တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းကို ဧပြီလလယ်တွင် တိုင်းရင်းသား လက်နက်ကိုင် များနှင့် အစိုးရ ကိုယ်စားလှယ်တို့ သဘောတူ လက်မှတ်ထိုးပြီးနောက် ငြိမ်းချမ်းရေး ရောင်ခြည်သမ်းလာပြီဟု တစ်နည်း၊ ငြိမ်းချမ်းရေး အလင်းတန်း ပေါ်ထွက်လာပြီဟု တစ်ဖုံ အနည်းနည်း အဖုံဖုံ ထောပနာပြုကြသည်။
သို့သော် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း လက်မှတ်ထိုးအပြီး မရှေးမနှောင်းပင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက အဆိုပါ လက်မှတ်ရေးထိုးမှုသည် မူကြမ်းသာ ဖြစ်ပြီး အချောသတ်စာချုပ် မဟုတ်ကြောင်း သတိပေးလာကြသည်။ အဆိုပါ စာချုပ်ကို လက်မှတ်ထိုးခြင်းသည် တိုက်ပွဲများ လုံးဝရပ်တန့်ပါမည်ဟူသည့် အဓိပ္ပာယ် မဆောင်ကြောင်းလည်း ထုတ်ဖေါ်ပြောဆိုလာကြပြန်သည်။
ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တို့နှင့် အစိုးရ ကိုယ်စားလှယ်တို့၏ ခြောက်ရက်ကြာ ဧပြီလ ဆွေးနွေးပွဲ စားပွဲပေါ်မှပင် တိုက်ပွဲဝင် သေနတ်သံများ ကြားနေခဲ့ကြရသည်။ သေနတ်သံတို့သည် နေရာဒေသတစ်ခုတည်းမှ ပေါ်ထွက်လာခြင်းမဟုတ်ဘဲ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်တို့၏ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ဆွေးနွေးပွဲ ကျင်းပခဲ့သော်လည်း ထိုဆွေးနွေးပွဲသည် တိုက်ပွဲများ ရပ်တန့်ရန် မစွမ်းဆောင်နိုင်ခဲ့ပါ။ စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် ရည်ရွယ်ချက်များ ပါဝင်သည့် အချက် ၁၂ ချက်ပါ ဆွေးနွေးပွဲရလဒ်များကို ပန်ဆန်း ဆွေးနွေးပွဲက ထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲများကိုမူ ရပ်တန့်နိုင်စွမ်း မရှိသေးပါ။
ကချင်ပြည်နယ် မန်စီဒေသတွင် တိုက်ပွဲများ လေးရက်ဆက်တိုက် ဖြစ်ပေါ်လျက်ရှိပြီး တပ်မတော်သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို လေယာဉ်များ သုံးလျက် တိုက်ခိုက်နေသည်ဟု ဆိုသည်။ သို့သော် တပ်မတော်ပိုင် မြဝတီသတင်းစာကမူ အဆိုပါ ဒေသအတွင်း သစ်မှောင်ခိုများ ရှိနေခြင်းကြောင့် ဖမ်းဆီး ရှင်းလင်းခြင်းဟု ဆိုသည်။ လေယာဉ် အသုံးပြု တိုက်ခိုက်မှုနှင့် ပတ်သက်၍မူ ကင်းထောက်လေယာဉ်များ သုံးခဲ့သည်ဟု မြဝတီသတင်းစာက ဆိုသည်။
ထိုစကားနှစ်ရပ်ကို အခြေခံကြည့်သော် ကွဲပြားသည့် ပြောဆိုမှုများ တွေ့မြင်ရမည်ဖြစ်သည်။ ထိုကွဲပြားမှုကသည်ပင် မြန်မာ့ငြိမ်းချမ်းရေးကို နှာခေါင်းသွေးထွက်စေမည့် အချက်များအဖြစ် ရှုမြင်နိုင်သည်။ ထိုအချက်များကြောင့် ကချင်ပြည်နယ်မှ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့များ အခင်းဖြစ်ပွားရာ နေရာကို သွားရောက် စစ်ဆေးမည် ဆိုသည့်အချက် ထွက်ပေါ်လာခဲ့သော်လည်း ပျက်ပြယ်သွားခဲ့ရခြင်းကလည်း နှာခေါင်းသွေး ထွက်စေသည့် နောက်ထပ်အချက်တစ်ချက်ဟု ဆိုနိုင်သည်။
ဧပြီ ၉ ရက် ရန်ကုန်မြို့တွင် ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များတို့ ဆွေးနွေးမှုတွင် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ မူတူစေဖိုးက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းသည် မတည်ကြည်သည့် ကတိကဝတ်များ ဆက်လက် ပေါ်ပေါက်နေပါက စာသားသက်သက်သာ ပါရှိသည့် စာရွက်များသာ ဖြစ်လိမ့်မည်ဟု သတိပေးခဲ့သည်။
နှစ်ပေါင်း ၆၀ ကျော် မငြိမ်းနိုင်သေးသည့် စစ်မီးကို ငြှိမ်းသတ်နိုင်ကြစေရန် အမှန်တကယ် စေတနာ ရှိကြရန်နှင့် တည်ကြည်သည့် ကတိများဖြင့် နိုင်ငံအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးပါရန် နှစ်ဘက်စလုံးသို့ မဇ္ဈိမက တိုက်တွန်းပါသည်။
Credit - Mizzima News
No comments:
Post a Comment