Friday, May 15, 2015

ဆည်/မြောင်း စိုက်ပျိုးရေးဌာနက သိမ်းပိုက်ထားသော လယ်မြေများ အမှန်တရားအတိုင်း ပြန်လည်စိစစ် ပေးစေရန် – ပေးစာ

ကျွန်တော်သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာတွင် နေထိုင်သော လယ်သမား ဦးအေးငွေ (၁၀/ပမန(နိုင်)၀၁၈၈၇၄) ကိုင်ဆောင်သူ မွန်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး မော်လမြိုင်၊ ဘားအံ၊ ဇာသပြင် ကားလမ်းဘေး၊ လယ်ကွင်းအမှတ် (၃၅၂-ခ)၊ ခရုံတောင် အနောက်ကွင်း၊ ဦးပိုင်အမှတ် (၁ခ/၁)၊ လယ်မြေဧရိယာ (၃ဒသမ ၀၈) ဧကအား ၁၉၉၅ ခုနှစ်ခန့်တွင် ဦးမောင်ထွန်းထံမှ ၀ယ်ယူ၍ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းကို ရိုးသားစွာ လုပ်ကိုင် ဆောင်ရွက်နေခဲ့ပါသည်။

၁၉၉၆-၁၉၉၇ ခုနှစ်တွင် ၎င်းဒေသအား လယ်ယာမြေများ ဖော်ထုတ် စိုက်ပျိုးမှုများကို ဌာနဆိုင်ရာနှင့် အသင်း အဖွဲ့များအား တိုင်းမှူးဗိုလ်ချုပ်မြင့်အောင် ဥက္ကဋ္ဌ မွန်ပြည်နယ် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီက ကွင်းဆင်း စိုက်ပျိုးခိုင်းရာ ဆည်မြောင်းဦးစီးဌာနက ထိုအချိန်တွင် တာဝန်ရှိသူ AE ဦးစိုးမင်းအောင်က ကျွန်တော်နှင့် ဦးစံနင်းတို့ လယ်သည်ကား လမ်းဘေးတွင် ရှိနေသဖြင့် တိုင်းမှူးလာလျှင် ရှင်းပြနိုင်ရန် ရှင်းလင်း ဆောင်အား ယာယီဆောက်လုပ်ခွင့် တောင်းခဲ့သဖြင့် ထိုအချိန်အခါက ပြန်ပြော၍ မရဲသဖြင့် ကျွန်တော့် လယ်၏ မရှိမဲ့၊ ရှိမဲ့ (၃ ဒသမ ၀၈) ဧကထဲမှ (၁ဒသမ ၀၈) နှင့် ဦးစံနင်း၏ (၂ ဒသမ ၀၀) ဧကထဲမှ အချို့အား ရှင်းလင်းဆောင် ဆောက်လုပ်ရန် ထိုအချိန်က ပေးခဲ့ရပြီး ၎င်း AE က ပြောကြားချက်မှာ ရှင်းလင်းဆောင် ဆိုသည်မှာ ယာယီသာဖြစ်ကြောင်း၊ ၀ါး/ထရံကာ၊ ဖက်မိုးအဖြစ်သာ ဆောက်လုပ်မည် ဖြစ်ကြောင်း သိရ ပါသည်။ သို့သော် ၎င်းအဆောက်အအုံမှာ အခိုင်အခံ့ ပုံစံမျိုး တဖြည်းဖြည်း တိုးချဲ့၍ ၀န်ထမ်း နေအိမ်များအဖြစ် အပိုင်စီးပြီး ယနေ့တိုင် နေထိုင်လျက် ရှိပါသည်။

ထိုအချိန်က စိုက်ပျိုးသည့် လယ်မြေဧက စာရင်းပေါက်အတိုင်း (၁)ဧကလျှင် စပါး (၁၂)တင်းနှုန်းဖြင့် နိုင်ငံတော်သို့ နှစ်စဉ်ပေးသွင်းခဲ့ပြီး အမှန်စိုက်ပျိုးရသည်မှာ (၂ ဒသမ ၀၀) ဧကသာဖြစ်ပြီး တာဝန်ကျေပေးသွင်း ရသည်မှာ ၎င်းတို့ ယူထားသော နေရာအတွက်ပါပေါင်း၍ (၃ ဒသမ ၀၈)ဧကအတွက် ပေးသွင်းခဲ့ရပါသည်။ ၎င်းနေရာ ပြန်လည် ရရှိရေးတင်ပြရာ ရှိတာလေးပါ သိမ်းလိုက်မည်ဟု ခြိမ်းခြောက်ခံရ၍ ပြန်မပြောရဲဘဲ ငြိမ်နေခဲ့ရပါသည်။

ခေတ်စနစ်များ ပြောင်းလဲခဲ့ပြီး မတရား အနိုင်ကျင့်မှုအား ကူညီဖြေရှင်း၍ အမှန်တရားအတိုင်း ရပ်တည် ဆောင်ရွက်ပေးလျက် ရှိသော နိုင်ငံတော်သမ္မတကြီးနှင့် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီများ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းနှင့် လွှတ်တော်မှကော်မတီ လူကြီးမင်းများနှင့် လယ်သမားများအား မတရားသဖြင့် သိမ်းဆည်းမှုများကို ကူညီဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ တစ်မြေတစ်လွှားတွင် လယ်သမားများ မိမိပိုင်လယ်မြေများအား ပြန်လည်ရရှိ လုပ်ကိုင်ခွင့်များ ရရှိနေတာကို ကြားသိတွေ့မြင်ရ၍ အလွန်ပင် ၀မ်းသာပီတိဖြစ်၍ ကျေးဇူးတင်မိပါသည်။

ယခုကျွန်တော့်ထံမှ သိမ်းဆည်းထားခြင်းခံရသည့် လယ်မြေအား ပြန်လည်ရရှိရေးအတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန၊ မြို့နယ်မြေစာရင်းဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးနှင့် မြေယာ စီမံခန့်ခွဲရေးအဖွဲ့များသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ စာဖြင့်ရေးသား၍ သော်လည်းကောင်း အကြိမ်ကြိမ် အသနားခံ တင်ပြခဲ့ပါသည်။ (၂၃-၇-၂၀၁၄)ရက်စွဲဖြင့် မြို့နယ်မြေစာရင်းရုံးမှ (၂၀၁၃- ၂၀၁၄) ခုနှစ်အတွက် လယ်ယာ စိုက်ပျိုးခွင့်ပုံစံ(၇)၊ မြေစာရင်းပုံစံ (၁၀၅)အား ထုတ်ပေးရာတွင် (၂ဒသမ ၀၀) ဧကသာ ထုတ်ပေးခဲ့ပါသည်။ ကျွန်တော်သည် မြေခွန်များကို မိမိဝယ်ယူပြီးအချိန်မှစ၍ (၃ ဒသမ ၀၈) ဧကအတွက် မြေယာခွန်ကို နှစ်စဉ် ပေးဆောင်လျက်ရှိရာ ယနေ့တိုင်ပင် ဖြစ်ပါသည်။

ပထမတိုင်ကြားမှု စတင်ပြီးနောက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ကော်မတီဝင်များသည် ကျွန်တော်တို့(၂)ဦးအား ခေါ်ယူစစ်ဆေးခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များ၊ ရွာသားများ၊ ကျေးရွာထွေ/အုပ် စာရေးမတို့အား ခေါ်ယူ၍ အမျိုးမျိုး စစ်ဆေးခဲ့ပြီး ကျွန်တော့်အား ဤစာကို မည်ကဲ့သို့ ရေးသနည်းဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။

သို့သော် စစ်ဆေးချက်များသည် ကျွန်တော်တို့ လယ်မြေအား မတရား သိမ်းပိုက်ထားကြောင်း ပေါ်လွင်လျက် ရှိပါသည်။ စိုက်ပျိုးရေးဌာနမှ သိမ်းပိုက်မြေတွင် စိုက်ပျိုးထားသော အပင်များကို ခုတ်ထွင်၍ ရောင်းစားလျက် ရှိပါသည်။ သို့ပါ၍ လာမည့် မိုးရာသီ စိုက်ပျိုးချိန်အမီ ကျွန်တော်တို့ပိုင် လယ်မြေများ ပြန်လည် ရရှိရေးအတွက် သက်ဆိုင်ရာ လူကြီးမင်းများအနေနှင့် ကျွန်တော်တို့၏ လယ်သမားများ၏ ဘ၀ကို နားလည်ပေးပြီး ဆင်းရဲတွင်း၌ ကျရောက်နေသော လယ်သမားဖြစ်ပြီး မိမိပိုင်လယ်မြေအား မတရား သိမ်းယူထားမှုအား စိစစ်၍ အမှန်တရားအတိုင်း ကူညီဆောင်ရွက်ပေးပါရန် အသနားခံ တင်ပြအပ်ပါသည်။

ဦးအေးငွေ (၁၀/ပမန(နိုင်)၀၁၈၈၇၄)၊ ဦးစံနင်း

ခရုံကျေးရွာ၊ ကျိုက်မရောမြို့နယ်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment