပ်ခဲ့ကြသည်။
““ဒီကိစ်္စက မဖြစ်နိုင်ပါဘူး။ ရွေးကောက်ပွဲ မစတင်မီ ဒီလိုလျာထားတယ်ဆိုရင် လျာထားတဲ့ အဆင့်ပဲရှိမှာပါ။ ဒါက နောင်တက်လာမယ့် သမ္မတနဲ့ပဲ ဆိုင်ပါတယ်။ သမ္မတက ဘယ်သူဖြစ်မလဲ အတိအကျမသိခင် ဒီလို လျာထားတယ်ဆိုတာ မဖြစ်သင့်ပါဘူး””ဟုအလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မြန်မာသံတော်ဆင့်သို့ပြောသည်။
အစိုးရသစ်သက်တမ်းတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ဆက်လက် တာဝန်ထမ်းဆောင် တော့မည် မဟုတ်ဘဲ တာဝန်လွှဲပြောင်း ထမ်းဆောင်မည့်ပုဂ္ဂိုလ်အား အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးကို လျာထားပြီး ဖြစ်သည်ကို –
““ရွေးကောက်ပွဲ မလုပ်ရသေးပေမယ့် ဦးမြင့်ဆွေနေရာကို တခြားလူ ကြိုတင်လျာထားတယ်။ ဒါက အတွင်း စကားပေါ့ဗျာ။ သူ့ကိုအစိုးရအဖွဲ့က ဒီဝန်ကြီးချုပ် နေရာအတွက်ရော တခြားမဲဆန္ဒနယ် အတွက်ရော တစ်ပြိုင်တည်း လျာထားတာ။ သူက ဘယ်မှာ ၀င်ပြိုင်မလဲတော့ မသိဘူး။ တကယ်လို့ ဒီမှာ မပြိုင်ဘဲ တခြား မဲဆန္ဒနယ်အတွက်ဆိုရင် ၀န်ကြီးချုပ်နေရာက ဦးမြင့်ဆွေပဲ ဆက်လုပ်ဖို့များတယ်။ သူ့နာမည်တော့ ပြောခွင့် မရှိပါဘူး””ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယခုကဲ့သို့ ဗိုလ်မှူးချုပ်(ငြိမ်း) ဦးမောင်မောင်သိမ်းအား ရန်ကုန်တိုင်း ၀န်ကြီးချုပ်နေရာတွင် လျာထားခြင်းနှင့် စပ်လျဉ်း၍ ဦးမောင်မောင်သိမ်းအား မြန်မာသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့သော်လည်း ၎င်းအနေဖြင့် မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားမှု မရှိခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အချို့ကို ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့်လည်း မသိရှိသေးကြောင်း မှတ်ချက်ပြုခဲ့ကြသည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌနေရာတွင် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ တာဝန်မရှိတော့ပါက ပါတီဥက္ကဋ္ဌ (သမ္မတလောင်း)အဖြစ် လက်ရှိ ကြံ့ခိုင်ရေးပါတီ၏ ရန်ကုန်တိုင်း စည်းရုံးရေး တာဝန်ခံ ပါတီဗဟို၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း (ယခင် စစ်အစိုးရလက်ထက် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဗိုလ်မှူးချုပ်) ဖြစ်လာနိုင်ကြောင်း၊ ဦးမောင်မောင်သိမ်းမှာ ဘဏ်လုပ်ငန်းနှင့် ဆက်စပ်၍ ငွေကြေး ခိုင်မာ တောင့်တင်းကြောင်း အစိုးရနှင့် လွှတ်တော်အပေါ် ဝေဖန်ချက် ပြင်းထန် သည့် နိုင်ငံရေးဆောင်းပါး များ ရေးသား လျက်ရှိသော ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်များ လေးစားရိုသေခြင်း ခံရသည့် နိုင်ငံတော် ဗဟိုသံဃာ့ ၀န်ဆောင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ပညာသာမိ တောင်ကလေး ဆရာတော်ကြီးက မြန်မာသံတော်ဆင့်သို့ သုံးသပ်မိန့်ကြားထားခဲ့ပြီး နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူ ၀ါရင့်နိုင်ငံရေးသမား အချို့လည်း ယင်းသုံးသပ်ချက်အတိုင်းပင် စီနီယာအရ ဗိုလ်မှူးချုပ်(ငြိမ်း) ဦးမောင်မောင်သိမ်းသည် ဥက္ကဋ္ဌနှင့် သမ္မတလောင်း ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားမှု ရှိခဲ့သည်။
လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေသည် ၎င်းတာဝန် ထမ်းဆောင်ခဲ့သည့် လက်ထက်တွင် ရန်ကုန်မြို့သစ် စီမံကိန်းကို လုပ်ဆောင်ခဲ့သော်လည်း ယနေ့ထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။ အဆိုပါရန်ကုန်မြို့သစ် စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက တရုတ်နွယ်ဖွားပိုင် ကုမ္ပဏီကို လုပ်ပိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးခဲ့သည့်အပြင် ယင်းစီမံကိန်းအတွက် သမ္မတ ဦးသိန်းစိန်ထံ သွား၍ စည်းရုံးပြောဆို ဖျောင်းဖျခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေသည် ဆိပ်ကြီးခနောင်တို မြို့နယ်၏ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်အတွက် မြို့သစ်စီမံကိန်းဖြင့် ၎င်းမဲဆန္ဒနယ်တွင် ထောက်ခံမှုနှုန်း မြင့်တက်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သတင်းစာမျက်နှာများ တွင် ဝေဖန်ရေးသား ခံခဲ့ရသူဖြစ်သည်။
ယခင်ပြည်ခိုင်ဖြိုးအသင်း ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစိုးဝင်း လက်ထက်တွင် ဦးမောင်မောင်သိမ်းကို ဧရာဝတီတိုင်း တာဝန်ခံအဖြစ် လျာထားခဲ့သော်လည်း ဧရာဝတီသား ဗိုလ်မှူးချုပ်သိန်းအောင် (ယခုဧရာဝတီတိုင်း ၀န်ကြီးချုပ်) ကန့်ကွက်မှုဖြင့် ဧရာဝတီတိုင်း တာဝန်ခံ နေရာကို မရခဲ့ဘဲ သမ္မတဦးသိန်းစိန်အစိုးရသစ် လက်ထက် ရောက်မှ သာ ရန်ကုန်တိုင်း တာဝန်ခံအဖြစ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ တာဝန်ပေးခြင်း ခံခဲ့ရသည်။ ထို့ပြင် ပြည်ခိုင်ဖြိုး၏ အရေးပါသော နေရာဖြစ်သည့် အထွေထွေ အတွင်းရေးမှူး တာဝန်ကိုလည်း နှစ်ရှည်လများ ထမ်းဆောင်ခဲ့သော ဦးဌေးဦးထံမှ လွှဲပြောင်း တာဝန်ယူ ထမ်းဆောင်ခဲ့ရသည်။
ဦးမောင်မောင်သိမ်းသည် နိုင်ငံရေး လုပ်ငန်းများတွင် စကားနည်းပြီး အလုပ်များများလုပ်သူ တစ်ယောက် အနေဖြင့်လည်းကောင်း၊ နာမည်ပျက် မရှိသေးသော ငွေကြေးအင်အား တောင့်တင်းသူတစ်ဦး အနေဖြင့် လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရလက်ထက် ပါတီတွင်း သြဇာကြီးသောဗဟို အတိုင်ပင်ခံများနှင့် နှစ်ရှည်လများ လက်တွဲခဲ့သူ ၀ါရင့်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦး အနေဖြင့်လည်းကောင်း၊ ပါတီ အကြီးအကဲများက အားကိုးယုံကြည်မှု ခံထားရသူတစ်ဦးဖြစ်ကာ လိုအပ်ပါကသမ္မတ၊ ဒုသမ္မတနေရာများအထိ လျာထားရန် အမည်စာရင်း ပေါက်နေသူတစ်ဦးလည်း ဖြစ်သည်။
ဝတ်ရည်နွေးနွေး
● ဦးမောင်မောင်သိမ်းနှင့်ဦးအောင်သောင်းတို့ကို ၂၀၁၂ ပါတီညီလာခံ၌ တွေ့ရစဉ်။ ဓာတ်ပုံ – မြန်မာသံတော်ဆင့်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment