Tuesday, May 12, 2015

အစိုးရတပ်မတော် နှင့် ကေအိုင်အေ ခုနှစ်ရက်မြောက် တိုက်ပွဲပြင်းထန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မန်စီမြို့နယ်တွင် အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ခုနှစ်ရက်မြောက် တိုက်ပွဲ ဖြစ်ပွားနေပြီး အစိုးရဘက်မှ အင်အား ပိုမိုတိုးချဲ့လာမှုများ ရှိနေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်မည့် အခြေအနေတွင် ရှိနေသည်ဟု KIA က ပြောသည်။

KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ မန်စီမြို့နယ် နမ်လင်းပါကျေးရွာအနီး မေလ ၆ ရက်မှ မလ ၁၂ ရက်ထိ ခုနှစ်ရက်မြောက် တိုက်ပွဲတွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ရှိနေဆဲ ဖြစ်သည်ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“ဒီမနက် ၆ ကျော် ၇ နာရီလောက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေကြတယ်။ လက်နက်ငယ်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာတော့ မရှိဘူး။ ဒီမနက်ပိုင်း လေယာဉ် ၄ စီးတော့ ဖြတ်သွားတယ်။ ဒါပေမဲ့ ပစ်ခတ်တာတော့ မရှိဘူး။ အစိုးရ စစ်တပ်က မဆုတ်ရင်တော့ တိုက်ပွဲက ပြင်းထန်လာမယ့် အနေအထားရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဒေသအတွင်း မူလက အစိုးရ စစ်အင်အား ၂၀၀ ဝန်းကျင်ရှိရာမှ ယခု တပ်ရင်း ၉ ရင်း စစ်အင်အား ၅၀၀ ခန့် ဖြည့်တင်းထားသည်ဟု သူက ပြောသည်။

KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က အစိုးရ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ထံတို့ မေလ ၆ ရက်ကတည်းက စာဖြင့် အကြောင်းကြားခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ လောက်ကိုင်ဒေသ ကုန်ကြမ်းဒေသတွင်လည်း မေလ ၁၂ ရက် နံနက် ၅ နာရီမှ မွန်းလွဲပိုင်းထိ တအာင်းတပ်မတော် (TNLA) ၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် ရခိုင်တပ်မတော် (AA) ပူးပေါင်းတပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။ အစိုးရ တပ်မတော်မှ အမြှောက်၊ သံချပ်ကာကားများဖြင့် တပ်ပေါင်းစုများ တပ်စွဲထားသော တောင်ကုန်းအား အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။


Credit - Mizzima News

No comments:

Post a Comment