Wednesday, May 13, 2015

စင်ကာပူ သန့်ရှင်းတယ်လို့ ဘယ်သူပြောတာလဲ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်မှာ တည်ရှိတဲ့ စင်ကာပူ ကျောင်းတိုက်က ဦးဇင်း ဦးစန္ဒာဝရ (အမည်လွဲ) ရေးသား ပေးပို့လိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ ပါတယ်။ ရေးလိုက်တဲ့ အကြောင်းအရာကတော့ ကျောင်းတိုက် ပတ်ဝန်းကျင်မှ အညစ်အကြေးနဲ့ အမှိုက်များကြောင့် သံဃာတော်များနဲ့ ဒါယကာ၊ ဒါယကာမ တွေမှာ စိတ်အနှောက်အယှက် ဖြစ်ရသလို ကျန်းမာရေးလည်း ထိခိုက်ရတယ်ဆိုတာကို တာဝန်ရှိသူတွေသိအောင်
ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။ စာထဲမှာ ရေးထားတာကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးဇင်းရဲ့ကျောင်းထိုင် ဆရာတော်ကြီးအနေနဲ့ ဒီလိုမျိုး ဖြစ်ရတာကို အလွန်စိတ်မချမ်းသာ ဖြစ်နေတာကြောင့် ဆရာတော်ရဲ့ ကိုယ်စား ရေးသားပေးပို့ခဲ့တာပါလို့ ဆိုပါတယ်။

စင်ကာပူကျောင်းတိုက်ဟာ အထက်ပုဇွန်တောင် လမ်းမပေါ်မှာ တည်ရှိပြီး မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးရုံးနဲ့ ဆိုရင် ကားလမ်းမကြီးပဲ
ခြားပါတယ်။ ကျောင်းတိုက်ဟာ လမ်းမတန်း တိုက်ခန်း အိမ်ရာတွေရဲ့နောက်မှာ တည်ရှိပြီး ဒီအထပ်မြင့်တိုက်ခန်းတွေရဲ့ နောက်ဘက် မီးဖို အိမ်သာခန်း ခြံစည်းရိုးနဲ့ ကပ်လျက်မှာ အုတ်တံတိုင်းနဲ့ နောက်ဖေးလမ်းခြားပြီး သာသနာ ပါလဓမ္မဗိမာန် တည်ရှိပါတယ်။ ဒီဓမ္မဗိမာန်မှာ ပုဇွန်တောင်မြို့နယ်လုံးဆိုင်ရာ ဆရာတော်များကြီးမှူးတဲ့ ပရိယတ္တိစာမေးပွဲများ ဖြေဆိုပွဲတွေ ကျင်းပရလေ့ရှိပြီး မြို့နယ်က လုပ်တဲ့ ဘာသာရေး အခမ်းအနားတွေ၊ ပွဲတွေ ကျင်းပပြုလုပ်ရုံတင် မကဘဲ မသဘက ကြီးမှူး ဖွင့်လှစ်တဲ့ အင်္ဂလိပ်စာ၊ စာရင်းကိုင်၊ ကွန်ပျူတာနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွေကို ဖွင့်လှစ်ပို့ချနေတဲ့ နေရာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလို မွန်မြတ်တဲ့ ဘာသာရေး အခမ်းအနား ပြုလုပ်တဲ့နေရာကို တန်ဖိုးထား လေးစားရမှန်း မသိတဲ့ အလွှာတိုက်ခန်းတွေပေါ်က
နေ့စဉ်နဲ့အမျှ အမှိုက်ထုပ်တွေ ပစ်ချကြတာကြောင့် အမှိုက်ပုံကြီးဖြစ်လို့ နေပါတယ်တဲ့။ ဦးဇင်း ဒီကျောင်းမှာနေတာ အနှစ် ၂၀ ကျော်မှာ ဒီတိုက်ခန်းတွေ မိလ္လာ စုပ်ထုတ်တာ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒီလို မကောင်းတဲ့ အနံ့အသက်တွေကို နေ့စဉ် ရှုရှိုက်နေရတဲ့အတွက် ကျန်းမာရေး ထိခိုက်ကြရသလို စိတ်မချမ်းမြေ့ခြင်းလည်း ဖြစ်ကြရပါတယ်လို့ ဆိုပါတယ်။ အဆိုးဆုံးကတော့ ဒီလမ်းကြားမှာ အမှိုက်တွေ များပြားစွာ တောင်လိုပုံနေတာကြောင့် မိုးတွင်းအခါမှာ ရေးစီးရေလာ ပိတ်ဆို့ပြီး ကျောင်းပတ်ဝန်းကျင် တစ်ခုလုံး မကောင်းတဲ့ရေတွေကြား
ဖြတ်သွားကြရသလို ဒီရေဆိုး ရေညစ်တွေကြောင့် မကောင်းတဲ့ အနံ့အသက်တွေ ဖြစ်ပေါ်ရလို့ ကျောင်းမှာနေတဲ့ သံဃာတော်တွေ သာမက ကိုရင်၊ ကျောင်းသားတွေ ဒါယကာ၊ ဒါယကာမတွေလည်း ကျန်းမာရေး ထိခိုက်ကြရတယ်လို့ ပြောပါတယ်။

ဒီကပ်လျက် တိုက်ခန်းတွေ အနေနဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ ဖြစ်ရက်သားနဲ့ အလှူရှိလို့ ဓမ္မဗိမာန်မှာ ချက်ပြုတ်နေတာကို မြင်နေ ကြားနေပါလျက်နဲ့ အပေါ်ထပ်ကနေ အမှိုက်ထုပ်တွေ ပစ်ချနေတာကတော့ မသင့်တော်တာကြောင့် သူတို့ကို မလုပ်အောင် ဘယ်လို တားဆီးရမယ်ဆိုတာကို ဦးဇင်း သိချင်ပါတယ်။ ခက်နေတာက သူတို့တိုက်တွေနဲ့ ကပ်လျက်နေပေမယ့် ၅ ရပ်ကွက်နဲ့ ၇ ရပ်ကွက် ဖြစ်နေတာကြောင့် စည်ပင်ကို ပြောလည်း လာလုပ်မပေးကြဘူးလို့ ပြောပါတယ်။ အခု ဦးဇင်းတို့ ဖြစ်နေတဲ့ အခက်အခဲက တိုက်ခန်းက လူတွေ အမှိုက်တွေ ပစ်မချဖို့နဲ့ စည်ပင်အနေနဲ့ တောင်လိုပုံနေတဲ့ အမှိုက်ပုံကြီးကို ရှင်းပြီး မိုးတွင်း ရေလျှံတာ မဖြစ်အောင် ရေထွက်ပေါက်ဖြစ်မယ့် ရေစီးမြောင်းလုပ်ပေး စေချင်ပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေသိအောင် မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာရေးပေးပို့တာကို ဖော်ပြပေးပါလို့ ဆိုလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။


Credit - Mizzima News

No comments:

Post a Comment