ရန်ကုန်၊ မေ ၁၃။ ။ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် ရေးထိုးပြီးနောက်ပိုင်းတွင် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကယားပြည်နယ် တိုင်းရင်းသား ပါတီများနှင့် လူထုညီလာခံမှ ရရှိလာသည့် လူထုတောင်းဆိုချက်များကို တင်ပြဆွေးနွေးသွားမည်ဟု ကယားလူမျိုးစု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောဒယ်နီယယ် က မဇ္ဈိမကိုပြောသည်။
ကယားပြည်နယ် တိုင်းရင်းသားပါတီများနှင့် လူထုညီလာခံကို မေလ ၁၁ ရက်မှ ၁၃ရက်အထိ ကေ့ထျိုဘိုးခန်းမဆောင်၊ ချိကယ်ကျေးရွာ၊ လွိုင်ကော်မြို့နယ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ် မြို့နယ် ၇ ခုမှ ဒေသခံများက ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဦးစောဒယ်နီယယ်က “ ဒေသခံတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျွန်တော်တို့ကို လာရောက် တင်ပြတာပါ။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီအချက်တွေကို တင်ပြမယ့်အပြင် ပြည်နယ်အစိုးရကိုလည်း ပေးပို့ပေးသွားမှာပါ”ဟု ၎င်းကပြောသည်။
ပြည်သူလူထုက မြေယာသိမ်းဆည်းခံရမှု ပြဿနာများ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ လျှပ်စစ်မီးပြဿနာများ၊ ဆေးပစ္စည်း လိုအပ်ချက်များ၊ စာသင်ကျောင်းနှင့် ဆရာ၊ဆရာမ လိုအပ်ချက်များ၊ တယ်လီဖုန်းဆက်သွယ်မှု လိုင်းမရရှိသည့် အခက်အခဲများ အပါအဝင်အချက်၂၀၀ကျော်ကို တင်ပြဆွေးနွေး ခဲ့သည်ဟု ၎င်းကဆိုသည်။
ညီလာခံကိုတိုင်းရင်းသားဒေသံပါတီ သုံးခုဖြစ်သည့် ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်)၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီ တို့က ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသား ဒေသခံပါတီ သုံးခုမှာ- ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီ တိုဖြစ်ပြီး ယင်းပါတီများမှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ရက်က မဟာမိတ် ပါတီများအဖြစ် ပူးပေါင်းခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment