Friday, May 15, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကြောင့် ဖျက်သိမ်းခဲ့သည့် မွန်ပြည်နယ်ခရီးစဉ် မေလအတွင်း ပြန်လည် သွားရောက်မည်

 ရန်ကုန်၊ မေ ၁၁

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်( NLD ပါတီ ဥက္ကဋ္ဌ) ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ ကြောင့် ဖျက်သိမ်းခဲ့ရသည့် မွန်ပြည်နယ် ပါတီစည်းရုံးရေး ခရီးစဉ်ကို မေလ ၁၆ နှင့် ၁၇ ရက်များတွင် သွားရောက်မည်ဖြစ်ကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်နန်း ခင်ထွေးမြင့် က မေလ ၁၁ ရက်တွင် မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ်ကို ယခုနှစ်မတ်လ ၂၇ ရက်နောက်ပိုင်း သွားရောက်ရန် စီစဉ်ခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

““ကရင်တော့မပါဘူး။ မွန်မပြောင်းပါဘူး။ သွားဖို့ အစီအစဉ် ရှိပါတယ်။ ဟိုတစ်ခေါက်ကတော့ ပျက်သွားတယ်။ အခုတစ်ခေါက်ကတော့ မပျက်ပါဘူး။ ကြားတာကတော့ ၁၆၊ ၁၇ လောက်ကြားတယ်။ အခုချိန်ကတော့ စည်းရုံးရေးပေါ့။ ပါတီစည်းရုံးရေးပေါ့။ မြို့မိ မြို့ဖတွေနဲ့တော့ တွေ့ဖို့ရှိမှာပေါ့။ အဲဒီ တစ်ခုပဲ သိရသေးတယ်။ အခုက ၂ ရက်ထဲ ဆိုရင်တော့ ကရင်ကို ထည့်လို့ မရတော့ဘူး။ ကရင်ကိုနောက်မှ ထပ်စီစဉ်မှာပါ။ ဟိုတစ်ခေါက်က မွန်ရော ကရင်ရောဆိုတာ ရုံးက ၃ ရက် ပိတ်တယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက်ပိတ်တော့ ကရင်ပါသွားလို့ ရတာပေါ့။ ဒါပေမဲ့ ကျန်းမာရေးအရ မသွားဖြစ်ခဲ့ဘူး”” ဟု NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါ်နန်းခင်ထွေးမြင့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ဟင်္သာတ၊ ပြည်မြို့တို့၌ ကျင်းပသည့် ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီးနောက် မတ်လက သွားရောက်ရန် စီစဉ်ထားသည့် ရက်များတွင် အပူချိန် မြင့်တက်လာသည့်အတွက် ကျန်းမာရေး အနည်းငယ် ချို့ယွင်းခဲ့ခြင်းကြောင့် ခရီးစဉ်များအား ရွှေ့ဆိုင်းခဲ့ရခြင်းလည်း ဖြစ်သည်။

““အဲဒီတုန်းက နေပြည်တော်ကအပြန်ပေါ့။ ခရီးက အရမ်းထွက်ရတော့၊ လမ်းမှာလူတွေနဲ့ အများကြီး တွေ့ရတော့၊ လူကအရမ်းများတဲ့ အခါကျတော့ နည်းနည်းဖျားသွားတာပေါ့။ အနားယူဖို့ လိုအပ်တယ်လို့ ဆိုပြီးတော့ အဲဒီခရီးစဉ်ကို ဖျက်လိုက်တာ””ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

ယခု မွန်ပြည်နယ် စည်းရုံးရေး ခရီးစဉ်အတွင်း မေလ ၁၆၊ ၁၇ ရက်သို့ စီစဉ်သတ်မှတ်ထားပြီး မေလ ၁၆ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ် သထုံမြို့နယ် အထက (၁) ကျောင်း အနီးရှိ လေယာဉ်ကွင်းဟောင်းတွင် ဗိုလ်ချုပ် ရာပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲ ပြုလုပ်၍ ညနေပိုင်းတွင် မော်လမြိုင်မြို့၌ ဟောပြောမည်ဖြစ်သည်။ ယင်းနေ့ ည ၇ နာရီတွင် မွန်ပြည်နယ်ရှိ NLD ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံမည် ဖြစ်ကာ မေလ ၁၇ ရက်တွင် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့တွင်လည်း ဟောပြောပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။

ခရီးစဉ် အနေအထားအရ ရွှေ့ဆိုင်းထားသည့် ကရင်ပြည်နယ်သို့ ယခုခရီးစဉ်နှင့် တစ်ဆက်တည်း သွားရောက်မည် မဟုတ်သော်လည်း အခြားရက်များတွင် သွားရောက်နိုင်ရန်အတွက် စီစဉ်သွားမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စ၍ မြန်မာပြည်အနှံ့ လူထုတွေ့ဆုံပွဲများသို့ တက်ရောက်ခဲ့ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အဓိကထား ဟောပြောခဲ့သည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment