သို့သော် တပ်မတော်အစိုးရ၏ ညံ့ဖျင်းလှသော စီမံအုပ်ချုပ်မှု အောက်တွင် အကျင့်ပျက်ခြစားမှုများ အဆမတန် ကြီးထွားခဲ့ပြီး နိုင်ငံ၏ပုံရိပ်လည်း ကျဆင်းခဲ့သလို ပြည်သူလူထု၏ ဘ၀များလည်း ဆိုးဝါးစွာ
နိမ့်ကျခဲ့ရသည်မှာ အားလုံးအသိပင် ဖြစ်၍ အဆိုပါစကားသည် နားကြားပြင်း ကတ်စရာတော့ ဖြစ်သွားသည်။ အာဏာ အလွဲသုံး၍ ကိုယ်ကျိုးရှာမှုနှင့် အကျင့်ပျက် ခြစားမှုတို့ကြောင့် နိုင်ငံနှင့်ပြည်သူမှာ ကမ္ဘာ့နိုင်ငံများကြား၌ အဆင်းရဲ အမွဲတေဆုံး စာရင်းတွင် ပါဝင်သွားခဲ့သော်လည်း တပ်မတော် အစိုးရလက်ထက် ခေါင်းဆောင် အများစုနှင့် ၎င်းတို့၏ လက်ဝေခံများမှာမူ အဆမတန် ကြီးပွား ချမ်းသာခဲ့ကြသည်။ ဆိုရလျှင် ယခင်တပ်မတော် အစိုးရ ခေါင်းဆောင် အများစုသည် နိုင်ငံနှင့် ပြည်သူအပေါ် စိတ်စေတနာကောင်း မရှိခဲ့သလို စီမံအုပ်ချုပ်ပုံမှာလည်း ညံ့ဖျင်းလွန်းသဖြင့် ယခု အခြေအနေမျိုးသို့ ဆိုက်ရောက် ခဲ့ခြင်းဖြစ်သည်မှာ အထင်အရှားဖြစ်သည်။
လက်ရှိအချိန်အထိတိုင် စိတ်စေတနာမှန်ကန်၍ အရည်အချင်းပြည့်ဝသော စီမံအုပ်ချုပ်မှုကို မြန်မာပြည်သူ အပေါင်း မတွေ့ကြုံ၊ မခံစားရသေးဟု ဆိုလျှင်လည်း လွန်အံ့မထင်ပေ။ မျက်မှောက်၌ မြန်မာပြည်သူအပေါင်း လိုလား တောင်းဆိုနေမှုများအား လျစ်လျူရှုနေသည့် အချက်ကိုထောက်၍ အာဏာစွဲကိုင်ထားသော စစ်ပြန်နှင့် စစ်ဗိုလ်ချုပ်တို့၌ ပြည်သူလူထုအပေါ် ထားရှိရမည့် စိတ်စေတနာကောင်း မရှိကြသေးဟု ကောက်ချက် ဆွဲနိုင်ပေသည်။ ၂၀၀၈ အခြေခံဥပဒေကို ထဲထဲဝင်ဝင် ပြင်ဆင်ပေးရန် ပြည်သူလူထုက တစ်ခဲနက်တောင်းဆို ဆန္ဒပြုထားသည်ကိုပင် မျက်ကန်း၊ နားကန်းများသဖွယ် မမြင်၊ မကြားဟန်ဖြင့် လျစ်လျူရှုထားကြသည်။
အရပ်သားအမည်ခံ အစိုးရ၏သက်တမ်း ၄ နှစ်ကျော် ကာလအတွင်း နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသော ကဏ္ဍများစွာ၌ သိသိသာသာ တိုးတက်ဖြစ်ထွန်းလာခြင်း မရှိသည့် အချက်ကလည်း စီမံအုပ်ချုပ်မှု အရည်အချင်း ညံ့ဖျင်းခြင်းကို မီးမောင်းထိုးပြနေသည်။ ပြည်သူအများစု၏ လူမှုဘ၀များမှာလည်း ပိုမိုကောင်းမွန် မြင့်မားလာခြင်း မရှိသည့်အပြင် ပိုမိုဆိုးဝါးသော အခြေအနေနှင့် တွေ့ကြုံခံစားနေရသူ အများအပြားပင် ရှိနေသည်။ စိတ်စေတနာကောင်းနှင့် အရည်အချင်းပြည့်ဝသော စီမံအုပ်ချုပ်မှုမျိုး မရရှိသေးသဖြင့် နိုင်ငံနှင့် ပြည်သူတို့၏ဘ၀ လူလုံးမလှဖြစ် နေရဆဲဖြစ်သည်။
အမှန်တကယ်သာ စိတ်စေတနာကောင်း ရှိမည်ဆိုပါက နိုင်ငံနှင့်ပြည်သူအပေါ် မည်သို့မျှ ကောင်းကျိုး မပြုနိုင်သော လက်ရှိ အခြေခံဥပဒေကို ပြည်သူအပေါင်း၏ လိုလားချက်နှင့်အညီ အမြန်ဆုံး ပြင်ဆင်ပေးရ မည်သာ ဖြစ်သည်။ အရည်အချင်းသာ အမှန်တကယ် ပြည့်ဝမည်ဆိုပါက ပြည်သူလူထု၏ ဆန္ဒပြု မဲပေး ဆုံးဖြတ်မှုကို ၀ံ့ဝံ့ရဲရဲ ခံယူနိုင်ရမည်ဖြစ်သည်။ အာဏာနှင့် လက်နက်အားကိုးဖြင့်လည်းကောင်း၊ တစ်ဖက်သတ် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များရရှိအောင် ဖန်တီးထားသော အခြေခံဥပဒေ အားကိုးဖြင့်လည်းကောင်း အာဏာကို ဆက်လက် စွဲကိုင်သွားရန် အားထုတ်နေမည့်အစား ပြည်သူလူထု၏ ထောက်ခံယုံကြည်မှု ရရှိအောင် အရည်အချင်းရှိရှိ စွမ်းဆောင် ကြိုးပမ်းသင့်ပေသည်။
စစ်ပြန်များနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ အနေနှင့် စိတ်စေတနာကောင်းနှင့် အရည်အချင်း ပြည့်ဝမှု ရှိမည်ဆိုပါက ပြည်သူလူထု လိုလားသည့်အတိုင်း အခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်ရေးကို အားထုတ်ကြိုးပမ်းကာ ပြည်သူက ယုံကြည်ကိုးစားရန် စွမ်းဆောင်ပြရင်း မိမိတို့၏စေတနာနှင့် အရည်အချင်းအား သက်သေပြနိုင်ပါ ကြောင်း တင်ပြလိုက်ရပါသည်။
အယ်ဒီတာ
၆-၅-၂၀၁၅
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment