Saturday, May 16, 2015

ဖမ်းဆီးခံ လက်ပံတန်း ကျောင်းသားများ အမှုစစ်ဆေးခြင်းအား ပြည်ပ သံရုံးများမှ တာဝန်ရှိသူများ လာရောက်လေ့လာ

 ရန်ကုန်၊ မေ ၁၂

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်တိုက်ပွဲ ဆင်နွှဲမှုဖြင့် အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် ကျောင်းသား ကျောင်းသူ များကို မေလ ၁၂ ရက်နေ့က သာယာဝတီမြို့နယ် တရားရုံးတွင် ဒုတိယ အကြိမ်မြောက် ရုံးထုတ် စစ်ဆေးရာ ဥရောပသမဂ္ဂနှင့် ဂျာမနီ၊ အမေရိကန်နှင့် ပြင်သစ်သံရုံးများမှ တာဝန် ရှိသူများ လာရောက် လေ့ လာ စောင့်ကြည့်ခဲ့ကြကြောင်း တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မေလ ၁၃ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် လက်ပံတန်း သပိတ်စခန်းမှ ရန်ကုန်မြို့သို့ ချီတက်ရန် ကြိုးပမ်းရာမှ အကြမ်းဖက် ဖမ်းဆီးခံရ သည့် ကျောင်းသား ကျောင်းသူများအား တရားစီရင်မှုသည် လွပ်လပ်စွာ တရားစီရင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ ဂျာမနီ၊ အမေရိကန်၊ ပြင်သစ်နှင့် ဥရောပသမဂ္ဂမှ တာဝန်ရှိသူများက တရားရုံးအတွင်း ၀င်ရောက်လေ့လာ စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။

““အမေရိကန်သံရုံးက သံမှူးတွေ၊ ပြင်သစ်၊ အီးယူက တာဝန်ရှိသူတွေလာတယ်။ အမှုဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး လွပ်လပ်စွာ တရားစီရင်မှု ဟုတ်၊ မဟုတ်ကို လာရောက် လေ့လာတယ်။ တရားခွင်မှာဝင်ပြီးတော့ နားထောင်ခွင့်ပေးတယ်။ သူတို့စကားပြန်နဲ့ သူတို့ ကျေလည်စွာ နားထောင်ခွင့်ပေးတယ်””ဟု ဦးရောဘတ် စန်းအောင်က ပြောသည်။

ဖမ်းဆီးခံ ကျောင်းသားများကို ၇ ကြိမ်မြောက် ရုံးထုတ်ခြင်းဖြစ်သည့် ယခုရုံးချိန်းတွင် တရားလိုဖြစ်သူ လက်ပံတန်းမြို့နယ် ရဲမှူးဖုန်းမြင့်အား စတင်စစ်ဆေးရာတွင် ကျောင်းသားသပိတ် စစ်ကြောင်းများ ချီတက် ချိန်တွင် အာဏာရှင် မျက်နှာဖုံးကို ခွာချနိုင်ခြင်း၊ ဘီလူးခေါင်းပေါ်လာပြီ စသည့် ဟောပြောချက်များမှာ ပုဒ်မ ၅၀၅(ခ) နှင့် ငြိစွန်းကြောင်း၊ သပိတ်မှောက် ကျောင်းသားအချို့ လက်ပံတန်း မြို့မဈေးတွင် ဆန္ဒထုတ် ဖော်မှုများ၊ ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်များကို ထည့်သွင်း ထွက်ဆိုခဲ့သည်။

တရားရုံးချိန်းသို့ လာရောက်သော သံအမတ်များနှင့် တွေ့ဆုံကာ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသား လွှတ်တော်တွင် မေလ ၁၂ ရက်က ဆွေးနွေးနေခြင်းကို ရည်ညွှန်းပြီး ကျောင်းသားများ၏ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက်သည် မှန်ကန်ပြီး အောင်မြင်မှုရရှိခဲ့သည့် လုပ်ဆောင်ချက် ဖြစ်သဖြင့် ကျောင်း သားများအား လွှတ်ပေးသင့်ကြောင်း ပြောဆိုခဲ့သည်ဟု ကျောင်းသားများ ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးလျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးဌေးက ““ကျောင်းသားတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တာလည်း မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ကြတာပါ။ ပြင်ဆင်တာ ဘယ်လောက် မှန်ကန်သလဲဆိုရင် အမျိုးသားလွှတ်တော်ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် တွေနဲ့ ပို့ထားတာ ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတာ အငြင်းမပွားတော့ဘူး။ နိုင်ငံတော်၊ လွှတ်တော်ကိုယ်တိုင်က လက်ခံပြီး ဆောင်ရွက်နေ တာ ဖြစ်တဲ့အတွက် ကျောင်းသားတွေ ဆောင်ရွက်ချက်က မှန်ကန်တယ်လို့ ပြောချင်တယ်။ ပြင်ဆင်ဖို့မလိုရင် လွှတ်တော်က ပြင်ဆင်ပေးစရာမှ မရှိတာ။ ကျောင်းသားတွေကို အရေးယူ မယ့်အစား အမြန်ဆုံးခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်း ဆိုပါတယ်လို့ ပြောခဲ့တယ်””ဟု ပြောသည်။

မေလ ၁၂ ရက်နေ့က သာယာဝတီမြို့နယ် တရားရုံး၌ တရားစွဲဆိုခံထားသူများထဲမှ ကျောင်းသား ၁၃ ဦး အာမခံ လျှောက်ထားခဲ့သေးရာ အသက်မပြည့်သေးသည့် ၉ တန်းကျောင်းသား မောင်အောင်မင်းခိုင် (၁၆)နှစ် တစ်ယောက်သာ အာမခံရရှိခဲ့သည်။ မောင်အောင်မင်းခိုင်ကို ပုဒ်မ ၅၀၅ (ခ) ၁၄၃၊ ၁၄၇၊ ၁၄၅၊ ၃၃၂ တို့နှင့် တရားစွဲဆိုထားကာ ပုဒ်မ ၅၀၅ (ခ)မှာ အာမခံပေး၍ မရသော်လည်း အသက်မပြည့်သောကြောင့် ကလေးသူငယ် တရားရုံး၌ စစ်ဆေးမည်ဖြစ်ပြီး အာမခံကို တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးနှင့် တရား လွှတ်တော်ရှေ့နေ ဦးအောင်သိန်းတို့က အာမခံပေးခဲ့ခြင်းဖြစ်သည်။

မောင်အောင်မင်းခိုင် အာမခံပေးရခြင်းနှင့် ပတ်သက်၍ ““ဖမ်းဆီးခံထားရတုန်းက အဘိုးကလည်း မသိဘူး။ သူကအသက်လည်း မပြည့်သေးဘူး။ ရဲတွေက ပြီးစလွယ် အသက်တွေ မစစ်ဆေးဘဲ ကလေးတွေကို အသက် ၁၈ နှစ် ဆိုပြီး မှားယွင်းပြီး တရားစွဲတာပါ။ ပြည်မြို့က ကလေးတစ်ယောက်ကိုလည်း အသက်မပြည့်ဘဲ အသက် ပြည့်တယ်ဆိုပြီး မစစ်ဆေးဘဲ ဖမ်းထားတယ်။ ဒီလိုလုပ်တာက ကလေးသူငယ် လူ့အခွင့်အရေးတွေ ဆုံးရှုံး ကုန်တယ်။ တရားရုံးကို တင်ပြတဲ့ အခါမှာလည်း တရားရုံးက အဲဒီကိစ္စကို ဆောင်ရွက်ဖို့ ချက်ချင်းမဆုံးဖြတ် ဘူး။ တရားရုံးကလည်း ရဲကရေးတဲ့စက္ကူစာ (အမှုတွဲဖိုင်)ကို စစ်ရမယ်။ ရဲဆိုတာက သူ့အလုပ် ပြီးအောင်ပဲ လုပ်တတ်တယ်။ ကလေးတွေ အခွင့်အရေး ဆုံးရှုံးတာ မိဘတွေအတွက် ဆုံးရှုံးတဲ့ အနေအထားတွေပါ။ ရဲတွေကအမှုကို ပြီးစလွယ် တည်ဆောက်နေကြတယ်။ မြို့နယ်ဥပဒေအရာရှိ တွေကလည်း သေချာမစစ်တဲ့ အတွက် သူတို့မှာ တာဝန်ရှိတယ်။ မြို့နယ် ဥပဒေအရာရှိကလည်း ရဲစက္ကူမှာ ဒီလိုရေးထားပါတယ်လို့ ပြောတာ ဥပဒေအရ လျော်ကန်မှု မရှိဘူး။ အမှန်တရားကို ဖော်ဆောင်ဖို့က အခက်အခဲတွေ ရှိပါတယ်။ ကလေးသူငယ် အဖြစ် ပြောင်းလဲတဲ့ မနေ့က ရက်ပေါင်း ၂ လ ၃ ရက်အတွင်း လူကြီးအဖြစ် အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံရ တာက မတရား ဖမ်းဆီး ချုပ်နှောင်ခံထားရတာ ဖြစ်တယ်”” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။

သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment