Written by
စည်သူအောင်မြင့်
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ က ရန်ကုန် အင်းယားလိတ်ဟိုတယ်မှာ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ စုစုပေါင်း လူ ၁၅၀ ကျော် ပါဝင်တဲ့ အစည်းအဝေးပွဲကြီး တစ်ခု ကျင်းပခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာဆွေးနွေးပွဲ” လို့ ခေါင်းစဉ် တပ်ထားတဲ့ အဲဒီ ဆွေးနွေးပွဲအပြီး အချက် (၆) ချက်ပါ ကြေညာချက် တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တချို့ အဖွဲ့အစည်းတွေကတော့ ကြေညာချက် ထုတ်ပြန်တဲ့အထဲ မပါဝင်ပါဘူး။ အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၀ ဒေသ ပန်ဆန်းမှာ လက်နက်ကိုင် တိုင်းရင်းသား (၁၂) ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးပွဲကြီး တစ်ရပ် ကျင်းပခဲ့ပြီး အချက်(၁၂) ချက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
အစည်းအဝေး နှစ်ခုစလုံးဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတာချည်းပါ။ အဲဒီ အစည်းအဝေး နှစ်ခုရဲ့ သဘောထားတွေ၊ ထုတ်ပြန်ကြေညာချက်တွေ တူညီကြပါသလား။ ဘာတွေ ကွဲလွဲနေကြပါသလဲ၊ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက် နှစ်ခုစလုံးမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဆိုတာတွေကတော့ တူညီကြပါတယ်။ တစ်တိုင်းပြည်လုံးကို အပစ်အခတ် ရပ်စဲရေး လုပ်ကြမယ်၊ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပကြမယ် ဆိုတာကလည်း သဘောထား တူကြပါတယ်။
ပထမဦးဆုံး မတူညီချက်ကတော့ ဘယ်အချိန် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးကြမလဲ ဆိုတာပါ။ ရန်ကုန်မှာ လုပ်တဲ့ အစည်းအဝေး ထုတ်ပြန်ချက်မှာတော့ NCA ကို လာမယ့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ရေးထိုးချင်တယ်လို့ ဆိုပါတယ်။ ဒါမှ ရွေးကောက်ပွဲ မတိုင်ခင်၊ လက်ရှိ အစိုးရလက်ထက်ကနေ အစပြုပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်မှာလို့ ဆိုပါတယ်။ ဒါပေမယ့် ပန်ဆန်း အစည်းအဝေးတက်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကတော့ NCA လက်မှတ်ရေးထိုးဖို့ အခုလို အချိန်ဇယား ချမှတ်ထားတာ မရှိပါဘူး။ လက်ရှိ အစိုးရတပ်မတော်က ကိုးကန့်၊ ကချင်၊ တအာင်း၊ ရခိုင်ဒေသတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ အရင်ရပ်ဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် NCA လက်မှတ်ရေးထိုးတဲ့အခါ အပစ်ရပ်ထားပြီးသား အဖွဲ့တွေရော၊ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေကိုပါ ပါဝင်လက်မှတ်ရေးထိုးစေဖို့ ဆန္ဒရှိတယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ရန်ကုန် အင်းလျားလိတ် အစည်းအဝေးအပြီး သတင်းထောက်တွေက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းကို မေးမြန်းရာမှာ NCA ကို ထိုးရင် လက်ရှိစကားပြောနေတဲ့ NCCT ၁၆ ဖွဲ့နဲ့ပဲ ထိုးမယ်၊ ကိုးကန့်၊ AA၊ တအာင်း လို အဖွဲ့မျိုးကိုတော့ နောက်တစ်ဆင့်မှ စဉ်းစားမယ် ဆိုပြီး ပြောခဲ့သလို၊ ကိုးကန့်တို့ ရခိုင်တို့မှာ တိုက်ပွဲတွေ ရပ်စေချင်ရင် ကိုးကန့်တပ်ဖွဲ့နဲ့ ရခိုင်တပ်ဖွဲ့တွေက စထားတဲ့ တိုက်ပွဲမို့ သူတို့က အရင် အပစ်ရပ်၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးလိုကြောင်း အစိုးရကို တောင်းဆိုရမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ၀န်ကြီး ဦးအောင်မင်း ပြောစကား ပန်ဆန်း အစည်းအဝေး ထုတ်ပြန်ချက်နဲ့ ကွာခြားနေတာ တွေ့နိုင်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ မတူညီမှု တစ်ခုကတော့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းဖို့ ထုတ်ပြန်ချက်ပါ။ ပန်ဆန်း အစည်းအဝေးပွဲ ထုတ်ပြန်ချက် နံပါတ် ၅ မှာ “ အနာဂတ်တွင် ငြိမ်းချမ်း တည်ငြိမ်တိုးတက်သော နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ရန် အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ပြောင်းလဲပြီး ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အ၀ ရှိသော ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်သွားရန် တညီတညွတ်တည်း တောင်းဆိုသည်” ဆိုပြီး ဖော်ပြထားပါတယ်။
ရန်ကုန်၊ အင်းယားလိတ် ထုတ်ပြန်ချက် နံပါတ် ၄ မှာတော့ “လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး၊ ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ဆောင်နိုင်မည်ကို ဤဆွေးနွေးပွဲ တက်ရောက်လာသူများက သဘောတူကြပါသည်” ဆိုပြီး စကားလုံး လှလှလေးတွေနဲ့ ဖော်ပြထားပါတယ်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စု ပြောပေမယ့် ဖွဲ့စည်းပုံ ပြင်ရေးကိုတော့ လုံးဝ ပြောမထားပါဘူး။ ဒီအချက်ဟာ ပန်ဆန်း ထုတ်ပြန်ချက်နဲ့ အတော်ခြားနားပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ရန်ကုန် အင်းယားလိတ် ဟိုတယ် ထုတ်ပြန်ချက်ဟာ NCA ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ တစ်ခုပဲ ရည်ရွယ်တာ တွေ့ရပါတယ်။ ပန်ဆန်း ထုတ်ပြန်ကြေညာချက်မှာတော့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး၊ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဆက်စပ်နေတဲ့ လက်ရှိတိုက်ပွဲတွေ ပြဿနာ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြဿနာ၊ အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးပြီဆိုရင် တိုက်ခိုက်နေသူ အားလုံး ပါဝင်ဖို့ ပြဿနာတွေကို ထည့်သွင်းထားတာ တွေ့ရပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်မှု တည်ဆောက်ရေး ဆိုတာဟာ NCA လက်မှတ်ရေးထိုးနိုင်ရေး တစ်ခုတည်းနဲ့ မပြီးပါဘူး။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကိစ္စ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို ကိစ္စမျိုးတွေနဲ့ ဆက်စပ် စဉ်းစား၊ အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ပါမှသာ NCA ထိုးနိုင်ရေးရော၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာပါ အောင်မြင်မှု ရလဒ် ပေါ်ပေါက်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Credit - Mizzima News
No comments:
Post a Comment