Sunday, May 10, 2015

ပြည်ခိုင်ဖြိုးအသင်းမှ ပြောင်းရန်လျာခဲ့ထားသည့် ပါတီအမည်ဖြင့် သမ္မတအကြံပေး တည်ထောင်သည့်ပါတီနှင့် ရှောင်ရှား ရန် နိုင်ငံရေးလောက – မောင်ရေစက်

 ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်သုံးသပ်ခဲ့သည့် စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူး ရောဂါ၊ အချောင်သမားရောဂါ၊ သူလျှိုဒလံရောဂါ၊ အကျင့်ပျက် ရောဂါများသည် အာဏာရပြည်ခိုင်ဖြိုး ပါတီ နိုင်ငံရေးလောက၌ ရှိနေ …

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဒုတိယဗိုလ်ချုပ်ကြီး စစ်ဝတ်တန်ဆာ အဆောင်အယောင်ဖြင့် တက်ရောက်ကာ စစ်ဗိုလ်ချုပ်ဟောင်းများ တည်ထောင်ထားသော ပါတီများကို အားတက်စေခဲ့ . . .

ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်း ဗဟိုအလုပ်အမှုဆောင်များနှင့် မကျေလည်သော သမ္မတရုံးဝန်ကြီး များကြောင့် သြဇာအာဏာ ကျဆင်းလာသော သမ္မတဦးသိန်းစိန်၏ ၂၀၁၅ နိုင်ငံရေး သြဇာ တည်ဆောက်ရန် ယခုကဲ့သို့ သမ္မတအကြံပေးက နိုင်ငံရေးပါတီတစ်ရပ် ထူထောင်လိုက်ခြင်း …

အနယ်နယ်အရပ်ရပ် လူထုဆန္ဒပြမှုများနှင့် အကြမ်းဖက်နှိမ်နင်း ခံရသော ပြည်သူလူထု များ၊ ကျောင်း သားများ၊ အလုပ်သမားများ၊ လယ်သမားများတို့နှင့် ဆန့်ကျင်ဘက် အသွင်ဖြစ်နေသော သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ အပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ပြင်းပြင်း ထန်ထန် ဝေဖန်ပြောကြားမှုများ ရှိလာခဲ့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဧပြီလကုန်ပိုင်းတွင် သမ္မတဦးသိန်းစိန်၏ အကြံပေးတစ်ဦးဖြစ် သူ ဒေါက်တာနေဇင်လတ် (စစ်ဗိုလ်ဟောင်း) ဦးဆောင် သည့် နိုင်ငံရေးပါတီတစ်ရပ် ဖွဲ့စည်းကြောင်း၊ ပါတီ ဥက္ကဋ္ဌလုပ်မည့် ဒေါက်တာနေဇင်လတ်ကို သမ္မတအကြံပေး အဖြစ်မှ နုတ်ထွက်ခွင့် ပြုလိုက်ခြင်း သတင်းများ ရေးသားထွက်ပေါ် လာခဲ့သည်။ ပြည်ခိုင်ဖြိုး ပါတီအတွင်း ထိပ်တန်း ဗဟိုအလုပ်အမှုဆောင်များနှင့် မကျေလည်သော သမ္မတရုံး ၀န်ကြီးများကြောင့် သမ္မတဦးသိန်းစိန်၏ ပါတီအပေါ် သြဇာအာဏာ ကျဆင်းလာသော အခြေအနေများအတွက် သမ္မတ ဦးသိန်းစိန်၏ ၂၀၁၅ နိုင်ငံရေးသြဇာ တည်ဆောက်ရန် သီးခြားပါတီ တစ်ရပ် ဖြစ်ပေါ်လာနိုင်ခြေ နိုင်ငံရေး သုံးသပ်ချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန် အကြံပေးက နိုင်ငံရေးပါတီတစ်ရပ် ထူထောင်လိုက်ခြင်း ဖြစ်သည်။

သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်သည် သမ္မတဦးသိန်းစိန်နှင့် လက်ရှိ နိုင်ငံရေး နယ်ပယ်တွင် အရင်းနှီး ဆုံးဖြစ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ဂျာနယ်ဟု လူသိများသော Messenger ဂျာနယ် (ဦးတင်အေး၏သား ပိုင်ဆိုင်ဦးဆောင်)နှင့် ဦးကိုကို (စက်မှု)၏ ရန်ကုန်မီဒီယာဂရု(ပ်) တို့တွင် ပင်တိုင်ဆောင်းပါးများ ရေးသား လျက်ရှိပြီး ရွေးကောက်ပွဲ ကော်မရှင်သို့ ၎င်း၏ ပါတီ မှတ်ပုံတင်ထားဆဲ ကာလမှာပင် မေလပထမ အပတ်ထုတ် အဆိုပါ Messenger ဂျာနယ်၌ ဒေါက်တာနေဇင်လတ်ကို ၎င်းတည် ထောင်မည့် ပါတီခေါင်းဆောင် တစ်ဦးအနေဖြင့် အင်တာဗျူး အကျယ်တ၀င့် ရေးသား ဖော်ပြပေးခဲ့သည်။

ဒေါက်တာနေဇင်လတ် တည်ထောင်သည့် နေရှင်နယ်ပါတီ (အမျိုးသားပါတီ)သည် တစ်ချိန်က ပြည်ခိုင်ဖြိုး အသင်း ပါတီအမည်ပြောင်းလဲရန်အတွက် သတင်းထွက်ပေါ်ခဲ့သော အမည်ပင်ဖြစ်သည်။ တပ်မတော် အစိုးရ လက်ထက် အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်သော ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် (ယခုသမ္မတ) ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသည့် ညောင်နှစ်ပင် အမျိုးသားညီလာခံ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူများ အလွှာအသီးသီး ကိုယ်စားလှယ်များအဖြစ် ပါဝင် တက်ရောက်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုနိုင်ခဲ့ရာ ယင်းအခြေခံဥပဒေအရ ရွေးကောက် ပွဲဝင်ရန် အတွက် ထိုစဉ်က အမျိုးသားရေး အသင်းကြီးအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ထောင်ပေးခဲ့သော ပြည်ခိုင်ဖြိုးအသင်းကို ပါတီသို့ အသွင်ကူးပြောင်းရေး အပြင်းအထန် လှုပ်ရှားခဲ့ကြသည်။

နိုင်ငံရေးပါတီအဖြစ် ရင့်ကျက်သော နိုင်ငံရေး အတွေးအခေါ် အယူအဆလုပ်ငန်းစဉ်များ ဆောင်ရွက် နိုင်ရေး အတွက် နှစ်ပေါင်းများစွာ ရပ်တည်လျက်ရှိသည့် တစညနှင့် NLD ပါတီတို့ကို ယှဉ်ပြိုင်နိုင်ရန် တပ်မတော် အစိုးရ နှစ်ပေါင်း ၂၀ ကာလအတွင်း အမျိုးသားရေး အသင်းကြီးအဖြစ် တပ်မတော် အရာရှိကြီးများ၊ တပ်မတော်မှ အငြိမ်းစားပေးခြင်း ခံရသော စစ်ဗိုလ်ချုပ်များ၊ ၀န်ကြီးများအား ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခန့်အပ်လျက် နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းများ ဆောင် ရွက် စေခဲ့ခြင်းဖြစ်သည်။ ထိုအထဲတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (ယခုတစည) တွင် ဗဟိုအဆင့် ပါဝင်ခဲ့သော နိုင်ငံရေး၊ စည်းရုံးရေး၊ သဘောတရားရေးရာပိုင်းဆိုင်ရာ ပိုင်နိုင်သည့် ဗိုလ်မှူးကြီး(ငြိမ်း) ဦးအောင်သောင်း ကဲ့သို့သော ပုဂ္ဂိုလ်များအား ပြည်ခိုင်ဖြိုးအသင်းမှ ပါတီသို့ ပြောင်းလဲသည်အထိ အရေးပါသောနေရာမှ ပါဝင် စေခဲ့သည်။

တပ်မတော် ထောက်လှမ်းရေး အဖွဲ့များအား အရေးယူပြီးနောက် တစ်ခုတည်းသော ““အမျိုးသားရေး အသင်းကြီး”” အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သတ်မှတ်ထားသည့်““ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း””တွင် ပါဝင်သူများအား ယုံကြည်လျက် သတင်းထောက်လှမ်းရေး အတတ် ပညာများကို မှော်ဘီ ဗဟိုသင်တန်းကျောင်း၊ ညောင်နှစ်ပင် ဗဟိုသင်တန်းကျောင်း (အမျိုးသားညီလာခံ ကျင်းပသည့်နေရာ)၊ ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးဌာနချုပ် (တက္ကသိုလ်ရိပ်သာလမ်းသစ်/ ယခုရောင်းချထား)တို့တွင် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခဲ့သည်။

သတင်းထောက်လှမ်းရေး အတတ်ပညာ သင်တန်းများ ကို ပြည်ခိုင်ဖြိုးဌာနချုပ်တွင် အခြေခံ သတင်းစာပညာ သင်တန်း၊ ပြည်သူ့ဆက်ဆံရေးနှင့် သုတစီမံသင်တန်းများအဖြစ် သင်ကြားပေးခဲ့ရာ ဗိုလ်ချုပ် အောင်မင်း (နောင်ဗိုလ်ချုပ် ရာထူးမှ အငြိမ်းစားပေးခြင်းခံရပြီး သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဖြစ်)ဦးဆောင်၍ တပ်မတော် အရာရှိများ၊ တက္ကသိုလ်မြတ်သူ၊ တက္ကသိုလ်တင်ခ အစရှိသည့် အစိုးရသတင်းစာဆရာများ ပါဝင်သင်ကြား ပေးခဲ့ကြသည်။ ထို့နောက် ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးဌာနချုပ်တွင် ၀န်ကြီး ဦးအောင်မင်း တာဝန်ခံသော ပြည်သူ့ ဆက်ဆံရေးဌာနမှ အနယ်နယ်အရပ်ရပ် ကြံ့ခိုင်ရေးများ ပေးပို့သော သတင်းများအား တပ်မတော် အကြီးအကဲ များသို့ တင်ပြခြင်းနှင့်အတူ အထက်မြန်မာပြည် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ပြည်ခိုင်ဖြိုးဗဟိုအတွင်း ရေးမှူး ဦးအောင်သောင်း (ယခု ပါတီဗဟို အတိုင်ပင်ခံ) ဖွဲ့စည်းသည့် ပြည်သူ့ ဆက်ဆံရေးဌာနမှ နိုင်ငံတော် အကြီးအကဲများသို့ နေ့စဉ်သတင်းများ တင်ပြခြင်း လုပ်ငန်းများဖြင့် ပြည်ခိုင်ဖြိုး တာဝန်ရှိသူ အောက်ခြေ အသင်းဝင်များသည် လစာရိက္ခာ မရရှိဘဲ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တက်တက်ကြွကြွ ပါဝင်ခဲ့ကြ သည်။

အဆိုပါ တာဝန်များသည် တာဝန်ခံဝန်ကြီးများ ပြောကြားချက်အရ တစ်ချိန်တွင် ပါတီ ထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရမည်နှင့် ထိုစဉ်က ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစိုးဝင်း (၀န်ကြီးချုပ်) ကိုယ်တိုင် ထောက် လှမ်းရေး ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ဘဏ်သို့ ထည့်သွင်း ပေးထားကြောင်း ၀န်ကြီး ဦးအောင်မင်း သင်တန်း ပို့ချချက်များအရ ဂျိမ်းစ်ဘွန်း မင်းသားကဲ့သို့ ပြည်ခိုင်ဖြိုး ထောက်လှမ်းရေးများ ငွေဖောဖောသီသီ သုံး၍ တာဝန် ထမ်းဆောင်နိုင်မည် ဆိုခြင်းကြောင့် ပြည်ခိုင်ဖြိုး သတင်းစာပညာ သင်တန်းဆင်းများ အလွန် တရာ တက်ကြွခဲ့ကြသည်။ ပြည်ခိုင်ဖြိုး သတင်းစာပညာ သင်တန်းဆင်းများက အထက်သို့ နယ်မြေသတင်းများ တင်ပြမှု လွန်ကဲ၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ စည်းရုံးရေးမှူးတစ်ဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီး ခရိုင်နှင့် မြို့နယ်များတွင်လည်း မသမာသော အတွင်းရေးမှူးများနှင့် သတင်းတာဝန် ထမ်းဆောင်သူများအကြား ပြဿနာများ ဖြစ်ပွားလာခဲ့သည်။ အဆိုပါ ပြဿနာများမှာ ၀န်ကြီးဦးအောင်မင်း တိုက်ရိုက် ကိုင်တွယ်သော ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးဌာနချုပ်မှ ကွပ်ကဲသည့် နေရာများတွင် ဖြစ်ပွားပြီး အထက် မြန်မာပြည် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးဦးအောင်သောင်း တိုက်ရိုက် ကွပ်ကဲသော ဒေသများတွင် ပြဿနာရပ်များ လွန်စွာနည်း ပါးခြင်းတို့ကို တွေ့ရှိရသည်။

အဆိုပါ တာဝန်ခံရသည့် ၀န်ကြီးဗိုလ်ချုပ်အောင်မင်းနှင့် ၀န်ကြီးဦးအောင်သောင်းတို့သည် အနယ်နယ်အရပ်ရပ် သတင်းဖြစ်စဉ်များအား တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ တိုက်ရိုက်တင်ပြ အစီရင်ခံခွင့် ရရှိခဲ့ကြရာ ၀န်ကြီးဦးအောင်မင်း၏ သတင်းစာပညာ သင်တန်းပို့ချချက်တွင် ““ဗိုလ်ချုပ်မှူးကြီး အခန်းထဲကို ၀င်သွားပြီး ပြန်ထွက်လာတော့ အပြင်မှာ ရှိတဲ့ဝန်ကြီးတွေက ဒီကောင်တော့ ဘာတွေ ထောင်သွားပြန်ပြီလဲ မသိဘူး။ အဲဒီလို အကြည့်နဲ့ ကြည့်တာခံရတယ်””စသည်ဖြင့် စစ်ဗိုလ်ချုပ်ဟောင်း ၀န်ကြီးများ အချင်းချင်း ၀ိရောဓိ အခြေအနေတစ်ရပ်ကို ထုတ်ဖော် ပြောကြားခဲ့သည်။

တပ်မတော် အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ် ပြောင်းလဲချိန်၌ အရပ်သား အစိုးရအဖွဲ့ တာဝန်ယူရန် တပ်မတော် အရာရှိ တော်တော်များများကို တပ်မတော် တာဝန်များမှ အငြိမ်းစားပေးလိုက် ရာတွင် ပါဝင်သော စစ်ဗိုလ်ချုပ်ဟောင်းများအတွင်း မကျေလည်မှုများ၊ အချင်းချင်း ၀ိရောဓိများ၊ သဘောထား မတူညီမှုများ စသည်ဖြင့် ရှိလာခဲ့ကြသည်ကို လက်ရှိနိုင်ငံရေး အခြေအနေများက သက်သေထူလျက် ရှိပေ သည်။ တပ်မတော် အစိုးရကာလတစ်လျှောက် ဖိနှိပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ယှဉ်ပြိုင်နိုင်ရေးအတွက် တပ်မတော် ထောက်ခံမှုဖြင့် ပြည်ခိုင်ဖြိုးပါတီအသွင် အာဏာရယူ ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကွက်ကျကျ ကြိုတင်စီစဉ်ခဲ့ရာ တစ်ခုတည်းသော လွဲမှားမှုကပင် ယနေ့တိုင် အမှားသံသရာ လည်ပတ်ခဲ့ရသည်မှာ လူထု အော့နှလုံးနာနေသော ပုဂ္ဂိုလ်များ ပါဝင်နေသည့် ပြည်ခိုင်ဖြိုး အသင်းကို နာမည်မပြောင်းဘဲ ပြည်ခိုင်ဖြိုးပါတီဟု တိုက်ရိုက် အမည်ပြောင်းခဲ့ခြင်း အခြေအနေ တစ်ခု ဖြစ်ပေသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြီးနောက် အမျိုးသားရေး အသင်းကြီး ဖြစ်သော ပြည်ခိုင်ဖြိုး အသင်းကို ပါတီအမည်ပြောင်းရန်အတွက် လျာထားရာတွင် National Party (အမျိုးသားပါတီ) ပါဝင်ကြောင်း ပြည်ခိုင်ဖြိုးဌာနချုပ်မှ သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ နှစ်ပေါင်း ၂၀ ခန့် လူထုအတွင်း စည်းရုံးရေး တည်ဆောက် ထားနိုင်ခဲ့ပြီးဖြစ်ဟူသော ယူဆချက်ဖြင့် အသင်းကိုပင် ပါတီဟုသာ ပြောင်းလဲဖွဲ့စည်းရန် လမ်းညွှန် စကားတစ်ခွန်းဖြင့်ပင် ကြိုတင်စဉ်းစား ထားခဲ့ကြသော National Party ကို (အမျိုးသားပါတီ) ပါတီသီးခြား အမည်ဖြင့် သက်ကြီးပိုင်းလူကြီးများက ပါတီသို့ ပြောင်း၍ လူငယ်ပိုင်းက အမျိုးသားရေး အသင်းကြီးဖြစ်သော ပြည်ခိုင်ဖြိုးအသင်း၌ ပင်ကျန်ရစ်ပြီး ပါတီကို Supporting လုပ်ပေးရမည့် အခြေအနေများအားလုံး ပျောက် ကွယ်သွားခဲ့သည်။ ဤသည်မှာ ဗဟိုအလုပ်အမှုဆောင် ထိပ်ပိုင်းမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အခြေအနေမှန်ကို မတင်ပြခဲ့သည့် အတွက်ကြောင့် ပြည်ခိုင်ဖြိုးအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူထုထောက်ခံမှု အမှန်တကယ် ရရှိနေသည်ဟု ထင်မှတ်မှားသွားခဲ့ရ သည်။ နောက်ပိုင်း ပြည်ခိုင်ဖြိုးနှင့် ပတ်သက်၍ အသင်းဝင် အင်အားမရှိဘဲ ၂၄ သန်းကျော် စာရင်းပြထားသည့် ကိစ္စအပါအ၀င် လူထုမနှစ်မြို့သော အခြေအနေများနှင့် ဗဟိုမှ အလိမ်ခံရသော ကိစ္စများအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သိရှိသွားကြောင်း လက်ရှိ ပါတီဗဟိုအတိုင်ပင်ခံ အချို့က မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားခဲ့သည်။

ယခုအခါ သမ္မတဦးသိန်းစိန်သည် ပါတီခေါင်းဆောင်ဟု ဆိုသော်လည်း ပါတီတာဝန် မထမ်းဆောင် ရ၍ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေချိန် သမ္မတသက်တမ်းအတွင်း အာဏာရပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍနှင့် သမ္မတရုံး ၀န်ကြီးများ၏ အစိုးရ အဖွဲ့အပေါ် ဦးဆောင်နေသော အခြေအနေများမှာ လွန်စွာ ကွဲပြားလာခဲ့သည်။ အနယ်နယ် အရပ်ရပ် လူထုဆန္ဒပြမှုများနှင့် အကြမ်းဖက် နှိမ်နင်းခံရသော ပြည်သူလူ ထုများ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများတို့နှင့် ဆန့်ကျင်ဘက် အသွင်ဖြစ်နေသော သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့အပေါ် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ပြင်းပြင်း ထန်ထန် ဝေဖန်ပြောကြားမှုများ ရှိလာခဲ့သည်။ သမ္မတဦးသိန်းစိန်နှင့် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင် တို့ကိုပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဆန်းဆင့်အား အရေးယူ ဖမ်းဆီး ထောင်ချပြီး ဘွဲ့တံဆိပ်နှင့်နှစ် ၄၀ တပ်မတော် ပင်စင်လစာများကိုလည်း ရပ်ဆိုင်းခဲ့ကာ ၎င်းတို့ကို ဝေဖန် ရေးသားနေသည့် မြန်မာသံတော်ဆင့်အပါအ၀င် သတင်းစာဂျာနယ်များကိုလည်း သမ္မတဦးသိန်းစိန် အစိုးရက အမျိုးမျိုးသော ပုဒ်မများတပ်၍ တရားစွဲ အရေးယူ ဆောင်ရွက်လျက် ရှိပေသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီး-ငြိမ်း) က ““အတွင်းစည်းကိစ္စတွေ ဖြစ်ပါတယ်။ သမ္မတလူကြမ်းအဖွဲ့ လို့ ရေးတဲ့အခါကျတော့ ခံနိုင်မယ်လို့ မထင်ပါဘူး။ အာဏာရအောင်တည် ဆောက်တယ် ဆိုတာလည်း လူ့ရဲ့သဘာဝအရ အမှန်ပဲ”” ဟူ၍ မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ကျင်းပသော မြန်မာသံတော်ဆင့် ၃နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာတွင်လည်း သူရဦးရွှေမန်းက-

““စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်ဟု တရားဝင်ခေါင်းစဉ် မတပ်ထားသော်လည်း စစ်ထွက်များ၊ စစ်ဗိုလ်ချုပ်များ၏ လက်ဝယ်၌ပင် အာဏာအရပ်ရပ်က ရှိနေသေးကြောင်း၊ ““လူ”” မပြောင်းသကဲ့သို့ ““မူ””ကလည်း စစ်အာဏာရှင် အငွေ့အသက် မကင်းကြောင်း၊ ““မူ””ဟုဆိုရမည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်ထောင်စု၏ ညီညွတ်ရေးကို အာမခံချက် မပေးနိုင်ကြောင်း၊ ဒီမိုကရေစီစံနှုန်းများ နှင့် ညီညွတ်မှုမရှိသော ပြဋ္ဌာန်းချက်များ၊ စစ်မှန်သည့် ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတားဖြစ်နေ သော ပြဋ္ဌာန်း ချက်များနှင့် နိုင်ငံသားများ တန်းတူညီမျှမှုကို အကာအကွယ်ပေးနိုင်ခြင်း မရှိသည့် ပြဋ္ဌာန်းချက်များမှာ ညီညွတ်ရေးအတွက် အတားအဆီးများဖြစ်ကြောင်း၊ နိုင်ငံသားချင်းအတူတူ အာဏာ၊ လက်နက်အားကိုးဖြင့် အခွင့်အရေး ပိုမိုလွန်ကဲစွာ ရယူထားသူများနှင့် ရယူရန် ခွင့်ပြုထားသော ဥပဒေများ ရှိနေသမျှ ကာလပတ်လုံး ညီညွတ်ရေးကို ရရှိနိုင်မည် မဟုတ်ကြောင်း၊ လူလည်းမကောင်း၊ မူလည်း မကောင်းသော တိုင်းပြည်၌ စားဖားများ ညီညွတ်ရေးကိုသာ ရနိုင်လိမ့်မည်ဖြစ်ကြောင်း …

ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်သော တန်းတူညီမျှမှုကို အာမခံချက်ပေးနိုင်သော အခြေခံဥပဒေ ဖြစ်လာမှသာ အမုန်းတရားများ ကင်းပ၍ ညီညွတ်မှု ရှိလာကြပေလိမ့်မည်ဖြစ်ကြောင်း၊ သို့မှသာစစ်မှန်၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း …”” အတိအလင်း ဖော်ပြ ထားခဲ့သည်။

လက်ရှိ တပ်မတော်နှင့် စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်နေသော ပြည်ခိုင်ဖြိုး ပါတီတို့အကြား ကတိက၀တ် ရှိကြောင်း၊ ကာလအတိုင်းအတာ ရှည်လျားမည်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ အောင်နိုင်ရေးအတွက် အစီအမံများစွာ ရှိကြောင်း မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည့် ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ပြည်ခိုင်ဖြိုးပါတီ အစိုးရနှင့် တာဝန်ရှိသူ အချို့၏ မလျော်ကန်သော လုပ်ရပ်များနှင့် နိုင်ငံရေး လုပ်ငန်းစဉ်အပေါ် စိတ်တိုင်းမကျသော အချက်များရှိကြောင်း၊ ယခုနောက်ပိုင်း လူထုမနှစ်မြို့သော အစိုးရ၏ လုပ်ဆောင် ချက်များအပေါ် ပါတီအနေဖြင့် မထိန်းကျောင်းနိုင်တော့ကြောင်း ပြောကြားခဲ့ခြင်းများ၊ သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း (ဒုဗိုလ်ချုပ်ကြီး၊ ကာချုပ်(ရေ) တာဝန်မှ အနားပေးခြင်းခံရပြီး ၀န်ကြီးဖြစ်လာသူ)က ၎င်းတို့ကို ဝေဖန်လျှင် ဟက်လိုင်နာ (အမာဂိုဏ်း) ဖြစ်ကြောင်း ပြောကြား ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ၎င်းအနေဖြင့်ပါတီ၏ သဘောတရား ရေးရာများကို ဦးစိုးသိန်းသို့ အကျယ်တ၀င့် မသင်ကြားခဲ့ရကြောင်း၊ ကလေးအရွယ်ပင်ဖတ်၍ နားလည်သော ပါတီစည်းမျဉ်း စာအုပ်ငယ်ကိုသာ ပေးခဲ့ကြောင်း၊ ဗဟို အတိုင်ပင်ခံ ဦးတင်ထွတ် (တိုင်းမှူး/ဗိုလ်ချုပ်-ငြိမ်း) ကလည်း ပါတီတွင် စစ်အလေ့ အထရောဂါ၊ အာဏာငမ်းရူးရောဂါ၊ အချောင်သမားရောဂါ၊ သူလျှိုဒလန်ရောဂါ၊ အကျင့်ပျက်ရောဂါ တည်းဟူသော သူငယ်နာ ၅ မျိုး စွဲကပ်နေခြင်းဟူ၍ သုံးသပ်ချက်ရေးသားခဲ့ခြင်း၊ ၎င်းတို့ကို ဝေဖန်လျှင် ဟက်လိုင်နာဟူ၍ ပြောသော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြားချက်ကိုလည်း ““မင်းသိပါတယ်၊ ကျန်းမာပါစေ၊ ချမ်းသာပါစေနှင့် ပြန်သွားကြတာလေ။ ဒါလားဟက်လိုင်နာ။ ပြောစရာ ရှိတာတော့ ပြောရမှာပေါ့။ ငါတို့ပါတီမှာ ဟက်လိုင်နာမရှိဘူး။ သူတို့ဟာသူတို့ ဟက်နေရင်တော့ မပြောတတ်ဘူး …”” ဟူ၍ ဦးတင်ထွတ် က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

တပ်မတော် အစိုးရလက်ထက်မှ ယခု အစိုးရသစ် လက်ထက်အထိ အာဏာရ အကြီးအကဲ ရာထူးနေရာတွင် ရှိနေသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ““ရဲထွဋ် အမြဲမုန်လာဥလုပ်တယ်”” ဟူ၍ အများဝေဖန်စရာ ဖြစ်နေသော သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကိုဝေဖန် ပြောကြားချက်နှင့် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ ပြည်သူ့ဘဏ္ဍာငွေဖြစ်သော ဘတ်ဂျက် အလွဲသုံးစားလုပ်ပုံကို ဆီးသီးဗန်းမှောက်သည့် ဥပမာဖြင့် လွှတ်တော်တွင်း တရားဝင်ဝေဖန် ပြောကြားချက်များမှာ အများပြည်သူနှင့် မီဒီယာများလွန်စွာ နှစ်ခြိုက်ခဲ့ကြသည်။

ယင်းအခြေအနေများအတွင်း တပ်မတော် အစိုးရလက်ထက် အစိုးရ၏ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ ခေါင်းဆောင်၊ ပြန်ကြားရေး ၀န်ကြီး တာဝန်များနှင့် လက်ရှိ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး တာဝန် ယူထားသည့် ပြည်ခိုင်ဖြိုး ဗဟိုအတွင်းရေးမှူး ဦးကျော်ဆန်းက““အနာဂတ်ကို အောင်အောင်မြင်မြင်နဲ့ သွားဖို့အတွက် ဟိုတုန်းက မှားယွင်းခဲ့တဲ့ အားနည်းချက် အခြေအနေတွေကို ပြန်သိနိုင်ဖို့ …””ဟူ၍ မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ခြင်း၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လွှတ်တော်သို့ မေးခွန်းလာရောက် ဖြေကြားရာတွင် လွှတ်တော် စိတ်ကောက်နေမည်ဟူ၍ ပြောကြားခြင်း၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း သ၀ဏ်လွှာနှင့်အတူ ရဟန်းရှင်လူပြည်သူများ၊ နိုင်ငံတော် သံဃမဟာနာယက၊ တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌတို့နှင့် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘုရားကြီးများ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီးများ ကိုယ်တိုင် လက်မှတ်ရေးထိုး မေတ္တာရပ်ခံ တင်ပြ သည့်ကို ဥပေက္ခာပြု၍ ၀န်ကြီးဦးဆန်းဆင့်ကို အစိုးရက အရေးယူ ထောင်ချခြင်း၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်ခိုင်ဖြိုးပါတီတို့က အကြမ်းဖက်မှု လက်မခံကြောင်း ပြောကြားနေသည့်ကြားမှ လက်ပံတန်းမြို့တွင် လက်နက်မဲ့ ကျောင်းသားသပိတ်အား ရဲတပ်ဖွဲ့အင်အား မြောက်မြားစွာသုံး၍ အကြမ်းဖက် ဖြိုခွဲဖမ်းဆီးခြင်း စသည့် နိုင်ငံရေး အခြေအနေများ ပြီးဆုံးပြီးနောက် ယခုကဲ့သို့ သမ္မတရုံးအကြံပေးသည် အမျိုးသားပါတီ တည်ထောင်၍ ရွေးကောက်ပွဲ ၀င်ရန် စီစဉ်လာခဲ့ခြင်းလည်း ဖြစ်သည်။

စစ်ဗိုလ်ချုပ်ဟောင်းများ၏ အကြံအစည်မှာ နိုင်ငံရေး အာဏာကိုရယူ၍ အုပ်ချုပ်ရေး လုပ်ငန်းများသာ လုပ်ဆောင်လိုသော ရည်ရွယ်ချက်မှလွဲ၍ အခြားမရှိနိုင်ပေ။ မီဒီယာများ ဝေဖန်နေသည့်ကြားထဲမှ အာဏာရ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ ပူးတွဲသွားလာ လှုပ်ရှားလျက်ရှိပေသည်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည် အာဏာရပါတီ ဥက္ကဋ္ဌကို ရိုသေစွာ တင်ပြအစီရင်ခံနေရသော သတင်းဓာတ်ပုံများကို အများပြည်သူ ဖတ်ရှုမြင်တွေ့ရ လျက်ရှိပေသည်။ ထိုမျှမက ရွေးကောက်ပွဲ ကျင်းပတော့မည့် နှစ်ဖြစ်သော ၂၀၁၅ တပ်မတော်နေ့ အခမ်းအနား သို့လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဒုတိယဗိုလ်ချုပ်ကြီး စစ်ဝတ်တန်ဆာ အဆောင်အယောင်ဖြင့် တက်ရောက်ကာ စစ်ဗိုလ်ချုပ်ဟောင်းများ တည်ထောင်ထားသော ပြည်ခိုင်ဖြိုး ပါတီနှင့် တစညပါတီများကို အားတက်စေခဲ့သည်။

ထိုမှတစ်ဖန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး၏သား ပိုင်ဆိုင်သော ဂျာနယ် စာမျက်နှာပေါ်မှ ဆောင်းပါးရှင် သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်၏ ပါတီသည်လည်း ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရန် ယခင်ပြည်ခိုင်ဖြိုးအသင်းကြီးမှ ပါတီအမည်ပြောင်းရန် သတင်းထွက်ပေါ်ခဲ့သော အမျိုးသားပါတီ အမည်ဖြင့်ပင် ပေါ်ထွက်လာခဲ့ပြန်သည်။

၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တို့တွင် ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်အချို့ ပံ့ပိုးမှုရရှိထားသည့် ပါတီများဝင်ရောက် ယှဉ်ပြိုင်ကြောင်း၊ NLD ပါတီ ထောက်ခံမည့်မဲများ အခြားပါတီများသို့ ရောက်ရှိသွားခဲ့ကြောင်း စသည့် သတင်းစကားများအရ ရိုးသားစွာ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီမှာ အများပြည်သူ ထောက်ခံမှု ရမည်သာ ဖြစ်ပေသည်။

ကျွန်ုပ်အနေဖြင့်မူ မြန်မာ့နိုင်ငံရေး လောကအတွက် မည်သည့် ရည်မှန်းချက် ဖြစ်စေလိုသည်များ မရှိတော့ပေ။ ဝေးစွာ ရှောင်ရှားသင့်သော အရပ်နိဂုံးဟုယူဆပေသည်။ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကဲ့သို့ ဤနိုင်ငံရေး လောကကို ကျွန်တော် မနေချင်တော့ဘူးဟူ၍ ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ယခုအစိုးရသစ်ကာလ အတွင်း ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ် သုံးသပ်ခဲ့သည့် စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူးရောဂါ၊ အချောင် သမားရောဂါ၊ သူလျှိုဒလန်ရောဂါ၊ အကျင့်ပျက် ရောဂါများသည် အာဏာရပါတီ နိုင်ငံရေးလောက၌ ရှိနေသည် ဖြစ်၍ ၎င်းတို့နှင့် လွတ်ကင်းမှသာ လောကနိဗ္ဗာန်ချမ်းသာကို ရနိုင်မည် ဖြစ်သောကြောင့် ပင်တည်း။

မြန်မာနိုင်ငံတိုင်းရင်းသားများအပေါင်း မြန်မာ့နိုင်ငံရေးလောက အခြေအနေမှန်ကို သိမြင် ရှောင်ရှားနိုင်ကြပါစေ။

မောင်ရေစက်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ရွေးကောက်ပွဲဝင်ခဲ့သော ဦးသိန်းစိန်၏ မဲဆွယ်လက်ကမ်းစာရွက်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ သား ပိုင်ဆိုင်သော The Messenger ဂျာနယ်တွင် သမ္မတအကြံပေး ဒေါက်တာနေဇင်လတ် ပါတီအကြောင်း အင်တာဗျူး အကျယ်တ၀င့် ဖော်ပြခဲ့စဉ်
ဓာတ်ပုံ- ဆန်းဝင်းထွန်း
  
ဓာတ်ပုံ- ဆန်းဝင်းထွန်း

တစညပါတီ (ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ဥက္ကဋ္ဌ ဦးသန်းတင်ကို ဗိုလ်မှူးချုပ် ၀တ်စုံဖြင့် ၂၀၁၅ တပ်မတော်နေ့ တက်ရောက်လာသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဆန်းဝင်းထွန်း

မြန်မာသံတော်ဆင့်သတင်းဂျာနယ် အတွဲ(၂)နှင့် အတွဲ(၃)တို့တွင် ဖော်ပြခဲ့သော နိုင်ငံရေးသရုပ်ဖော် ကာတွန်းအချို့ကိုတွေ့ရစဉ်


No comments:

Post a Comment