Wednesday, May 13, 2015

“၂၀၁၅ ရွေးကောက်ပွဲဟာ မူအားဖြင့် ဒီမိုကရေစီ မကျတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါမယ်”

(Open Society Foundations - OSF) အာရှရေးရာ ဥက္ကဋ္ဌနှင့် တွေ့ဆုံမေးမြန်းချက်)

မြန်မာနိုင်ငံဖွံ့ဖြိုးရေးကို အကူအညီအပေးနေသည့် Open Society Foundations အာရှရေးရာ ဥက္ကဋ္ဌ နှင့် asiasociety.org တို့ တွေ့ဆုံ မေးမြန်းထားသည်ကို ဘာသာပြန်ဆို ဖေါ်ပြပေးခြင်းဖြစ်သည်။ Binaifer Nowrojee က မြန်မာနိုင်ငံအတွင်း Open Society Foundations ၏ အကူအညီပေးနေမှုများ၊ အတိတ် မြန်မာ့နိုင်ငံရေးသုံးသပ်ချက်နှင့် လာမည့်ရွေးကောက်ပွဲအခြေအနေများကို ဤတွေ့ဆုံမေးမြန်းမှုတွင် ဖတ်ရှုနိုင်သည်။

testa-1



ပွင့်လင်းလူမှုအဖွဲ့ ဖောင်ဒေးရှင်း Open Society Foundations (OSF)ကို ရင်းနှီးမြုပ်နှံသူနှင့် ပရဟိတလုပ်ငန်းရှင် ဂျော့လ်ဆိုးရော့စ်က တည်ထောင်ထားခဲ့သည်။ အစိုးရ၏ တာဝန်ခံမှုနှင့် ပြည်သူအားလုံးပါဝင်သည့် ကောင်းမွန်သည့် လူမှုအဖွဲ့အစည်းများ တည်ထောင်ရေးအတွက် ရည်ရွယ်ကာ ကွန်ရက်ဖွဲ့ တည်ထောင်ခြင်းဖြစ်သည်။

OSF သည် မြန်မာပြည် စီမံကိန်းအဖြစ် ၁၉၉၄ ခုနှစ်မှစကာ မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်နေသည်။ မြန်မာပြည် စီမံကိန်းသည် မြန်မာနိုင်ငံမှ အခြေအနေများကို နိုင်ငံတကာမှ ပိုမိုသိမြင်စေရန်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ကာ အသွင်ကူးပြောင်းလဲများ အောင်မြင်အောင် ကူညီပေးလျက်ရှိသည်။

အာရှရေးရာ ဒေသဆိုင်ရာဥက္ကဋ္ဌအဖြစ် ဘီနိုင်ဖာနောရိုဂျီး Binaifer Nowrojee က တာဝန်ယူကာ မဟာဗျူဟာဖော်ဆောင်မှု၊ ထောက်ပံ့လုပ်ငန်းများနှင့် အာရှတွင် OSF ၏ လုပ်ဆောင်မှုများအတွက် အားပေးထောက်ခံမှုများရရန် တာဝန်ယူ ဆောင်ရွက်ပေးနေသူ ဖြစ်သည်။

နယူးယောက်ရှိ အာရှလူမှုအဖွဲ့အစည်းတွင် ဆိုရော့စ်၏ ပြီးခဲ့သည့် ဆွေးနွေးမှုများအကြောင်းကို အာရှဘလော့ဂ်နှင့် သူမက အီးမေးလ်မှ တစ်ဆင့် ဆွေးနွေးခဲ့သည်။

အမေး။ ။ အာရှမှ OSF အတွက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူဆိုတော့ ဒေသမှ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ အခြေအနေကို အကျဉ်းပြောပေးပါ။

အဖြေ။ ။ ကျယ်ပြန့်ပြီး အသွင်ကွဲပြားမှုတွေရှိတဲ့ ဒီဒေသအကြောင်းသိရှိပြီး အလုပ်လုပ်ကိုင်နိုင်ဖို့ ကျွန်မတို့ အဖွဲ့အစည်းက သမိုင်းဝင်အောင် ကြာရှည်လုပ်ကိုင်ခဲ့ပါတယ်။ ဒေသအကြောင်း ထဲထဲဝင်ဝင် နားလည်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ အာရှပစိဖိတ်ဒေသဆိုင်ရာရုံးကို ဖွင့်လှစ်ခဲ့တယ်။ ကျွန်မတို့ လုပ်ငန်းတွေကို ပိုမိုမဟာဗျူဟာမြောက်အောင် ချဉ်းကပ်နိုင်ဖို့နဲ့ နယ်စပ်ကျော်ဖြတ်တဲ့ ပြဿနာတွေကို ပူးပေါင်းဆောင်ရွက်ပြီး ပြေလည်စေဖို့ပါ။ ပြီးတော့ ဒေသအတွက် ကျွန်မတို့တွေ ပိုပြီးလုပ်ဆောင်ပေးနိုင်ဖို့ ကျွန်မတို့ရဲ့အာရှအဖွဲ့က အချက်အလက်တွေကို စုရပါတယ်။

ကြီးမားပြီး ဒေသတွေ ကွဲပြားနေတဲ့ ဒီအာရှဒေသမှာ တိုက်တစ်ခုလုံးကို ခြုံငုံနိုင်တဲ့ ပြည့်စုံကောင်းမွန်တဲ့ မဟာဗျူဟာမျိုးကို ချမှတ်နိုင်မှာ မဟုတ်ပါဘူး။ တကယ်က နိုင်ငံတစ်နိုင်ငံမှာ ရှိနေတဲ့ ကျွန်မတို့အဖွဲ့တွေနဲ့ လက်တွေ့မြေပြင်မှာ လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ကသာ ကျွန်မတို့ရဲ့ ဦးစားပေးပါ။

ကျွန်မတို့လုပ်ဆောင်မှုတွေက မွန်ဂိုလီးယားကနေ အိန္ဒိယအထိပဲဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့တွေရဲ့ လုပ်ငန်းနယ်ပယ်က နိုင်ငံအသီးသီးက လိုအပ်မှုတွေအပေါ် လွှမ်းခြုံကူညီနိုင်ဖို့ပါ။ တရားမျှတရေး၊ မီဒီယာလွတ်လပ်ခွင့်၊ သဘာဝအရင်းအမြစ် ထိန်းသိမ်းမှုတွေ၊ လူနည်းစု အခွင့်အရေးတွေ၊ အမျိုးသမီးအခွင့်အရေး၊ အုပ်ချုပ်ရေးလွဲမှားမှုတွေ၊ ပြည်သူ့ကျန်းမာရေးနဲ့ ပညာရေးစတဲ့ ကိစ္စများစွာအတွက် ပါဝင်လုပ်ဆောင်ပေး နေတာပါ။

အမေး။ ။ ၁၉၉၄ ခုနှစ်ကစလို့ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တယ်။ အဲ့ဒီနှစ်ပေါင်း ၂၀ကျော်အတွင်းမှာ အဓိကအထင်ကရအဖြစ် ဘာကို သတိတရရှိပါသလဲ။

အဖြေ။ ။ မြန်မာနိုင်ငံမှာ ၁၉၈၈  ပဋိပက္ခများဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ တစ်နိုင်ငံလုံး လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ အမြင်မှာ နိုင်ငံတွင်း ပွင့်လင်းတဲ့လူအဖွဲ့အစည်း ပေါ်ပေါက်ရေးက ခက်ခဲကြမ်းတမ်းခဲ့တယ်လို့ ဖြစ်သွားစေတယ်။ နောက်တစ်ခုကတော့ ၂၀၀၄ ခုနှစ်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်ကို ဖြုတ်ချလိုက်တာပါ။ ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွားတဲ့ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်းတိုင်းတို့က တကယ့် အထင်ကရအဖြစ်တွေပါပဲ။

ဆယ်စုနှစ်နှစ်ခုကျော် ကာလတွေမှာ ကျွန်မတို့ OSF က နိုင်ငံတွင်းက အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးပါတယ်။ လူနည်းစုတွေကို ကူညီပါတယ်။ နိုင်ငံတွင်းက ထွက်ပြေးတိမ်းရှောင် သူတွေအရေးကိုလည်း ထောက်ပံ့ပေးပြီး မီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းရရှိမှုတွေ ဖွံ့ဖြိုးရေးကိုလည်း ကူညီခဲ့ပါတယ်။ မြန်မာကျောင်းသားတွေကို စကောလားရှစ် ပညာသင်ဆုတွေ ပေးသလို အသက်မွေးဝမ်းကျောင်း ပညာတွေလည်း ပေးခဲ့ပါတယ်။

၂၀၁၀-၁၁ မှာ အစိုးရပြောင်းလဲ့ပြီး နောက်မှာတော့ ကျွန်မတို့အဖွဲ့က တရားဝင်အဖြစ်လုပ်ကိုင်ခွင့်ရပြီး နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး တွေကို ကူညီပေးပါတယ်။

အမေး။ ။ ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့အစည်း ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေနဲ့ အခွင့်အရေးတွေက ဘာတွေလို့ မျှော်လင့်ထားလဲ။

အဖြေ။ ။ စိန်ခေါ်မှုတွေကတော့ အတိုင်းထက်အလွန်ရှိနေတာပါပဲ။ အကျင့်ပျက်ခြစားမှုတွေ၊ စစ်တပ်အာဏာ အမြစ်တွယ်နေတာတွေ၊ ခရိုနီတွေကို အခြေပြုထားတဲ့ စီးပွားရေး၊ အနာအဆာ ပလပွနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူ့သားအရင်းအမြစ်ဖွံ့ဖြိုးမှု နိမ့်ကျတာ၊ ကျန်းမာရေးနဲ့ ပညာရေးစနစ်ဆိုး တာရှည်စွဲမြဲနေတာနဲ့ တိုင်းရင်းသားများ ပဋိပက္ခတွေနဲ့ အစွန်းရောက် အမျိုးသားရေး လှုံ့ဆော်မှုတွေကြောင့် ဘာသာရေးဆိုင်ရာ တင်းမာမှုတွေက နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ခုလုံးကို လမ်းလွှဲသွားစေနိုင်ပါတယ်။

အခွင့်အရေးကောင်းတွေကလည်း လောက်လောက်ငင ရှိနေတာက မြန်မာနိုင်ငံပါပဲ။ စိန်ခေါ်မှုတိုင်းအတွက် ရဲဝံ့တဲ့ တုံ့ပြန်ချက်တွေ ရှိနေတယ်။ လွတ်လပ်ခွင့်အတွက် ဆယ်စုနှစ်များစွာ ရုန်းကန်ခဲ့ရတဲ့ မြန်မာလူထုဘဝက ဆက်လက်ရုန်းကန်နေကြဆဲလည်းဖြစ်တယ်။ အထူးသဖြင့် အင်တာနက်ခေတ်က တော်လှန်ရေး လက်နက်သစ်သဖွယ် ဖြစ်နေတယ်။ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ အသိသတိရှိမှုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးပါပါတယ်။

အမေး။ ။ မြန်မာရွေးကောက်ပွဲက နှစ် ၂၅ နှစ်အတွင်းမှာ ပထမဆုံးအဖြစ် ပါတီပေါင်းစုံပါဝင်ပြီး အရေးကြီးတဲ့ ရွေးကောက်ပွဲကြီး တစ်ရပ် ဖြစ်လာမယ်။ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဘာလိုအပ်ချက်တွေက အဓိကကျနေပါလဲ။

အဖြေ။ ။ ရွေးကောက်ပွဲအောင်မြင်ဖို့ အဓိကလိုအပ်ချက်တွေက အားလုံးပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိဖို့ပဲ ဖြစ်ပါတယ်။ အထူးပြောရရင် ၂၀၁၅ ရွေးကောက်ပွဲက မူအားဖြင့် ဒီမိုကရေစီမကျတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါမယ်။ ဘာကြောင့်လည်းဆိုတော့ လွှတ်တော်တွင်းမှာ စစ်တပ်အရာရှိတွေက ၂၅ ရာခိုင်နှုန်းနေရာယူထားပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတအဖြစ်က တားဆီးထားတာတွေ ရှိနေဆဲမို့ပါ။

ဒီလိုပဲ လူဦးရေ တစ်သန်းနီးပါးရှိတဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ) ဆိုသူ မွတ်စလင်တွေကို ယာယီသက်သေခံကတ်ပြားတွေ သိမ်းယူပြီး မဲပေးခွင့် ရုတ်သိမ်းထားတယ်။ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာလည်း တိုက်ပွဲတွေဖြစ်နေတာက တစ်ချို့သော တိုင်းရင်းသား နယ်စပ်ဒေသတွေမှာ မဲပေးခွင့်တွေကို အဆီးအတားဖြစ်စေလိမ့်မယ်။ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ယခင် စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ပဲ ဖွဲ့စည်းထားပြီး မီဒီယာအပါအဝင် လွတ်လပ်ခွင့်များလည်း မကြာသေးခင်က ပြန်လည်ချုပ်ငြိမ်းစ ပြုလာတာကို တွေ့ရတယ်။

Credit - Mizzima News

No comments:

Post a Comment