တစ်ခါတစ်ရံတွင် အဖြစ်အပျက်တစ်ခု၊ အကြောင်းအရာ တစ်ခု ဖြစ်တည်မှုမှာ ဘုန်းကံနှင့် သက်ဆိုင်သည် ဟု ပြောလျှင် အချို့သောသူများက လက်မခံနိုင်ကြပေ။ သို့သော် လက်ခံရမည့် အကြောင်းအခြင်းများ ကမူ ဖြစ်ပွား လျက်ရှိသည်။ အနီးကပ်ဆုံး အဖြစ်အပျက်တစ်ခု ကို ပြောရ လျှင် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day)နေ့က အဖြစ်အပျက်ပါ။ အဲဒီအခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းက နိုဗိုတယ် ဟိုတယ်မှာ လုပ်ခဲ့တာပါ။ အဲဒီ အခမ်းအနားကို ယူနက်စကိုနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး ပွဲစဖို့အချိန်က နံနက် ၁၀ နာရီပါ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီပွဲကို သွားတက်ဖို့အတွက် ရောက်တဲ့အချိန် မနက် ၉ နာရီခွဲလောက်မှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်လည်း ရောက် လာပါတယ်။ ထိုနည်းတူ
ယူနက်စကိုက မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် အဖွဲ့လည်း ရောက်နေပါပြီ။ ထိုနည်းတူ သက်ဆိုင်ရာ စာနယ်ဇင်းအဖွဲ့က လူတွေ၊ ပြန်ကြားရေး ၀န်ထမ်းတွေလည်း အစုံအလင်ပေါ့။
ဒီလိုနဲ့ပွဲစဖို့ အချိန်နီးလာတာနဲ့အမျှ အခမ်းအနား ပြုလုပ်မယ့် အခန်းထဲမှာလည်း သူ့နေရာနဲ့သူ နေရာယူပြီးဖြစ်သလို ထူးခြားချက် တစ်ခုအနေနဲ့က ခုံနေရာပေါင်း၂၁၀ လောက် ရှိတဲ့နေရာမှာ လူမပြည့် ပြည့်အောင် လို့လားတော့မသိ။ ပြန်ကြားရေး ၀န်ထမ်း တော်တော်များများ နေရာယူ ထားကြတာပါ။ ထားတော့။ အထူးဖိတ်ကြား ခံထားရတဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မလာသေးတဲ့ အတွက် ပွဲကမစနိုင်။ ဒီလိုနဲ့ ၁၀ နာရီ ၂၇ မိနစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် အခမ်းအနား ပြုလုပ်မယ့် အခန်းထဲကို ၀င်လာပါတယ်။
အဲဒီအချိန် အတူတူထိုင်နေတဲ့ မီဒီယာသမားတစ်ယောက် ပြောလိုက်တာ အမှတ်ရလိုက်တယ်။ ““ဒီပွဲကတော့ ဦးရဲထွဋ် ကွဲတာပဲ။ သူ့ဟာသူ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဖြစ်ပေမယ့် ဒေါ်အောင်ဆန်း စုကြည် မလာမချင်း ပွဲမစနိုင်တာကို ကြည့်ရင် ဒီပွဲမှာ ဦးရဲထွဋ်ကွဲတာပဲ””တဲ့။
မြန်မာလူမျိုးအများစုရဲ့ ယုံကြည်ချက်အရ ဒါဟာဘုန်းကံနဲ့ သက်ဆိုင်ပါလိမ့်မယ်။ တကယ်တမ်းဆိုရင် ပွဲအစီအစဉ်နဲ့ ဖိတ်ကြားမှုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ ဥက္ကဋ္ဌသာ ဖြစ်ပြီး ဦးရဲထွဋ်ဟာ ပြည်ထောင်စုအဆင့် ပြန်ကြားရေးဝန်ကြီးပါ။ ရာထူးအနေအထားအရ ဒေါ်အောင်ဆန်း စုကြည်ဟာ ဦးရဲထွဋ်ထက် နိမ့်ကျပေမယ့်လည်း တကယ့်တကယ်တမ်း ဘုန်းကံအရကော၊ လူထုနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုအရကော ဘယ်လိုမှ မယှဉ်သာဘူးဆိုတာ ဒီပွဲက လက်တွေ့ပြသ လိုက်တာပါ။ ဒီနေရာမှာ ဘုန်းကံကြောင့် မဟုတ်ပါဘူးလို့ စောဒက တက်ချင်သပါ့ ဆိုရင်တော့လည်း တက်လို့ရပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်လာမှ ပွဲကိုစတင်နိုင်တယ် ဆိုတာကိုတော့ ငြင်းလို့မရ ပါဘူး။ ဒီလိုနဲ့ မြန်မာပြည်ရဲ့ ထုံးစံအတိုင်း ပွဲစစချင်းမှာပဲ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့နဲ့ ပတ်သက်လို့ စကားပြောတော့လည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တယ်လို့ ““အစ်မကြီး”” ““အစ်မကြီး”” နဲ့ ပြောတော့တာပဲ။ ဒီလိုပွဲကို တက်ပေးလို့ ၀မ်းသာသလို ကြောက်လည်း ကြောက်ပါတယ်လို့ လူဦးရေ ၃၀၀ လောက် ရှိတဲ့ရှေ့မှာ ၀န်ခံစကား ပြောသွားပြန်ကော။ ဒါကိုကြည့်ရင် အသက်အရွယ်အရ လေး စားခြင်းကြောင့် ခေါ်ခြင်းဖြစ်နိုင်သလို ““အဘ””ခေတ်ကနေ““အစ်မ”” ခေတ် ရောက်သွားပြီလို့ လားတောင် စိတ်ထဲမှာ တွေးလိုက်မိတယ်။ ထားချေတော့။
ဦးရဲထွဋ် ပြောပြီးချိန်မှာတော့ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလှည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်က စင်ပေါ်တက်တက်ချင်းပဲ ဒီပွဲကို တက်ရတာနဲ့ ပတ်သက်လို့ ““ဖိတ်ကြားချက်ကို ကျွန်မလက်ခံရတဲ့ အကြောင်းရင်း တစ်ခုက ဦးရဲထွဋ်လိမ္မာရဲ့လား ဆိုတာကို ကြည့်ချင်လို့ဖြစ်ပါတယ်။ ကျွန်မကို ကြောက်တယ် ဆိုတော့ လိမ္မာတဲ့ဘက်ကို ဦးတည်နေပြီလို့ ကျွန်မတို့ ပြောရမှာဖြစ်ပါတယ်””ဆိုပြီးစဖွင့် ပါလေကော။ အဲဒီစကားပြောတဲ့အချိန် ဦးရဲထွဋ်က ကျွန်တော်တို့ နေရာယူထား တဲ့ ရှေ့ဘက်မှာဆိုတော့ သူ့မျက်နှာဘယ်လို ဖြစ်သွားသလဲဆိုတာကို မမြင်ရပေမယ့် တက်ရောက်သူ အများစုကတော့ ပြုံးစေ့ပြုံးစေ့ ဖြစ်ကုန် ပါလေကော။
ဒီနေရာမှာ ဘာကိုပြသလဲဆိုရင် ဘုန်းကံအရလို့ပြောပြော၊ ပညာအရလို့ ပြောပြော၊ သမ္ဘာအရလို့ ပြောပြော၊ ထောက်ခံမှု အနေအထားအရလို့ပြောပြော နိုင်ငံရေး စကားနဲ့ပြောရင် ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားက သာတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။ ဒါကိုလည်း အားလုံးက လက်ခံထားကြမယ်လို့ ထင်ပါတယ်။
ထိုနည်းတူ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ ပြန်ကြားရေးဝန်ကြီး က ပြည်ပနိုင်ငံ အခြေစိုက် မီဒီယာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ မြန်မာပြည်ရဲ့ အညွန်းကိန်းတွေကို ထည့်တွက်စရာ မလိုတဲ့အကြောင်း ထည့်ပြောခဲ့သလို အစိုးရက ပေးထားတဲ့မဖြစ်ညစ်ကျယ် သတင်းစာ ရေးသားခွင့်ကိုပဲ အကျယ်တ၀င့် ရှင်းလင်း သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ မီဒီယာရဲ့ အခန်းကဏ္ဍ အရေးကြီးပုံနဲ့ မီဒီယာသမားတွေရဲ့ လိုအပ်ချက်တွေကို ပြုပြင်ကြဖို့ တိုက်တွန်းခဲ့သလို လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကတော့ ဖမ်းဆီးထားတဲ့ မီဒီယာသမားတွေကို အချုပ်အနှောင်က လွှတ်ပေးဖို့ ပြောဆိုခဲ့ ပါတယ်။ ဒီနေရာမှာလည်း ဦးရဲထွဋ် ရှုံးတယ်လို့ပဲ ပြောရမှာပါ။
ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ရှိနေပါပြီလို့ အစိုးရ အာဘော် သတင်းစာနဲ့ သူတို့နဲ့ နီးစပ်တဲ့ မီဒီယာတွေက တွင်တွင်ကျယ်ကျယ် ရေးသားနေပေမယ့်လည်း တကယ်တမ်းတော့ မီဒီယာ လွတ်လပ်ခွင့် ရဖို့အတွက် အစပျိုးကာလလို့ပဲ သုံးသပ်ရဦးမယ့် အနေအထားပဲ ရှိပါတယ်သေးတယ်။ အဲဒီလို အခြေအနေမှာ ဦးရဲထွဋ်ရဲ့ ပြောဆိုမှုတွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြောရမှာဖြစ် သလို ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောဆိုမှုဟာ တကယ့်ကို လက်တွေ့ကျတဲ့ အခြေအနေပါ။ မီဒီယာသမားတွေရဲ့ လိုအပ်ချက်နဲ့ ပတ်သက်လို့ သတင်းသမားငယ်တွေဟာ Homework မလုပ်ကြဘူးလို့ ပြောတဲ့အပေါ် တချို့သောသတင်း သမားတွေက နာလိုခံခက် ဖြစ်နေကြပါတယ်။ တကယ်တော့ အဲဒီစကားဟာ မှန်ကန်ပြီး လက်တွေ့ကျတဲ့ စကားပါ။ ဒါကတော့ ဘုန်းကံနဲ့မဆိုင်ဘဲနဲ့ လက်တွေ့ဖြစ်ပျက်မှု အခြေအနေအပေါ်မှာ လွတ်လပ်စွာ သုံးသပ်ခြင်းနဲ့ တွေးခေါ်မြော်မြင်မှု အပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးရဲထွဋ် ရှုံးလိုက်တာပါ။
ဒါတင်လား မဟုတ်ပါဘူး။ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်တဲ့ အစိုးရအဖွဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ ပတ်သက်လို့လည်း ထိရောက်တဲ့ စကားလုံးတွေနဲ့ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်အမတ် ဒေါ်အောင်ဆန်း စုကြည် က မီဒီယာလောကအတွက် လိုအပ်ချက်တစ်ခုကို အခုလို ထောက်ပြဝေဖန်ရင်း၊ အစိုးရအဖွဲ့ရဲ့ လိုအပ်ချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ရင်း အနိုင်ယူ ခဲ့ပြန်ပါသေးတယ်။
““ကျွန်မတို့ဟာ ဥပဒေပြုရေးဆိုင်ရာနဲ့ ပတ်သက်လို့၊ သတင်းသမားများနဲ့ ပတ်သက်လို့၊ စာနယ်ဇင်း လောကနဲ့ ပတ်သက်လို့ ကောင်းတဲ့ ဥပဒေတွေကို ပေါ်ထွက်လာဖို့အတွက် ကြိုးစားပါမယ်။ ဒါပေမဲ့ ဒီဥပဒေတွေ တကယ် ထိရောက်နိုင်ဖို့အတွက် လုပ်ရမှာကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာရဲ့ တာဝန်ဖြစ်ပါတယ်။ နည်းဥပဒေ တွေ မထွက်သေးတာဟာလည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာရဲ့ တာဝန်ပါပဲလို့ ၀န်ကြီးကို သတိပေးပါရစေ””တဲ့။ ဒါကလည်း ကျွန်တော့် မိတ်ဆွေ မီဒီယာသမားပြောသလို ဦးရဲထွဋ် ရှုံးပြန်ပြီပေါ့။
ဆောင်းပါးကို ဘုန်းကံနဲ့ စထားတာမို့ ဘုန်းကံနဲ့ပဲပြန်ဆုံးပါရစေ။ ဘုန်းကံနဲ့ ပတ်သက်လို့ ကမ္ဘာကျော် မင်းကွန်း ဆရာတော်ဘုရားကြီးက မိန့်မှာခဲ့ဖူးတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ““ကိလေသာနဲ့ဘုန်းကံဆိုတာ ချိန်ခွင် တစ်ဖက်စီမှာ ထည့်ထားတဲ့ အလေးတွေလိုပါပဲ။ တစ်ဖက်က လျော့ လာသလောက် တစ်ဖက်က တက်လာတာ။ လောဘ၊ ဒေါသ၊ မောဟ အခြေခံကိလေသာ ၃ မျိုးထဲက တစ်မျိုး၊ တစ်မျိုး လျော့သွားတိုင်း ဘုန်းကံကလည်း တစ်ဆ၊ နှစ်ဆ တိုးတက် လာတာပါပဲ။ ကိလေသာဘက်က လျော့သလောက် ဘုန်းကံဘက်က တိုးလာတာ မျိုးပါ””တဲ့။
ဆောင်းပါးပါ အချက်အလက်အရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ထိခိုက်စေလိုတာ မဟုတ်ပေ မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘုန်းကံတွေ ရှိနေသေးတယ် ဆိုတာကို မီးမောင်းထိုးပြ လိုရင်းပါ။ ဆောင်းပါး မှာ ဒေါ်အောင်ဆန်းစုကြည်ကို အထူးပြုပြီး ရေးထားလို့ဘာများ တံစိုးလက်ဆောင် ရထားသလဲလို့ ဆိုရင်တော့ ဘာမှ မရရပါကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘုန်းကံနဲ့ နိုင်ငံတကာက အသိအမှတ်ပြုမှုကို မျက်ကွယ် ပြုထားသူတွေကို သိစေလိုရင်းသာ ဖြစ်ပါကြောင်း။
အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment