မေ ၉ရက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် အစိုးရတို့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ-သက်ကို)
ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အမြန်ဆုံးစတင်ရန် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့၊ နိုင်ငံရေးပါတီ ၆၄ ပါတီနှင့် (UPWC) ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့တို့က မေလ ၉ ရက် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။
"အမြန်ဆုံး နိုင်ငံရေးဆွေးနွေးပွဲ စဖို့အတွက် အားလုံးက ဆန္ဒရှိနေကြတယ်။ Political Dialogue အတွက် အရင် Frame work ထွက်ဖို့ကို ကော်မတီဖွဲ့ပြီး လုပ်ဖို့ လိုအပ်သေးတယ်။ ကျွန်မတို့ကတော့ အမြန်ဆုံး ဆွေးနွေးချင်တယ်" ဟု ALP ရခိုင် လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ဒေါ်စောမြရာဇာလင်းက ဆိုသည်။
နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် မူဘောင်တစ်ခုတည်း ပေါ်ပေါက်ရေးအတွက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၊ အစိုးရအဖွဲ့ ကိုယ်စားလှယ်အားလုံး ပါဝင်သည့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကို ဖွဲ့စည်းရန်လည်း အားလုံး သဘောတူညီခဲ့သည်ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
"ဒီအဖွဲ့ကို ဖွဲ့ဖို့ သဘောတူခဲ့ပေမယ့် ဘယ်တော့ ဖွဲ့မယ်ဆိုတာတော့ မသိရသေးဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့ဖို့ လိုအပ်တယ်" ဟု ၎င်းက ဆိုသည်။
၂၀၁၅ ခုနှစ် မေလ ၉ ရက်တွင် အင်းယားလိပ် ဟိုတယ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ နိုင်ငံရေးပါတီ ၆၄ ပါတီ၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ချင်းအမျိုးသားတပ်ဦး၊ ရခိုင်လွတ်မြောက်ရေးပါတီ၊ ကရင် အမျိုးသား အစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ခေါင်းဆောင်များ တက်ရောက်ကြသည်။
ယင်းဆွေးနွေးပွဲသည် "ဝ" ဒေသတွင် ပြုလုပ်သည့် ထိပ်သီးညီလာခံ အပြီးတွင် အစိုးရက ကမကထ ပြုလုပ်ကာ ကျင်းပသည့် ဆွေးနွေးပွဲလည်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment