မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် အတွင်းရှိ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေ ရသော ကျေးရွာ၂၀ ကျော်အတွက် အရေးပေါ် ရေဖြန့်ဝေနိုင်ရန်နှင့် အ၀ီစိတွင်း တူးဖော်ရန် One More အဖွဲ့က ကျပ် ၂၅ သိန်း လှူဒါန်းခဲ့ကြောင်း အဆိုပါ One More အဖွဲ့ကို ဦးဆောင်သူ တစ်ဦးဖြစ်သည့် ခေတ်ရနံ့ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ (ဦး)ပြည်သွေးနိုင်က မေလ ၁၃ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများမှာ ဧပြီလ နောက်ဆုံးပတ် အတွင်း ရေရှားပါးမှု စတင်ကြုံတွေ့ခဲ့ရပြီး မသန့်ရှင်းသော ရေများ ကို သောက်သုံးခဲ့ရသဖြင့် ကျေးရွာပေါင်း၂၀ ရှိ ဒေသခံ ၄၃ ဦး ၀မ်းပျက်ဝမ်းလျှော ရောဂါဖြင့် မြို့နယ်ဆေးရုံသို့ တက်ရောက် ကုသခံရသောကြောင့် အကူအညီ တောင်းခံလာ၍ ယခုကဲ့သို့ သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
““တောင်သာဒေသခံ Green For All အဖွဲ့ကနေ ပေါင်းကူးကတစ်ဆင့် ကျွန်တော်တို့ဆီ အကူအညီ တောင်း လာတယ်။ အကူအညီ တောင်း တဲ့ နောက်တစ်ရက်မှာပဲ One More ရဲ့ Meeting ထိုင်ဖြစ်တယ်။ အဲဒီမှာ အရေးပေါ် လိုအပ်တဲ့ ရေပေးဝေမှုနဲ့ အ၀ီစိတွင်း တစ်တွင်းတူးဖို့ ကျွန်တော်တို့ ၂၅ သိန်း လှူလိုက်ပါတယ်””ဟု (ဦး)ပြည်သွေးနိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
One More သည် လူတစ်ဦးလျှင် တစ်လ ၁၀၀၀ ကျပ်ဖြင့် စုပေါင်း လှူဒါန်းကူညီမှုများ ပြုလုပ်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဧပြီလအတွက် အလှူငွေ စုစုပေါင်း ၁၁၅ သိန်းကျော် ရရှိခဲ့ကာ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွက် ၂၅ သိန်း၊ မြင်းခြံမြို့ရှိ ဆန္ဒတော်ပြည့် ပညာဒါန ကျောင်းအတွက် ၁၅ သိန်း၊ ပြင်ဦးလွင်မြို့ရှိ သန္တိသုခ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုကူညီရေး အသင်းသို့ ကျပ်သိန်း ၂၀၊ ပဲခူးတိုင်းဒေသကြီး က၀မြို့နယ် သပြုကျေးရွာ သောက်သုံးရေကန် တူးဖော်မှုအတွက် ကျပ် ၁၅ သိန်း၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အုန်းတော ၂ ရပ်ကွက်ရှိ ချမ်းမြေ့ဗိမ္မာန် ပညာဒါနကျောင်း အတွက် ကျပ်သိန်း ၂၀၊ ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ် ကျောက်ကွဲကြီးကျေးရွာ မူလတန်းကျောင်း (ခွဲ)သို့ ကျပ်သိန်း ၂၀ နှင့် ၅ သောင်း ၄ ထောင်ကျပ် လှူဒါန်းခဲ့သည်။
မြမင်းစိုး
- မြင်းခြံ One More အဖွဲ့မှ ဒေါက်တာစောရဲဝင်းဦးဆောင်ပြီး သွားရောက်လှူဒါန်းစဉ်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment