Wednesday, May 13, 2015

မန္တလေး လမ်းသွယ်များရှိ သစ်သားဓါတ်တိုင်များကို ကွန်ကရစ်တိုင်များ လဲလှယ်တပ်ဆင်မည်

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးမြို့ရှိ လမ်းသွယ်များတွင် လျှပ်စစ်ကြိုးများရှုပ်ထွေးစွာ သွယ်တန်းထားသော သစ်သားဓါတ်တိုင်များ နေရာတွင် ကွန်ကရစ်တိုင်များဖြင့် အစားထိုး၍ လဲလှယ်တပ်ဆင်ပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။

ယင်းသို့ ဓါတ်ကြိုးများ ရှုပ်ထွေးစွာ သွယ်တန်းထားသောကြောင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် အစားထိုး လဲလှယ်တပ်ဆင်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

"ဒါတွေကို အခုရှင်းခိုင်းပြီး တိုင်လဲ၊ ကြိုးပြန်သွယ် လုပ်ပေးနေတယ်။ သင်ပန်းကုန်းရပ်ကွက် အပါအဝင် နှစ်ရပ်ကွက်တော့ လုပ်ပေးပြီးပြီ။ အကုန်တော့ လုပ်မပေးနိုင်သေးဘူး" ဟု ဦးကျော်မြင့်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဦးကျော်မြင့်က ပုဂ္ဂလိက မီးပေးသည့် ကုမ္မဏီများနှင့် တိုင်းလျှပ်စစ်
ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများကို မေလ ၁၀ ရက်က တိုင်းလျှပ်စစ်ရုံးတွင် ခေါ်ယူတွေ့ဆုံ ပြောကြားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

ဦးကျော်မြင့်က "ရပ်ကွက်ကတော့ စိုက်ချင်တဲ့ တိုင်အရေအတွက်ကို တင်ပြရမယ်။ တိုင်ဖိုးကိုတော့ မီအသုံးပြုတဲ့ သူတွေက အချိုးညီ ထည့်ဝင်ပေါ့။ ကျန်တဲ့ ကိစ္စကတော့ ကုမ္ပဏီက ဆောင်ရွက်ပေးမှာပါ။ ကြိုးတို့၊ တန်းတို့၊ ကြွေသီးတို့ကို ကုမ္ပဏီက လုပ်ပေးသွားမှာပါ။ လုပ်ပေးနိုင်တယ်လို့လည်းပြောပါ။ ကျွန်တော်တို့ ဝန်ကြီးဌာနကလည်း လိုအပ်တာလေးတွေ ကူညီပေးသွားဖို့ရှိပါတယ်။"ဟု ပြောသည်။

အဆိုပါလမ်းသွယ်များရှိ သစ်သားတိုင်များနှင့်ရှုပ်ထွေးစွာ သွယ်တန်းထားသောမီးကြိုးများရှင်းလင်းရန်အတွက် မန္တလေး လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်နေပြီး အသစ်လဲလှယ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

မန္တလေး လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ  ဒုတိယ အင်ဂျင်နီယာချုပ်က "နေရာတွေက များတယ်။ အားလုံးကို အကုန်လုပ်ပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ ဖြေးဖြေးချင်း လုပ်ပေးသွားမှာပါ။ ကွင်းဆင်းကြည့်ရှုပြီး ချက်ခြင်းလုပ်လို့ အဆင်ပြေတဲ့
နေရာတွေကတော့ လုပ်ပေးသွားဖို့ရှိတယ်" ဟု ပြောသည်။

မန္တလေးမြို့ရှိ လမ်းသွယ်အများစုတွင် လျှပ်စစ်သွယ်တန်းရာ၌ အသားတိုင်များဖြင့်လျှပ်စစ်ကြိုးများရှုပ်ထွေးနေပြီး တချို့ရပ်ကွက်များတွင် လူတစ်ရပ်အမြင့်သာ ရှိနေသောကြောင့် လျှပ်စစ်အန္တရာယ်လည်း စိုးရိမ်နေရသည်ဟု မန္တလေးမြို့ခံ တချို့က ဆိုသည်။

အောင်မြေသာစံမြို့နယ် ဋ္ဌာနီနောက်ရပ်ကွက်တွင် နေထိုင်သူ ဦးအေးမောင်က "အစအဆုံး ကူညီပေးရင်တော့ ကောင်းတယ်။ တချို့ရပ်ကွက်တွေဆိုရင် လူတစ်ရပ်သာသာပဲ ရှိတယ်။ ဒီလိုနေရာတွေကို အရင်ရှင်း ပေးစေချင်တယ်။ အိမ်တိုင်း မီတာရှိနေတော့ ကြိုးတွေက များလာတယ်။ တိုင်တွေကလည်း ဖြစ်သလို ကိုယ်ထူကိုယ်ထ လုပ်ထားတာဆိုတော စနစ်မကျဘူး။ အမြန်ဆုံးလုပ်လေ ကောင်းလေပဲ" ဟု ပြောသည်။


Credit - Mizzima News

No comments:

Post a Comment