Tuesday, May 12, 2015

စီးပွားရေးအပေါ် စစ်ရေးဝန်ပိနေပြီး အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေဆဲအစိုးရများ PODESTA ပုလင်းချိတ်ကြသည် – မောင်မြား

ဝါရှင်တန်လော်ဘီအဖွဲ့ကို ငှားရမ်းချိန်မှာ အမေရိကန် သမ္မတအိုဘားမား က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို တစ်နှစ်သက်တမ်း တိုးထားသည့် ကာလပြည့်ရန် တစ်လမျှသာ လိုတော့သည့် အချိန်လည်း ဖြစ်သည် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာအစိုးရက အမေရိကန်အပါအ၀င် နိုင်ငံတကာ အစိုးရများအား စည်းရုံးပေးရန်အတွက် အမေရိ ကန်ပြည် ထောင်စုဝါရှင်တန် အခြေစိုက် podesta group အဖွဲ့အား အမေရိကန်ဒေါ်လာ ၈၄၀၀၀၀ ဖြင့် ငှားရမ်းထား ခြင်းဖြစ်ကြောင်း ၀ါရှင်တန်အခြေစိုက် The Hill သတင်းစာက ဖော်ထုတ်ရေး သားခဲ့ သည်။ မြန်မာ အစိုးရအနေဖြင့် ယင်းတို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် မျက်နှာကောင်းရ စေရန် ပွဲစားလုပ်ဆောင်ရွက်ပေးမည့် အမေရိကန်အကျိုးဆောင် ကုမ္ပဏီတစ်ခုအား

အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ဖြင့် ငှားရမ်းလုပ်ကိုင်ပေးရန် စီစဉ်ဆောင်ရွက်နေသော်ငြားလည်း မိမိနိုင်ငံနှင့်မိမိနိုင်ငံသားများအပေါ် အစိုးရတစ်ရပ် အနေဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင် ရန် လိုအပ်လျက်ရှိသေးကြောင်း ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာ သုံးသပ်သူများ၏ သုံးသပ်ချက်များကို အခု လိုတွေ့ရှိရမည်ဖြစ်သည်။…

““ပွင့်လင်းမြင်သာမှုရှိတဲ့ ခုလိုကာလမှာ အစိုးရရဲ့အသုံးစရိတ်တွေဟာ လွှတ်တော်ကို ဖြတ်သန်းသွားရမှာ ဖြစ်တယ်။ အခုလို လွှတ်တော်ကိုတင်ခဲ့တဲ့ အသုံးစရိတ်တွေထဲမှာ ဒါတွေကို မတွေ့ရဘူး၊ နိုင်ငံတကာ သတင်း ဌာနမျိုးစုံက ပြည်တွင်းမှာ အခြေစိုက်ပြီး သတင်းတွေပေးပို့နေကြတဲ့ ကာလမှာ ဒီလိုလုပ်ဆောင်မှုဟာ အစိုးရ အနေနဲ့ မရိုးဖြောင့်မှုတွေကို ကာကွယ်လိုတဲ့ သဘောတွေ့ရတယ်””ဟု အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်က သုံးသပ်ခဲ့သည်။

ဒီမိုကရေစီ အစိုးရတစ်ရပ်အနေဖြင့် ပြုပြင်ပြောင်းလဲရေးကိုသာ ထိရောက်စွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ ၏အသိအမှတ်ပြုမှုကို ရရှိရန် ကြိုးပမ်းသင့်ကြောင်းနှင့် ကြွေးမြီပမာဏများပြားနေသည့် နိုင်ငံ၏စီးပွားရေး အခြေအနေအရ ယင်းသို့သော ငွေကြေးပမာဏကို သုံးစွဲရန်မသင့်ကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်း က ပြောကြားသည်။

““ဒီပိုက်ဆံတွေကို ပြည်သူလူထုဖွံ့ဖြိုးရေး၊ ပြည်သူလူထုအကျိုးရှိတဲ့ လုပ်ငန်းတွေ မှာအသုံးချတာ ပိုကောင်း တာပေါ့။ အခုလို ပိုက်ဆံတွေသုံးပြီး အကျိုးဆောင်ကုမ္ပဏီ ကောင်းကောင်း ငှားရုံနဲ့ နိုင်ငံတကာ ဆက် ဆံရေး ပြေလည်မယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးက အစိုးရတွေ ဒီလိုပဲ ပိုက်ဆံတွေပုံအောပြီး သုံးနေတော့ မှာပေါ့””ဟု ဒေါက်တာ ဒေါ်ညိုညိုသင်း က ထောက်ပြသည်။

ယခုကဲ့သို့ podesta ကဲ့သို့ အကျိုးဆောင်အဖွဲ့အား ငှားရမ်းခြင်းသည် အစိုးရ အကျိုးအတွက်မဟုတ် ဘဲ ပြည်သူများအကျိုးအတွက်သာ ဖြစ်သည် ဆိုသည့် ပြောဆိုမှုမျိုး ဦးရဲထွဋ်က ပြောခဲ့သည်။

ယင်းအကျိုးဆောင်ကုမ္ပဏီ ငှားရမ်းအသုံးပြုခြင်းအားဖြင့် အမေရိကန်အစိုးရ၊ ကွန်ဂရက်၊ လွှတ်တော်နှင့် မြန်မာ အစိုးရတို့ အကြားပူးပေါင်းဆောင်ရွက်မှု များ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး အမေရိကန်စီးပွားရေး အသိုင်း အ၀ိုင်းအနေဖြင့်လည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများများ တိုးတက်လာ စေရန်ရည်ရွယ်ထားကြောင်း မြန်မာ အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်၏ ပြောကြားချက်များ ရှိနေသည်။

““အခုသုံးစွဲမယ့် ငွေပမာဏဟာ အစိုးရ၊ အစိုးရနဲ့နီးစပ်တဲ့ ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေဘက်က ကြည့်ရင် ပြောပလောက်တဲ့ ပမာဏာမဟုတ်ပေမယ့် အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ ရှုထောင့် ကကြည့် ရင် အင်မတန်များတဲ့ ငွေကြေးပမာဏာတစ်ခု။ ဒီငွေကြေးကို ဘယ်လိုကျ ခံသုံးစွဲသလဲဆိုတာကို လွှတ်တော်ထဲ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မေးခွန်းထုတ်သင့်တယ်။ တစ်ဆက်တည်းမှာပဲ ယင်းသို့ အကျိုးဆောင်ကုမ္ပဏီငှားရမ်း ဆောင်ရွက်ခြင်းကြောင့် ၂နိုင်ငံအစိုးရများအကြား ဆက်ဆံရေးကောင်း မွန်လာ မည်ဆိုပါကလည်း လက်ရှိအာဏာရပါတီ၊ အာဏာရအစိုးရနှင့် အစိုးရနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် များအတွက်သာ အကျိုးအမြတ်များ ထွက်ပေါ်လာနိုင်ပြီး ပြည်သူများအတွက်မူ သိသာထင်ရှားသည့် အကျိုး ရလဒ်များ ရှိလာနိုင်မည် မဟုတ်ကြောင်း””ဒေါက်တာရန်မျိုးသိမ်း က ဝေဖန် ပြောဆိုခဲ့သည်။

““အမေရိကန်ကွန်ဂရက်က မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး နားလည်အောင် ကြိုးစားတဲ့နေရာ မှာ ဒါဟာအထောက်အကူဖြစ်တယ်ထင်လို့ သူတို့ လုပ်ဆောင်ကြတာဖြစ်တယ် ထင်ပါတယ်။ မြန်မာအစိုးရနဲ့ အမေရိကန်နိုင်ငံရေး စနစ်တွေရဲ့ lobby လုပ်တာကို အကောင်အထည်ဖော်ဖို့ သူတို့ဆောင်ရွက်တဲ့ အပိုင်းဖြစ် တယ်။ ဒါကြောင့် နိုင်ငံခြားကနေ ခိုးကြောင်ခိုးဝှက်ယူပြီး လုပ်နေတာထက်စာရင် ကိုယ့်တိုင်းပြည်အကျိုး အတွက် အမေရိကန်လွှတ်တော်နဲ့ နားလည်မှုရအောင် ပြောင်ပြောင် တင်းတင်း ပွင့်ပွင့်လင်းလင်း ဆောင်ရွက် တာဟာကိုတော့ ကျွန်တော်တို့ နားလည်ပေးရလိမ့်မယ်။ ဒီရည်ရွယ်ချက်ကောင်းကို အသိအမှတ်ပြုပေ မယ့် နောင်လွှတ်တော်မှာ ဘတ်ဂျက်တင်လာတဲ့ အချိန်ကျရင်တော့ ဒီငွေတွေဟာ ဘယ်ခေါင်းစဉ်က ရလာတဲ့ငွေ တွေလဲ၊ လုပ်ထုံးလုပ်နည်းရော မှန်ကန်မှုရှိရဲ့လားဆိုတာ လွှတ်တော်ကိုအသေး စိတ်တင်လာချိန်မှ အကဲဖြတ် လို့ရနိုင်မယ်”” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောခဲ့သည်။

အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံသူနိုင်ငံ့သားများ ကောင်းကျိုးဆောင်ရွက်ပေးရန် တာဝန်ကျေပွန်ပါက လော်ဘီ အဖွဲ့များငှား ရမ်းနေစရာမလိုကြောင်းနှင့် အဆိုပါလော်ဘီများကြောင့် မြန်မာအစိုးရအပေါ် အမေရိကန်၏ သဘောထားပြောင်းလဲမည်ဟု မထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

““လော်ဘီကို ဘာအတွက် ငှားရမ်းတာလဲဆိုတာ စိတ်ဝင်စားတယ်။ ဘာအတွက် လော်ဘီလုပ်ပေးဖို့လိုလဲ၊ တကယ်အစိုးရ တစ်ခုရဲ့တာဝန်ဟာ နိုင်ငံသူနိုင်ငံသားတွေ ကောင်းကျိုးကိုဆောင်ရွက်ဖို့ပဲ၊ ဒီတာဝန် ကျေနေ ပြီဆိုရင် ဒီလိုအဖွဲ့တွေဘာမှ ငှားနေစရာမလိုဘူး””ဟု ဒေါ်အောင်ဆန်းစုကြည်က RFA သတင်းဌာန အား ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် အမေရိကန်အစိုးရနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် အမေရိကန်အစိုးရကို မြန်မာ အစိုးရနှင့် မြန်မာနိုင်ငံအကြောင်း နားချစည်းရုံးပေးမည့် ၀ါရှင်တန်အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့ကို အမေရိကန်ဒေါ်လာ ၈ သိန်း ၄ သောင်းဖြင့် ငှားရမ်းခဲ့ခြင်းသည် မြန်မာအစိုးရအပေါ် အမေရိကန်၏ သဘော ထားပြောင်းလဲမည်အထင်ဖြင့် မျှော့သွေးစမ်း လုပ်ရပ်အဖြစ် ဝေဖန်မှုများထွက်နေသည်။ တိုက်တိုက်ဆိုင်ဆိုင် ပင် မြန်မာအစိုးရက ၀ါရှင်တန်လော်ဘီအဖွဲ့ကို ငှားရမ်းချိန်မှာ အမေရိကန်သမ္မတအိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုကို တစ်နှစ်သက်တမ်းတိုးထားသည့်ကာလ ပြည့်ရန် တစ်လမျှသာ လိုတော့သည် အချိန်လည်းဖြစ်သည်။

မြန်မာအစိုးရအဆက်ဆက်က မြန်မာ့နိုင်ငံရေးတွင် ပြည်ပမှဝင်ရောက်စွက်ဖက်မှု လက်မခံဟုပြောခဲ့သော်လည်း အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်စေရန် ယခုကဲ့သို့ လော်ဘီ ငှားရမ်းလိုက်ခြင်းမှာ ရှေ့နောက် စကားမညီ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်ခဲ့သည်။

လူထုဆက်ဆံရေးအဖွဲ့ (Public Relation Firm) ကဲ့သို့ မြန်မာအစိုးရအတွက် Lobby လုပ်ပေးသည့်အဖွဲ့မျိုး ယခင်အစိုးရ လက်ထက်က ငှားရမ်းလုပ်ဆောင်ခဲ့တာ တွေရှိခဲ့ဖူးသည်ဟု ပြောဆိုရေးသားချက် များလည်းရှိ သည်။ ၁၉၉၆ ခုနှစ် နောက်ပိုင်း ကလင်တန်အစိုးရက ပထမဦးဆုံး စီးပွားရေးပိတ်ဆို့မှုကို မြန်မာနိုင်ငံအပေါ် စတင်ချမှတ်ခဲ့စဉ်က Bain & Associates ဆိုသည့် အဖွဲ့၊ Jefferson Waterman International နှင့် DCI Associates စသည့် လော်ဘီအဖွဲ့များကို မြန်မာ အစိုးရ ထောက်လှမ်းရေးအဖွဲ့က ငှားရမ်းပြီး မြန်မာနိုင်ငံအပေါ် သဘောထား ပြန်လည်ပျော့ပျောင်းလာဖို့ ကြိုးစားမှုများ ရှိခဲ့ဖူးပါသည်။ အောင်မြင်မှုမရှိခဲ့သည့် အပြင် အမေရိ ကန်က ဖိအားပိုပေးပြီး ပိတ်ဆို့မှုပေါ်လစီအသစ်များ ထပ်မံပြဋ္ဌာန်းပြီး စစ်အစိုးရကို ဆက်တိုက်ဖိအားပေးသည် ကို တွေ့ခဲ့ရသည်။

အမေရိကန်နှင့် အမြဲတမ်းလိုလို Controversial ဖြစ်နေပြီး တစ်ခါတစ်ရံ hostile Attitude ရှိနေသည့် တရုတ်၊ ရုရှားကဲ့သို့ နိုင်ငံကြီးများလည်း ၀ါရှင်တန်လော်ဘီများကို ငှားရမ်းပြီး အမေရိကန်အစိုးရနှင့် နီးစပ်အောင်ကြိုး စားခဲ့ကြဖူးသည်။ သို့ရာတွင် ဒုံရင်းဒုံရင်းပါပဲ။ အခကြေးငွေပေးပြီး လော်ဘီနှင့် ချဉ်းကပ်တိုင်းသာ ရမည်ဆိုလျှင် အမေရိကန်အစိုးရသည် အရေးကြုံလာလျှင် “I am American. ငါက အမေရိကန်ကွ”” လို့ရင်ကော့ပြီ ပြောရဲ သည့် နိုင်ငံသားတိုင်း အားကိုးလောက်သည့်အစိုးရ ဖြစ်လာမည် မဟုတ်ချေ။ အမှန်တော့ Podesta အုပ်စု သည် အမေရိကန်အစိုးရနှင့် ကော်ပိုရေးရှင်းများကို ကိုယ်စားပြုသည်မှန်သော်လည်း ဒီမိုကရက်ပါတီ အိုဘား မားအစိုးရနှင့်သာ ရင်းနှီးကျွမ်းဝင်သည့် ဆက်ဆံမှုမျိုး ရှိပါသည်။

၂၀၀၇ ခုနှစ်တွင် သူ၏လုပ်ဖော်ကိုင်ဖက်များက ၀ါရှင်တန်၏ တတိယသြဇာတိက္ကမအကြီးဆုံး လော်ဘီတစ်ဦး အဖြစ် သတ်မှတ်ခံရသည့် အဖွဲ့အစည်းဥက္ကဋ္ဌ Tony Podesta သည် ၂၀၁၁-ခုနှစ်တွင် အဖွဲ့အစည်း၏ ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

Podesta group ကို အားပေးနေကျ ဖောက်သည်အဖွဲ့အစည်းနှင့် နိုင်ငံများမှာ Wal-Mart , BP နှင့် Lockheed Matin , Abdisalam Omer, American Coalition for Clean Coal Electricity (မလွတ်မကင်း ပစ္စည်းများ မပါဝင်သည့် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် အမေရိကန်အဖွဲ့အစည်း), Amgen , Bank of America , Chero kee Nation(Casinos), C intas , Covidien, Duke Energy, Egypt, genentech , general Dynamics, Harrah Enterlaion ment, Heineken , Merck , Michelin, National Assciation of BroadCasters (NAB), National Public Radio(NPR) Neslle, Novartis, Orauge County, Florida, Raytheon, Reed Elsevier, Republic of Albania, Republic of georgia, Sallie Mae, Sunoco, Synthetic genonis, TJX Companies, Tyco Electro-nics, Republic of Kenya. နှင့် United Technologies စသည်တို့ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် Superlobbyists အဖြစ် သတ်မှတ်ခံရသည့် Podesta group သည် ဒီမိုကရက်ပါတီအတွက် ရွေးကောက် ပွဲအောင်နိုင်ရေး ကမ်ပိန်းများမှာလည်း အခကြေးငွေယူ၍ ဆောင်ရွက်ပေး လျက်ရှိသည်။ မကြာခင် မှာပဲ Iraq နိုင်ငံအတွက် လော်ဘီလုပ်ပေးရန် နှစ်ဖက်သဘောတူ စာချုပ်များချုပ်ဆိုကြဖို့ အလွန်နီးကပ်သေ ချာနေပြီဖြစ်သည်။ အီဂျစ်သမ္မတဟောင်း ဟော့စနီမူဘာရက် (Hosni Mubarak) သည်လည်း Podesta group) ကို ဈေးကြီးပေး ငှားရမ်းအကျိုးဆောင် ခိုင်းစေခဲ့သည်။ ဖောက်သည်ဟောင်းကြီး တစ်ဦးဖြစ်သည့် အီဂျစ်သမ္မတ၏ လူ့အခွင့်ရေးချိုးဖောက်မှုများကို သက်သာအောင်ကုစားရာတွင် အမေရိကန်အစိုးရနှင့် မူဘာ ရက်အစိုးရကြား တစ်ဖက်နှင့်တစ်ဖက် ပိုမိုနားလည်စေရေး (ယခုမြန်မာအစိုးရ လုပ်နည်းကားမျိုး) Podesta group ကို ပုဏ္ဏားတိုင်ထားပြီးဆောင်ရွက်စေခဲ့သည်။ ယခုလည်း လူ့အခွင့်ရေးပေါင်း စုံ ချိုးဖောက်နေသည်ဟု သတ်မှတ်ခံထားရသည် အီရတ်နိုင်ငံဝန်ကြီးချုပ် နိုရီအယ်(လ်)မာလီကီသည်လည်း မကြာခင်မှာပဲ သူ၏ ပထမ ဦးဆုံး လော်ဘီအဖွဲ့အစည်းအဖြစ် Podesta group ကို ငှားရမ်းတော့မည်ဖြစ်သည်။

ရာထူးမှပြုတ်ကျပြီး ပြည်ပြေးဘ၀ ရောက်ရှိနေသည့် ယူကရိန်သမ္မတဟောင်း ယာနူကိုဗစ်ခ်ျ (yanukovich) ကို ထောက်ထားစာနာစွာဖြင့် ဘရပ်ဆဲလ်မြို့အခြေစိုက် European Centre for Modern Ukraine က ယူကရိန်း နိုင်ငံအတွက် ယခုကဲ့သို့မျိုး လော်ဘီအလုပ်ကိုလွန်ခဲ့သည် ၂ နှစ်က အမေရိကန်ဒေါ်လာ ၉ သိန်းနှင့် သဘော တူစာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ပြီးဖြစ်သည်။ တစ်ဆက်တည်းမှာပဲ Podesta group သည် ယခင်ဆိုဗီယက် အုပ်စု ၀င် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုခွဲထွက်လာသည့် အဇာဘိုင်ဂျန်နိုင်ငံအတွက် အသုံးစရိတ်များအပါ အ၀င် တစ်လ လျှင် အမေရိကန်ဒေါ်လာ ၆၀၀၀၀ဖြင့် အကျိုးဆောင် (Lobbying) ပေးလျက်ရှိသည်။ လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့အစည်းများ၏ အစီရင်ခံစာအရ အဇာဘိုင်ဂျန် (Azerbaijan) အစိုးရသည် ၂၀၁၄ ခုနှစ် နှစ် လယ် လောက်ကစပြီး လွတ်လပ်သော နိုင်ငံရေးပါတီများ၊ ပြည်သူ့ထုတ်ဖော်ပြောဆိုမှုများကို အစိုးရ အာဏာပိုင်များက ပိတ်ပင်တားဆီးဖြိုခွင်းမှုများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည် ဟုဆိုသည်။ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူများ၊ လူ့အခွင့်ရေး ကာကွယ်စောင့်ရှောက်သူများ၊ ဂျာနယ်လစ်များအပါအ၀င် လူပေါင်း ၄၀ ခန့်ကို အဇာ ဘိုင်ဂျန်အစိုးရက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ အခွန်ရှောင်မှုနှင့်အတူ နိုင်ငံတော် သစ္စာဖောက်မှုများဖြင့် အကွက်ဆင်ထောင်သွင်း အကျဉ်းချလျက် ရှိနေသည်။

သို့ဆိုလျှင် မည်သည့်နိုင်ငံ၊ မည်သည့် အစိုးရက မည်သည့်အခြေအနေတွကြောင့် Podesta group ကို ချဉ်း ကပ်ရသည်ဆိုသည့် အချက်ကို သိလောက်ပြီဖြစ်ပါလိမ့်မည်။

မောင်မြား

● ကိုးကား

၁။ နေ့စဉ်ထုတ်သတင်းစာနှင့်အပတ် စဉ်ထုတ်ဂျာနယ်များ

၂။ Podesta group, INC (From wikipedia the free eneyclopedia)

၃။ Podesta group . com
 
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
● ၂၂-၆-၂၀၀၆ နေ့ထုတ် ကြေးမုံသတင်းစာတွင် “ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီ များအား ဆန့်ကျင်ကြ” ပြည်သူ့သဘောထား ဖော်ပြထားစဉ်

 
 
 

No comments:

Post a Comment