Thursday, May 14, 2015

မြန်မာ့ဂုဏ်ရောင်မြေနေရာအတွက် ပိုင်ရှင်များ နစ်နာကြေးရရေး ဒုတိယအကြိမ် ညှိနှိုင်းမှု အဆင်မပြေ

ရန်ကုန်၊ မေ ၁၃။        ။ မြန်မာ့ဂုဏ်ရောင်အိမ်ရာအတွက် အိမ်ရာဆောက်လုပ်ထားသည့် ဝါဝါဝင်း ကုမ္ပဏီအား မူလ မြေပိုင်ရှင်များက မြေယာလျော်ကြေး၊ နစ်နာကြေးများ ရရှိရန် မေ ၁၃ရက်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ အိုးအိမ်ဦးစီးဌာနရုံးတွင် ညှိနှိုင်းသော်လည်း ပြေလည်မှု မရရှိဘဲ ဇွန်လအတွင်း ထပ်မံဆွေးနွေး ရမည်ဖြစ်သည်။

ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ အိုးအိမ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝါဝါဝင်း ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြေနေရာ ပိုင်ရှင်များ၏ ကိုယ်စားလှယ်များ တက်ရောက်ညှိနှိုင်းခဲ့သည်။

မူလမြေပိုင်ရှင်များက မြန်မာ့ဂုဏ်ရောင်အိမ်ရာဝင်းအတွင်း မြေလွတ်မြေလပ်များ နှင့် အဆင့်မြင့်အိမ်ရာ အခန်းလွတ်များ စိစစ်ရေးကော်မတီ၏ ၂၀၁၄ခုနှစ် ဇူလိုင် ၂၄ရက်ပါ အစီရင်ခံစာကို တင်ပြကာ အစီရင်ခံစာပါအတိုင်း လွတ်လပ်နေသည့် နေရာများအတွက် အိုးအိမ်ဦးစီးဌာနက မည်သို့အသုံးပြုသွားမည် နှင့် စီမံကိန်း ပြီးသည်အထိ ဆောင်ရွက်ခြင်း မရှိသေးသည့် မြေနေရာများကို မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက တတ်သိ ကျွမ်းကျင် ပညာရှင် များနှင့်မြေ အသုံးချမှု မှန်ကန်ခြင်း ရှိ၊ မရှိ စစ်စစ်ကာ နစ်နာသူများကို ပြန်လည်ပေးအပ်ရန် ညှိနှိုင်းပြောဆိုခဲ့သည်ဟု နစ်နာမှု ဆောင်ရွက်ပေးရေး ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးတင့်လွင်က ပြောသည်။

မြေလွတ်မြေလပ်များ နှင့် အဆင့်မြင့်အိမ်ရာရှိ အခန်းလွတ်များ စိစစ်ရေးကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးတင်ဌေးက “စစ်တပ်က တန်းလျားဆောက် မယ်ဆိုပြီး သိမ်းပြီးတော့ ကုမ္ပဏီကို ဆောက်လုပ်ခွင့်ပေးလိုက်တယ်၊ကုမ္ပဏီကလည်း တကယ်အကျိုးအမြတ်ရပြီးပြီ။ နစ်နာသူပြည်သူကလည်း တကယ်နစ်နာ ခဲ့ပြီ။ ခုလို ပွင့်လင်းမြင်သာတဲ့ခေတ်မှာ ဒီလို နစ်နာသူတွေအတွက် တကယ်အကောင်အထည်ဖော် ဆောင်ရွက်ပေးစေချင်ပါတယ် ”ဟု ဆိုသည်။

ဗိုလ်မှူးကြီးတင်ဝင်းက "နှစ်ဦးနှစ်ဖက်ကြား အဆင်ပြေအောင် ဝင်ပြီးညှိနှိုင်းပေးနေတာပါ။ ခြောက်လပိုင်းကျရင် မကျေလည်တာတွေ ထပ်ပြီးဆွေးနွေးဦးမယ်” ဟုဆိုသည်။

ဝါဝါဝင်းကုမ္ပဏီ အထွေထွေမန်နေဂျာ ဒေါ်စန်းစန်းဝင်းက "အခုဒီကိစ္စကပြောရရင် သူတို့က မြေလွတ်နေရာလွတ်ရှိတယ်ပြောတယ်။ ကျွန်မတို့ဘက်က အကုန်ရောင်းပြီးသွားပြီ။ အမည်ပေါက်မပြောင်းရသေးတာပဲရှိတယ်။ နောက်တစ်ခေါက် ထပ်ညှိနှိုင်းလည်း ဒီတိုင်းပဲပြောရ လိမ့်မယ်”ဟုဆိုသည်။

၁၉၉၄ ခုနှစ်တွင် တပ်မတော်ရေတပ်က စစ်တန်းလျား တည်ဆောက်ရန်အတွက် မြန်မာ့ဂုဏ်ရောင်ရပ်ကွက်ရှိ အိမ်ခြေ ၇၇၁ လုံး ကို ဖယ်ရှားပြီး ဒဂုံမြို့သစ် ဆိပ်ကမ်းရှိ ၈၈ ရပ်ကွက်တွင် ပေ ၂ ၀x ၆၀ မြေတစ်ကွက်လျှင် ကျပ် ၆၅၀၀ ဖြင့် ပြန်လည်ချထားပေးခဲ့ခြင်းဖြစ်ပြီး မြေနေရာဖယ်ပေးရသူများက  ၂၀၁၄ခုနှစ် ဇန်န၀ါရီ ၃၀ရက်တွင် စတင်သပိတ်မှောက်ခဲံကြပြီး  ဧပြီ ၁ရက်တွင် သပိတ်စခန်းပိတ်ခဲ့ပြီး ကုမ္ပဏီ နှင့် မူလပိုင်ရှင်တို့ ၂၀၁၄ ဧပြီ ၄ရက်က ပထမအကြိမ် ရန်ကုန်မြို့တော် စည်ပင် အစည်းဝေးခန်းမ၌ ညှိနှိုင်းခဲ့သော်လည်း မပြေလည်ခဲ့ပေ။


Credit - Mizzima News

No comments:

Post a Comment