Sunday, May 10, 2015

တိုင်ဖွန်းမုန်တိုင်း ဖိလစ်ပိုင်မြောက်ပိုင်းသို့ ဝင်ရောက်ဖွယ်ရှိ၍ လူ ၁၀၀၀ကျော် ရွှေ့ပြောင်းပေးနေပြီ

တိုင်ဖွန်းမုန်တိုင်း နိုအယ် (Noul)သည် ဖိလစ်ပိုင်မြောက်ပိုင်းကို ချဉ်းကပ်လာစဉ် ရုတ်တရက်ရေကြီးပြီး မြေပြိုမှုများဖြစ်ပေါ်ကာ ဆူနာမီသဖွယ် မုန်တိုင်းလှိုင်းလုံးများလည်း တက်လာနိုင်ဖွယ်ရှိသည်ဟု အစိုးရအေဂျင်စီများက သတိပေးထားပြီး လူပေါင်း ၁၀၀၀ကျော်ကို ၎င်းတို့၏ နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။ 

အစိုးရ မိုးလေဝသစောင့်ကြည့်ရေး ဌာနခွဲအကြီးအကဲ အက်စပရန်ဖာ ကာယာနန်၏ ပြောကြားချက်အရ မုန်တိုင်း၏ ရွေ့ရှားနှုန်းမှာ အတန်ငယ်နှေးကွေးသွားခဲ့ပြီ ဖြစ်သော်လည်း လေပြင်းတိုက်နှုန်း တစ်နာရီ ၁၂၇မိုင်ဖြင့် အားကောင်းနေဆဲ ဖြစ်ပြီး စနေနေ့ နေ့လယ် (သို့မဟုတ်)ညနေတွင် ပင်မကျွန်း လူဇွန်၏ မြောက်ဖျားကို ဝင်ရောက်တိုက်ခတ်နိုင်သည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။ 

တနင်္ဂနွေနေ့ မနက်ပိုင်းတွင် မုန်တိုင်းမှာ မြောက်ပိုင်း ကာဂါယန်ပြည်နယ်၏ အရှေ့မြောက်ဘက် ၁၄၀ကီလိုမီတာအကွာတွင် တိုက်ခတ်နေပြီး ထိုနေ့နှောင်းပိုင်းတွင် ကာဂါယန်မှာ တိုင်ဖွန်း၏ အပြင်းဆုံးရိုက်ခတ်မှုကို ခံစားရဖွယ်ရှိသည်ဟုလည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။ 

သို့ရာတွင် နိုအယ်ဒဏ်ခံစားရနိုင်သည့် ဧရိယာများမှ လူပေါင်း ၁၂၀၀ကျော်ကို လက်ဦးမှုအရယူ၍ ရွှေ့ပြောင်းပြီး ဖြစ်ကြောင်းလည်း အစိုးရ သဘာဝကပ်ဘေးစောင့်ကြည့်ရေး ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ မီနာ မာရာဆီဂန်က ပြောကြားခဲ့သည်။

''မြေပြိုနိုင်တဲ့နေရာတွေလည်း ရှိတယ်။ ရုတ်တရက် ရေကြီးနိုင်တဲ့ နေရာတွေလည်း ရှိတယ်။ ၁.၅မီတာ (၅ပေ)အထိမြင့်တဲ့ မုန်တိုင်းလှိုင်းလုံးကြီးတွေ ရိုတ်ခတ်ခံရနိုင်တဲ့ ကမ်းရိုးတန်းနေရာတွေလည်း ရှိတယ်''ဟု သူမက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ အားပြင်းတိုင်ဖွန်းများက ဖြစ်ပေါ်စေသည့် ဆူနာမီသဖွယ် မုန်တိုင်းလှိုင်းလုံးများမှာ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း အဓိက စိုးရိမ်ရသည့်အရာတစ်ခုပင် ဖြစ်သည်။

၂၀၁၃ခုနှစ် နိုဝင်ဘာလ စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် ဖိလစ်ပိုင် အလယ်ပိုင်းကို မွှေ့ရမ်းတိုက်ခတ်သွားစဉ်က မုန်တိုင်းလှိုင်းလုံးများမှာ အဓိက လူသတ်သမားများပင်ဖြစ်ပြီး အသေအပျောက်နှုန်း ၇၅၃၀ဦးအထိ ရှိခဲ့သည်။

Ref: AFP


Credit - Mizzima News

No comments:

Post a Comment