Tuesday, May 12, 2015

သင်ခန်းစာယူစရာ ရွေးကောက်ပွဲ အတွေ့အကြုံ – မြတ်ဆွေ

 ဒေးဒရဲမြို့အနီး မဲရုံတစ်ရုံတွင် ဖဆပလဘက်က ကာကွယ်ရေးတစ်ဦးသည် စတင်းဂန်းကိုင်ကာ မဲရုံရှေ့ ရောက်လာသည် … ပမညတ အမတ်လောင်း ကိုယ်စားလှယ် မိမိသူငယ်ချင်း ကိုစောလွင်က မဲရုံမှူးကို မဲရုံအနီး လက်နက်ကိုင်ဆောင်မှုပြု၍ ကန့်ကွက်သည်… မဲရုံမှူးဆရာမကြီး အတော်စိတ်ညစ်သွားပုံကို မြင်ယောင် နေမိသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ရွေးကောက်ပွဲဟေ့” ဆိုလျှင် တရားမျှတရေးသည် အဓိကကျသည်။ ဤသည်နှင့် ပတ်သက်၍ မိမိ တွေ့ကြုံခဲ့ရသော ရွေးကောက်ပွဲ အတွေ့အကြုံအချို့ကို တင်ပြလိုက်ရပါ၏။

၁၉၅၆ ခုနှစ်ကဖြစ်သည်။ မိမိအသက် ၁၈ နှစ် ပြည့်ခါစဖြစ်၍ မဲဆန္ဒပေးခွင့် ရရှိခဲ့သည်။ ဖဆပလ အစိုးရ အင်အားကောင်းချိန်ဖြစ်၍ အနှစ် ၄၀ တည်မြဲရမည်ဟု ကြွေးကြော်နေချိန်။ တစ်ချိန်တည်းတွင် အတိုက် အခံ နိုင်ငံရေးပါတီများ စုပေါင်းထားသည့် ပမညတကလည်း ပြည်သူလူထုထောက်ခံမှု ရရှိနေသည်။ ဖဆပလ က ပြူစောထီးခေါ် ခါးပိုက်ဆောင် ကာကွယ်ရေးတပ်ကို အသုံးပြုပြီး မင်းမူနေရာ လူထု၏ ထောက်ခံမှုမရပေ။

ပြူစောထီးများသည် ကျေးရွာများ၌ နည်းအမျိုးမျိုးနှင့် အနိုင်ကျင့် နှိပ်စက်ကြရာ၊ လူထုကမကျေနပ်။ ပမညတက လူထုဘက်က ရပ်တည်သည်။ စာနယ်ဇင်းများကလည်း ဖဆပလကို တိုက်ခိုက်သည်။ ဤတွင် ပမညတ အင်အားကောင်းလာခြင်း ဖြစ်သည်။

၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတွင် ဖဆပလနှင့် အဓိကပြိုင်ဘက်မှာ ပမညတဖြစ်သည်။ တစ်သီးပုဂ္ဂလ အနည်းငယ်သာ ရှိသည်။ ဒေးဒရဲတွင် အရွေးခံသူ ဖဆပလ ကိုယ်စားလှယ်က ဆန်စက်ပိုင်ရှင် တစ်ဦး ဖြစ်သည်။ ချမ်းသာသည်။ နယ်ခံ ဖဆပလများက အားကိုးရသည်။ ပမညတ ကိုယ်စားလှယ်က ကျောင်းသား ခေါင်းဆောင် ဦးခင်မောင်မြင့်ဖြစ်၍ ကျူရှင်ဆရာလည်း ဖြစ်သည်။ အဆိုတော် ကိုသန်းလှိုင်၏ အစ်ကို ဖြစ်သည်။ ဦးခင်မောင်မြင့် အနုပညာဂီတတို့နှင့် ဘာမှမပတ်သက်ဟု မိမိတို့ သိထားသော်လည်း ထောင်ထဲ၌ အတူနေခဲ့သော ဆရာဦးဝင်းတင်က သီချင်းဆိုလည်း ကောင်းတယ်ဗျ”ဟု မကွယ်လွန်မီက ပြောကြားခဲ့ သည်။(ဦးခင်မောင်မြင့်သည် န၀တ လက်ထက် နှစ်ရှည်ထောင်ကျပြီး ကွယ်လွန်သွားသည်။)

ကျွန်တော် ၁၀ တန်းဖြေပြီးချိန်ဖြစ်၍ ပမညတကို လိုလားနှစ်သက်စွာ ကူညီနေသည်။ တက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုဘဆွေလေး၏ ပိုစတာလက်ရေးနှင့် တူအောင်ရေးတတ်သဖြင့် ပမညတပိုစတာများကို ရေးပေး ရသည်။

တကယ် ရွေးကောက်ပွဲ ကျင်းပသောနေ့တွင် ကျောင်းဆရာ၊ ဆရာမများက မဲရုံမှူးများဖြစ်၍ သူငယ်ချင်း အတော်များများက မဲရုံကိုယ်စားလှယ်များ ဖြစ်နေကြသည်။ အများအားဖြင့် လူငယ်များသည် ပမညတ အမတ်လောင်း ကိုယ်စားလှယ်အဖြစ် လိုလားစွာ ပါဝင်ကြသည်။ ထိုအချိန်တွင် ကျေးရွာအနှံ့လိုလို၌ လက်နက်ကိုင် ကာကွယ်ရေးများက ဖဆပလဘက်က မဲဆွယ်နေကြသည်။

မိမိတို့ဒေးဒရဲမြို့အနီး မဲရုံတစ်ရုံတွင် ဖဆပလဘက်က ကာကွယ်ရေးတစ်ဦးသည် စတင်းဂန်းကိုင်ကာ မဲရုံရှေ့ ရောက်လာသည်။ ပမညတ အမတ်လောင်းကိုယ်စားလှယ် မိမိသူငယ်ချင်း ကိုစောလွင်က မဲရုံမှူးကို မဲရုံအနီး လက်နက်ကိုင်ဆောင်မှုပြု၍ ကန့်ကွက်သည်။ မဲရုံမှူးဆရာမကြီး အတော် စိတ်ညစ်သွားပုံကို မြင်ယောင်နေ မိသည်။

ထိုရွေးကောက်ပွဲတွင် ဖဆပလ၊ ပမညတအပြင် တစ်သီးပုဂ္ဂလအဖြစ် သခင်ချစ်က၀င်သည်။ သခင်ချစ်သည် ဗိုလ်ချုပ်အောင်ဆန်းတို့ လန်ဒန်သွားပြီး လွတ်လပ်ရေး အရေးဆိုစဉ်က ပါဝင်ခဲ့သော ခေါင်းဆောင်တစ်ဦး ဖြစ်၏။ မဲရေတွက်သောအခါ ဖဆပလ အမတ်လောင်းက ပမညတအမတ်လောင်းကို မဲ ၄၀၀ ခန့်ဖြင့် ကပ်နိုင် သွားသည်။ တစ်သီးပုဂ္ဂလက မဲ ၁၀၀၀ ခန့်သာ ရလေသည်။ ဤတွင် တစ်သီးပုဂ္ဂလကို ဖျက်မြင်းပဲဟုဆိုကာ လူငယ်အများစု မကျေမနပ် ဖြစ်ကုန်သည်။ အတော်ထိန်းယူကြရသည်ကို တွေ့ရသည်။

ကျွန်တော်ကတော့ သတင်းထောက် တစ်ဦးအဖြစ် သတင်းတစ်ပုဒ် ရေးနိုင်ခဲ့လေသည်။

နိုင်ငံတစ်ဝန်းမှာတော့ ပမညတတို့ အင်အားများစွာ ရရှိခဲ့သော်လည်း ဖဆပလကို ရှုံးနိမ့်ခဲ့ရ လေသည်။ ထို့နောက်မှာတော့ ဖဆပလတို့ ညီညွတ်မှု ပြိုကွဲလာသည်။ နု-တင်၊ ဆွေ-ငြိမ်းကွဲ၍ သန်းရှင်း-တည်မြဲ အဖွဲ့ဟူ၍ ဖြစ်လာသည်။ သန့်ရှင်း ဖဆပလကို ဦးဆောင်သော ၀န်ကြီးချုပ်ဦးနုသည် အခြေအနေ အရပ်ရပ်ကို အကြောင်းပြကာ နိုင်ငံ့အာဏာကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းလက်သို့ လွှဲပြောင်းပေးလိုက်ရ သည်။ ၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်စောင့်အစိုးရဖွဲ့ပြီး နိုင်ငံကို ထိန်းသိမ်းလိုက်သည်။ အာဏာ ၃ ရပ်ကို ပြုပြင်ပြီး ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာသည်။ အိမ်စောင့်အစိုးရသည် ကတိအတိုင်း တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲများ ကျင်းပပေးသည်။ ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်နေ့၌ဖြစ်၏။ သန့်ရှင်း၊ တည်မြဲနှင့် ပမညတတို့ အဓိကပါဝင် ယှဉ်ပြိုင်ကြသည်။

ဒေးဒရဲမြို့နယ်တွင် သန့်ရှင်းဖဆပလ အဖွဲ့က သခင်ချစ်ဝင်ပြိုင်၍ တည်မြဲဖဆပလ က ဦးကျော်တင့်ဖြစ်သည်။ ပမညတကတော့ သခင်မြသွင်ဖြစ်လေသည်။ သခင်မြသွင်သည် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း စသူတို့နှင့် အတူလက်တွဲခဲ့သောနိုင်ငံရေးသမားဟောင်းကြီး ဖြစ်သည်။ နေစရာအိမ်ပင်မရှိ။ ဆင်းရဲသည်၊ ရိုးသားမှုရှိသည်။ လူငယ်များကသူ့ကို ကရုဏာသက်စွာဖြင့် ၀ိုင်းဝန်းကူညီကြသည်။

ထိုအချိန်တွင် လက်နက်ကိုင် ကာကွယ်ရေးများ၊ မဲလိမ်မဲခိုးမှုများ မရှိတော့ဘဲ အေးချမ်းစွာပါဝင် ယှဉ်ပြိုင်နိုင်ကြသည်။သို့သော် ထိုအချိန်က ဦးနုသည် နိုင်ငံတော် ဘာသာအဖြစ် ဗုဒ္ဓဘာသာကို ပြဋ္ဌာန်းပေးသည်ဟု ကြွေးကြော်ခဲ့ရာ ဘုန်းကြီးများကအစ သန့်ရှင်းမှသန့်ရှင်း။

ဗုဒ္ဓဘာသာဝင် ကျေးလက်ပြည်သူများကအစ သန့်ရှင်းကို မဲပေးကြလေသည်။ သည်အခါမှာတော့ သန့်ရှင်း ဖဆပလမှ သခင်ချစ်သည် လွတ်လွတ်ကျွတ်ကျွတ် မဲအနိုင်ရရှိ သွားလေတော့သည်။ ရွေးကောက်ပွဲ အပြောင်းအလဲတို့ကား အံ့သြစရာကောင်းလှသည်။ ပမညတသည် ၁၉၅၆ ခုနှစ်ကလောက် အောင်မြင်မှု မရတော့။

တစ်နိုင်ငံလုံး ခြုံငုံကြည့်လျှင် မဲဆန္ဒရှင်ပေါင်း ၉၉၂၅၂၁၆ ဦး မဲပေးကြရာ ၅၉ ရာခိုင်နှုန်း မဲပေးကြခြင်းဖြစ်သည်။ ၅၂ ရာခိုင်နှုန်းက သန့်ရှင်းဖဆပလကို မဲပေးကြသည်။ ၃၁ ရာခိုင်နှုန်းက တည်မြဲဖဆပလကို မဲပေးကြပြီး ၅ ရာခိုင်နှုန်းသာ ပမညတကို ပေးကြလေသည်။

ဤတွင် သင်ခန်းစာယူကြရဖို့ရှိသည်မှာ ရွေးကောက်ပွဲဟူသည် လူထုဆန္ဒကို တောင်းခံခြင်းဖြစ်ရာ လူထုက နှစ်သက်လိုလားသူသာ မဲဆန္ဒရရှိမည်ဖြစ်သည်။ သြဇာအာဏာပါဝါ မသုံးဘဲ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးသည် လွန်စွာ အရေးပါ အဓိကကျလေသည်။

တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မှသာလျှင် ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်နိုင်မည်ဖြစ်ရာ တစ်ခေတ် တစ်ခါက ရွေးကောက်ပွဲများကိုအကဲဖြတ် လေ့လာနိုင်ကြရန် တင်ပြလိုက်ရပါသည်။ ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment